ဧရာဝတီမြစ်ကမ်းနဖူးမှ ရှေးဟောင်းသမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်

manawphyulayDecember 21, 20101min722

ပြည်မြို့ဘက်ကမ်း နဝဒေးတံတားထိပ်မှ လှမ်းမျှော်ကြည့်လိုက်လျှင် ဆင်တဲဘက်ကမ်း၊ ဧရာဝတီမြစ်ကမ်းနဖူး၌ ရွှေရောင်တဝင်းဝင်းတောက်ပလျှက်ရှိသော စေတီတော်တစ်ဆူကို ဖူးမြင်ရပါသည်။ ဉာဏ်တော်အမြင့် ၁၅၆ပေရှိ ရွှေဘုံသာမုနိရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီးဖြစ်ပါ၏။
သက္ကရာဇ်(၁၂၃)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်သည် ရခိုင်ဘုရင် စန္ဒသူရီယမင်း၏ အဓိဌာန်ပြုပင့်ဆောင်ချက်အရ နောက်ပါ ရဟန္တာ(၅၀၀)ခြံရံကာ ဓညဝတီရခိုင်ပြည်သို့ ကြွချီတော်မူပြီး ကျော်တော်မြို့အရှေ့ဘက်ကမ်းရှိ သေလာဂီရိတောင်ထိပ်၌သီတင်းသုံးစံပယ်တော်မူခဲ့သည်။ စန္ဒသူရိယမင်းနှင့်တကွ မှူးကြီးမတ်ရာ သေနာပတိများ၊ ပြည်သူပြည်သားများတို့သည် မြတ်စွာဘုရားနှင့် ရဟန္တာ(၅၀၀)တို့အား ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ အမွေးနံ့သာတိုင်တို့ဖြင့် (၃)လတိုင်တိုင် မပြတ်မလပ် ပူဇော်အလုပ်အကျွေးပြုကြပြီး မြတ်ဗုဒ္ဓ၏ တရားတော်ကို နာယူကြသည်။

မုနိ (၄)ဆူ သွန်းလုပ်ခြင်း
(၃)လ ပြည့်မြောက်၍ ဓညဝတီရခိုင်ပြည်မှ ဘုရားရှင်ပြန်လည်ကြွချီတော်မူမည်ပြုသောအခါ စန္ဒသူရိယမင်း၏ လျှောက်ထားတောင်းပန်ချက်အရ ဘုရားရှင်၏ကိုယ်စားကိုးကွယ်ဆည်းကပ်နိုင်ရန်အတွက် ကိုယ်ပွားရုပ်ရှင်တော်မြတ်တစ်ဆူ သွန်းလုပ်ရန် ဘုရားရှင်က ခွင့်ပြုတော်မူခဲ့သည်။ ထို့ကြောင့် စန္ဒသူရိယမင်းသည် လူ၊ နတ်၊ ဗြဟ္မာတို့ ထံမှ စုဆောင်းရရှိသော ရတနာ (၆၅)တင်းကို ကျိုချက်၍ ဘုရားရှင်၏ ရင်ငွေ့တော်ကို လှုံပြီးဉာဏ်တော်အမြင့် (၉)ပေ(၆)လက်မရှိသော မဟာမုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ရာမှ ပိုလျှံသောရတနာများဖြင့် ဉာဏ်တော်အမြင့် (၆)ပေ(၈)လက်မရှိသော ရှင်ကျော်မုနိ၊ ဉာဏ်တော်အမြင့် (၅)ပေ (၄)လက်မ ရှိသော ရွှေဘုံသာမုနိ၊ ဉာဏ်တော်အမြင့် (၃)ပေ(၉)လက်မရှိသော မာန်အောင်မြင်မုနိစသည့် ညီတော်ကိုယ်ပွားရုပ်ပွားတော်မြတ်(၃)ဆူအား ထပ်မံသွန်းလုပ်ခဲ့သည်။

မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်နှင့် ညီတော်ကိုယ်ပွားရုပ်ပွားတော်မြတ် (၂)ဆူအား ပင့်ဆောင်ခြင်း
ကောဇာသက္ကရာဇ်(၁၁၄၆)ခုနှစ်၊ တန်ဆောင်မုန်းလတွင် အမရပူရနေပြည်တော်မှ အိမ်ရှေ့ဥပရာဇာ သီဟသူရသည် ဓညဝတီသို့ လာရောက်ပြီး မဟာမြတ်မုနိရုပ်ပွားတော်မြတ်နှင့်အတူ ရွှေဘုံသာမုနိရုပ်ပွားတော်၊ မာန်အောင်မြင်မုနိရုပ်ပွားတော်တို့ကို ပင့်ဆောင်ခဲ့သည်။ ရှင်ကျော်မုနိမှာ မူလသီတင်းသုံးရာ ဂန္ဓကုဋိတိုက်၌ ကိန်းဝပ်စံပယ် သီတင်းသုံးနေတော်မူခဲ့သည်။ ပြည်တစ်ဖက်ကမ်း၊ ဆင့်တဲရှိ ရွှေဘုံသာကျေးရွာသို့ အရောက်တွင် ရွှေဘုံသာမုနိရုပ်ပွားတော်မြတ်အား သက္ကရာဇ်(၉၂၀)ခုနှစ်က ပြည်ဘုရင်သတိုးဓမ္မရာဇာတည်ထားခဲ့သော ရွှေဘုံသာစေတီတော်ကြိး၏ ဌာပနာတိုက်အတွင်း ထည့်သွင်းပူဇော်ပြီး စေတီတော်ကိုလည်း ပြုပြင်မွမ်းမံကာ `ရွှေဘုံသာမုနိစေတီတော်မြတ်´ ဟူ၍ ဘွဲ့အမည်ဆက်ကပ်ခဲ့သည်။ နှစ်ပရိစ္ဆေဒများစွာ ကြာမြင့်ခဲ့ပြီးနောက် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးမှာ ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းပြီး စေတီဟောင်း၊ စေတီပျက်တစ်ဆူ အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား ပြုပြင်ရန် ကြိုးပမ်းခြင်း
စေတနာရှင်များနှင့် ဒေသခံတို့က ပျက်စီးယိုယွင်းနေသော ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား သက္ကရာဇ်(၁၂၅၆)ခုနှစ်တွင် တစ်ကြိမ်၊ (၁၃၃၆)ခုနှစ်တွင် တစ်ကြိမ်၊ (၁၉၉၁)ခုနှစ်တွင် တစ်ကြိမ်၊ စုစုပေါင်း (၃)ကြိမ်တိုင်တိုင် ပြန်လည်ပြုပြင်မွမ်းမံရန် ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်မှုမရှိခဲ့ချေ။

ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား နိုင်ငံတော်မှ ကြီးမှူး၍ ပြုပြင်မွမ်းမံထီးတော်တင်ခြင်း
ပျက်စီးယိုယွင်းနေသော ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား ၁၉၉ရခုနှစ်၊ ဧပြီလမှစ၍ နိုင်ငံတော်မှ ကြီးမှူးကာ စတင်ပြုပြင်မွမ်းမံခဲ့သည်။ စေတီတော်၏ ပြုပြင်ရေးလုပ်ငန်းများ မစတင်မီ သက်ဆိုင်ရာကျွမ်းကျင်သူပညာရှင်များက စေတီတော်မြတ်၏ ဌာပနာတိုက်တည်ရှိရာနေရာအား ခေတ်မီကိရိယာများဖြင့် စမ်းသပ်စစ်ဆေးခဲ့ကြရာ ဌာပနာတိုက်အတွင်း၌ ရတနာပစ္စည်းများဖြင့် သွန်းလုပ်ထားသော ဆင်းတုတော်တစ်ဆူ ကိန်းဝပ်စံပယ်နေကြောင်းကို စစ်ဆေးတွေ့ရှိအတည်ပြုခဲ့ကြသည်။
ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး၏ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းအဝဝအား ရထားပို့ဆောင်ရေးဝန်ကြီး ဦးပန်းအောင် ကိုယ်တိုင်ကြီးကြပ်၍ဆောင်ရွက်လာခဲ့ရာ အထက်ဌာပနာပိတ်ပွဲကို ၁၉၉၉ခုနှစ်၊ မတ်လ(၁၃)ရက် (တနင်္ဂနွေနေ့) နံနက်၈နာရီတွင် ပြုလုပ်ခဲ့သည်။ ပန်းလည်တိုင်စိုက်ထူပွဲကို ၁၉၉၉ခုနှစ်၊ ဧပြီလ(၉)ရက် သောကြာနေ့နံနက် (၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး စေတီတော်မြတ်ကြီး၏ ထီးတော်အား ၁၉၉၉ခုနှစ်၊ ဧပြီလ(၂၄)ရက် (စနေနေ့) တွင် အောင်မြင်စွာ တင်လှူပူဇော်နိုင်ခဲ့သည်။

