နားနားပြီးရယ်

etoneDecember 21, 20101min750
a joke from Rangoon

မြန်မာနိုင်ငံရှိ ပုဂ္ဂလိက အရောင်း စင်တာတစ်ခုတွင် ဖြစ်သည်…။

လုံခြုံရေးဝန်ထမ်း တဦးက စတိုးဆိုင်ပိုင်ရှင် သူဌေးနှင့်အတူ ဓာတ်လှေခါးထဲတွင် မီးပျက်၍ ပိတ်မိနေ၏။

အလုပ်သိမ်းချိန် နောက်ဆုံး ပြန်သူများဖြစ်သောကြောင့် မည်သူ့ကိုမှ အကူအညီတောင်းရန် မလွယ်ကူပေ။ နောက်ရက်မှစ၍ အရောင်းစင်တာ တခုလုံး သီတင်းကျွတ် ၅ရက် ပိတ်မည် ဖြစ်သောကြောင့် နောက်နေ့များတွင်လည်း မည်သူမျှ ရှိမည် မဟုတ်။

ဓာတ်လှေခါးထဲမှ အရေးပေါ်ခလုတ်ကို နှိပ်သော်လည်း အလုပ်မလုပ်သဖြင့် စိတ်ဓာတ်ကျသွား၏။ ဤအခြေအနေတွင် အောက်စီဂျင် အခဲအခက်ကြောင့် ၂ ရက် ၃ ရက်လောက်ကြာလျှင် အသက်ပါ သေဆုံးနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

၂ ယောက်စလုံး မထင်မှတ်ဘဲ လတ်တလော ဖြစ်ပွားခဲ့သော ချီလီနိုင်ငံ မိုင်းတွင်း ပိတ်မိသော လုပ်သမားများ အဖြစ်အပျက်ကို တွေးမိပြီး မဆီမဆိုင် ပျော်ရွှင်သွားသည်။

“နောက် ၂ ၊ ၃ ရက်အကြာ ကယ်ဆယ်ရေးဝန်ထမ်းများ သူတို့ကို လာက0ယ်မည် … သူတို့ လွတ်မြောက်လာသောအခါ လူတကာက ဝိုင်းဝန်း ကြိုဆို ဂုဏ်ပြုကြမည် … အကျိုးခံစားခွင့်များ ရမည် …”

စသဖြင့် တွေးရင်း အရေးပေါ် ကယ်ဆယ်ရေးကို ဆက်သွယ်နိုင်လျှင် အဆင်ပြေပြီဟု စဉ်းစားပြီး ဆက်သွယ်ရေး အတွက် တိုင်ပင်ကြသည်။

သူဌေးက လက်ထဲရှိ GSM ဖုန်းကို ကြည့်လိုက်သည်…
Service Signal လုံးဝ မမိ။

ဟန်မပျက်ဘဲ ခါးကြားတွင် ချိတ်ထားသော ၅ သိန်းတန် ဖုန်းကို ထုတ်၍ ကြည့်လိုက်သည်..
Service Signal အပြည့်။

လုံခြုံရေးဝန်ထမ်းကို မချိပြုံး ပြုံးပြလိုက်ပြီး
မီးသတ်ကို ဖုန်းလှမ်းခေါ်သည်

“လူကြီးမင်း၏ ဖုန်းသည် သတ်မှတ်ဧရိယာကျော်လွန်နေသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်”

စိတ်ဓာတ်မကျသေးဘဲ နောက်ထပ် ကန်းရိုးတန်းဖုန်းကို ထုတ်ပြီး ခေါ်သည်…

လိုင်းဝင်သည်။ သို့သော် သူပြောတာ ကိုယ်မကြား၊ ကိုယ်ပြောတာလည်း သူကြားပုံမရ။

“မကြားရဘူး” ဟု ပြောလိုက်သော အသံတခုသာ ကောင်းကောင်း ကြားလိုက်ရပြီး ဖုန်းကျသွားသည်။

ထို့နောက် ဖုန်းလိုင်း လုံးဝ မဝင်တော့။ မက်ဆေ့ချ် ပို့ဖို့လည်း မစဉ်းစားမိလိုက်။

မျှော်လင့်ချက် မရှိသလောက် ဖြစ်နေချိန်တွင် ခေတ်မီသော လုံခြုံရေးဝန်ထမ်းက သူဌေးထံမှ iphone ကို မြင်သွားသည်။ ထို့ကြောင့် internet ကို wireless ဖြင့် ဝင်ပြီး ဆက်သွယ် အကူအညီ တောင်းကြည့်ရန် အကြံပေးသည်။

အကြံပေးသည့် အတိုင်း အိုင်ဖုန်းဖြင့် အင်တာနက် ချိတ်ကြည့်ရာ wireless မိသည်။ ၂ယောက်လုံး ပျော်သွားသည်။ နည်းပညာရဲ့ အကျိုးကျေးဇူးတွေပဲ။

xxxxxxxxx

နောက် ၃ ရက်အကြာ …

ကယ်ဆယ်ရေးအဖွဲ့များ ဓာတ်လှေခါးကို ဖွင့်ထုတ် ကယ်ဆယ်ခဲ့သော်လည်း နှစ်ဦးစလုံး အသက်ရူ ကြပ်ပြီး သေဆုံးနေကြလေပြီ။

သေဆုံးသူတို့ အနီး တဝိုက်တွင် ဟန်းဆက် ၄လုံးကို တွေ့ရသည်။
ထိုဖုန်းများထဲတွင် အိုင်ဖုန်းက Gmail Page ကို loading လုပ်နေသည်ကိုလည်း တွေ့ရှိရလေ၏။

xxxxxxxxx

နေရာတကာ ပါဝင်တတ်သော ပါလေရာကြီး ၄ဦးက သေဆုံးနှစ်ဦး၏ အသုဘတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အောက်ပါအတိုင်း လှူဒါန်း နှစ်သိမ့်ပေးခဲ့သည်။

* ဦးတေဇထံမှ ကျပ် ၁ သိန်းတန် ကျွန်းသား ခေါင်းတလား ၂ လုံး
* မြန်မာနိုင်ငံ ဘောလုံး ဥက္ကဌ ဦးဇော်ဇော်က ကျန်ရစ်သူမိသားစုအတွက် MNL ဖလား အခမဲ့ ကြည့်ခွင့် လက်မှတ်
* အယ်လ်ပိုင်းမှ ဦးစိုင်းက အသုဘသို့ လာသူများအတွက် အခမဲ့ ရေသောက်နိုင်ခွင့် လက်မှတ်များ
* နိုင်ငံတော် သမ္မတလောင်းက အုတ်ဂူတွင် အလှဆင်ရန် ဂန္ဓမာပန်း တစ်ပွင့်စီ ပေးကမ်းခဲ့ပြီး အားပေးစကား ပြောကြားရင်း မဲဆွယ် စည်းရုံးသွားကြလေတော့သတည်း။

Posted by zarny win
(ဘယ်သူ့ပို့စ်လဲတော့မသိဘူး မေးလ်ကရတာ ဖတ်မိတော့ အခါခါရယ်ရလို့ သဘောကျတာနဲ့ share လိုက်တယ် 😛 😛 :P)