မုနိလေးဆူဝင် ရုပ်ပွားတော်မြတ်လေးဆူ
ယခုအခါ မုနိလေးဆူဝင် ရုပ်ပွားတော်မြတ်များဖြစ်ကြသော မဟာမုနိရုပ်ရှင်တော်မြတ်သည် မန္တလေးမြို့၌လည်းကောင်း၊ ရှင်တော်မုနိသည်ကျောက်တော်မြို့၌လည်းကောင်း၊ မာန်အောင်မြင်မုနိသည် ဇလွန်ပြည်တော်ပြန်ဘုရားအဖြစ် ဇလွန်မြို့၌လည်းကောင်း၊ ရွှေဘုံသာမုနိသည် ဆင်တဲဘက်ကမ်း၊ ဧရာဝတီမြစ်ကမ်းနဖူးရှိ ရွှေဘုံသာစေတီတော်မြတ်ကြီး၏ ဌာပနာတိုက်အတွင်း၌လည်းကောင်း အသီးသီး ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည်။

ရွှေဘုံသာမုနိစေတီတော်ပရိဝုဏ်မှ မုနိလေးဆူ ကိုယ်ပွားများ
မုနိလေးဆူ ကိုယ်ပွားဆင်းတုတော်များဖြစ်သော မဟာမြတ်မုနိကိုယ်ပွားဆင်းတုတော်သည် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး၏ တနင်္လာထောင့်ရှိ အရှေ့ဘက်တန်ဆောင်း၌လည်းကောင်း၊ ရှင်ကျော်မုနိကိုယ်ပွားဆင်းတုတော်သည် စေတီတော်၏ ဗုဒ္ဓဟူးထောင့်၏ တောင်ဘက်တန်ဆောင်း၌လည်းကောင်း၊ ရွှေဘုံသာမုနိကိုယ်ပွားဆင်းတုတော်သည် စေတီတော်၏ ကြာသပတေးထောင့်၏ အနောက်ဘက် တန်ဆောင်း၌ လည်းကောင်း၊ မာန်အောင်မြင်ကိုယ်ပွားဆင်းတုတော်သည် စေတီတော်၏သောကြာထောင့် မြောက်ဘက်တန်ဆောင်း၌ လည်းကောင်း၊ အသီးသီးကိန်းဝပ်စံပယ်သီတင်းသုံးလျက်ရှိသည်။ မုနိလေးဆူ ကိုယ်ပွားဆင်းတုတော်များ၏ ဘုရားဒါယိကာမများမှာ မန္တလေးမြို့မှ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဒေါ်မြင့်မြင့်သန်းနှင့် ရန်ကုန်မြို့မှ အငြိမ်းစား ကစလဝန်ထမ်းဒေါ်တင်တင်မွှန်းတို့ဖြစ်ကြသည်။ အဆိုပါ မုနိကိုယ်ပွားလေးဆူကို မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၏ ရင်ငွေ့တော် လှုံပြီး မန္တလေးမြို့၌ သွန်းလုပ်ခဲ့ရာ မဟာမြတ်မုနိကိုယ်ပွားဆင်းတုတော်အတွက် ကြေးချိန် (၁၅၀၀)ပိဿာ၊ ရှင်ကျော်မုနိကိုယ်ပွားဆင်းတုတော်အတွက် ကြေးချိန်(၁၀၀၀) ပိဿာ၊ ရွှေဘုံသာမုနိကိုယ်ပွားဆင်းတုတော်အတွက် ကြေးချိန်(၈၀၀)ပိဿာ၊ မာန်အောင်မြင်မုနိကိုယ်ပွားဆင်းတုတော်အတွက် ကြေးချိန်(၆၆၆)ပိဿာ အသီးသီးကုန်ကျခဲ့သည်။ အဆိုပါမုနိကိုယ်ပွားဆင်းတုတော်များအား ဒေဝါဝင်း၊ ရာဇာဝင်းများခင်း၍ မန္တလေးမြို့မှ အခမ်းအနားဖြင့် ပင့်ဆောင်ခဲ့ရာ ၁၉၉၉ခုနှစ်၊ ဧပြီလ(၁၄)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး၏ ပရိဝုဏ်သို့ရောက်ရှိခဲ့သည်။

ရွှေဘုံသာမုနိစေတီတော်ပရိဝုဏ်မှ သိုက်နန်းရှင်မြစိမ်း
ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသည် ချုံနွယ်ပိတ်ပေါင်းများဖုံးလွှမ်း၍ စေတီဟောင်းတစ်ဆူအဖြစ်နှင့် ရှိနေခဲ့စဉ်က စေတီတော်ပရိဝုဏ်၏ လက်ယာထောင့်တွင် သိုက်နန်းရှင်တို့အတွက် ရည်စူးပြုလုပ်ထားသော နတ်ကွန်းလေးတစ်ခုရှိသည်။ စေတီတော်အား ဘက်စုံမွန်းမံပြင်ဆင်ခြင်းများ ပြုလုပ်သည့်အခါ သိုက်နန်းရှင်တို့၏ အဆိုပါနတ်ကွန်းလေးကိုလည်း ဖယ်ရှားရှင်းလင်းခဲ့ရသည်။ ထိုအခါ ရွှေဘုံသာမုနိစေတီတော်ပရိဝုဏ်ရှိဘုမိ္မယအနွယ်ဝင် သိုက်နန်းရှင်တို့က ၎င်းတို့အတွက် ကွန်းခိုစရာနေရာတစ်ခု သတ်မှတ်ပြုလုပ်ပေးပါရန် သက်ဆိုင်ရာပုဂ္ဂိုလ်တို့ကို အိပ်မက်ပေး တောင်းပန်ကြသည်။
ထို့ကြောင့် ရွှေဘုံသာမုနိစေတီတော်ပရိဝုဏ်တွင် စောင့်ရှောက်နေထိုင်လျက်ရှိကြသော မမြင်အပ်သည့် နာမ်လောကမှ သိုက်နန်းရှင်တို့အတွက် ကွန်းခိုရာသိုက်နန်းအဆောက်အအုံတစ်ခုကို စေတီတော်၏ တနင်္ဂနွေထောင့်တွင် ဆောက်လုပ်ထားရှိခဲ့ကြသည်။ သိုက်နန်း၏ အကြီးအမှူးဖြစ်သူ သိုက်နန်းရှင် မြစိမ်း၏ ရုပ်ထုကိုလည်း မန္တလေးမှ မိုဆရာဦးထွန်းကြွယ်က ၎င်း၏အိပ်မက်ထဲတွင် တွေ့မြင်ခဲ့ရသည့် သိုက်နန်းရှင်မြစိမ်းပုံအတိုင်း သက်ရှိအမျိုးသမီးတစ်ဦးသဖွယ် ပီပြင်စွာ ထုလုပ်ခဲ့သည်။ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး၏ တနင်္ဂနွေထောင့်ရှိ သိုက်နန်းအဆောက်အအုံအတွင်းတွင် အသက်ဝင်လွန်းသော သိုက်နန်းရှင်မြစိမ်းရုပ်ထုအား တွေ့မြင်နိုင်ပါသည်။

ရွှေဘုံသာမုနိစေတီတော်သည် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်သွန်းလုပ်ရာမှ ပိုလျှံသည့် ဘုရားရင်ငွေ့တော်လှုံထားသော ရတနာဓာတ်သားများဖြင့် သွန်းလုပ်ခဲ့သည့် ရွှေဘုံသာမုနိရုပ်ပွားတော်မြတ်ကိန်းဝပ်စံပယ်ရာ စေတီဖြစ်သဖြင့် တန်ခိုးကြီးရှေးဟောင်းသမိုင်းဝင် စေတီတော်တစ်ဆူဖြစ်သည်။ ရွှေဘုံသာမုနိ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရသော ကုသိုလ်အကျိုးကြောင့် တော်ဖြောင့်မှန်ကန်သည့် လိုရာဆန္ဒအားလုံး ပြည့်စုံနိုင်သည်။ တရားတဘောင်ရင်ဆိုင်ရခြင်းများ ကြုံတွေ့ပါက မိမိဘက်မှမှန်ကန်သော အချက်အလက်များကို စေတီတော်မြတ်မှောက်ရှေ့၌ တည်ကြည်စွာ သစ္စာပြုတိုင်တည်ပါက ထူးခြားစွာအောင်မြင်မှုရရှိပါသည်။ ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ ကောင်းသော ကျော်ဇော်သတင်းများရရှိ်ခြင်း၊ အလုပ်အကိုင်ရာထူးဌာနန္တရတိုးတက်အဆင်ပြေခြင်း စသောအကျိုးထူးများကိုလည်း ရရှိနိုင်သည်။
ရှေးဟောင်းသမိုင်းဝငတန်ခိုးကြိီ်စေတီတော်မြတ်တစ်ဆူဖြစ်သောရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့ ဂန္ဓာရီလှည့်နေကြသော စူဠဂန္ဓာရီ၊ မဟာဂန္ဓာရီ ပုဂ္ဂိုလ်များ၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်များ၊ ထူးခြားသောသူတော်စင်၊ သူတော်မြတ်များ မကြာခဏ လာရောက်ဖူးမြော်လေ့ရှိကြသည်။ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး၏ ပရိဝုဏ်သည် ကြိးမားကျယ်ပြန့်သည်သာမက စိတ်ငြိမ်အေးချမ်းခြင်းလည်းရှိ၍ အဓိဌာန်ဖြင့် တရားထိုင်၊ ပုတီးစိတ်သူများအဖို့ အလွန်ပင် သင့်တော်ပါ၏။ စေတီတော်၏ အရှေ့တောင်ဘက်တွင် ပြည်-ဆင်တဲ ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူးနဝဒေးတံတားကြီးက ထည်ဝါခံ့ညားစွာရှိနေသလို စေတီတော်အား ဦးခိုက်စီးဆင်းနေသော ဧရာဝတီ၏အလှကို ရှုမောဖွယ်တွေ့ရှိနိုင်ပါသည်။

စာဖတ်သူများအနေဖြင့် ခရီးကြုံ၍ ပြည်မြို့သို့ ရောက်ရှိခဲ့ပါလျှင် ယခင်ကလို ဆင်တဲဘက်ကမ်းသို့ ဇက်ကူးတို့များ၊ ပဲ့ချိတ်မော်တော်များဖြင့် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကူးစရာမလိုတော့ပဲ ခံ့ညားထည်ဝါသော နဝဒေးတံတားကြီးပေါ်မှနေ၍ ဧရာဝတီမြစ်ကို မော်တော်ယာဉ်ဖြင့် အေးအေးဆေးဆေးဖြတ်ကျော်ကာ ဆင်တဲ၊ ရွှေဘုံသာကျေးရွာ၊ ဧရာဝတီမြစ်ကမ်းနဖူး၌ တင့်တယ်သပ္ပာယ်စွာ တည်ရှိနေသော ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုနိုင်ကြပါကြောင်း ရေးသားလမ်းညွှန်လိုက်ပါသည်။

2 comments

  • unclegyi1974

    December 21, 2010 at 2:02 pm

    မုနိ ၂ ဆူတော့ဖူးပြီးပါပြီ
    ၂ ဆူဖူးဖို့ကျန်နေသေးတယ်
    ပြည်တဖက်ကမ်းကိုရောက်ဖူးပေမဲ့
    ရွှေဘုံသာမုနိကိုမဖူးခဲ့ရပါဘူး
    ဓာတ်ပုံလေးတင်ပေးရင်တော့ဖူးရတာပ မနောရေ

  • weiwei

    December 21, 2010 at 3:54 pm

    ရွှေဘုံသာမုနိကိုရောက်ဖူးတယ် … ဧရာဝတီမြစ်က သာယာတယ် .. မုနိပေမယ့် စေတီနဲ့ငုံထားတာတော့ စေတီကိုဖူးရသလိုပဲ ခံစားရတယ် … ပြောင်းဖူး တော်တော်ချိုတယ် …

Leave a Reply