ပြည့်မြို့ရဲ့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး

manawphyulayDecember 21, 20101min511

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကပင် တည်ထားကိုးကွယ်ခဲ့သော စေတီတော်မြတ်ကြီးဖြစ်ပါသည်။ `လေးဆူဓါတ်ပျော်´ ဟု ခေါ်ဆိုရခြင်းမှာ
(၁) ကကုသန်မြတ်စွာဘုရား၏ ဒုကုဋ်သင်္ကန်းတော်၊ (၂) ကောဏဂုံမြတ်စွာဘုရား၏ အံ့သကိုဋ်တော်၊
(၃) ကဿပမြတ်စွာဘုရား၏ ခါးပန်းတော်နှင့် (၄) ဂေါတမမြတ်စွာဘုရား၏ ဆံတော်မြတ်လေးဆူ၊ မွေရှင်တော်မြတ်ရှစ်ဆူ၊ နိသီဒိုင်တော်တို့ကို ဌာပနာ၍ တည်ထားသောကြောင့် ခေါ်ဆိုရခြင်းဖြစ်ပါသည်။
လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး တည်ထားသောတောင်တော်ကို `သုဒဿန´ တောင်တော်ဟု ခေါ်ပါသည်။ မြတ်စွာဘုရားနုစဉ်အခါ ဟင်္သာမင်း၊ ကြက်မင်း၊ ဖွတ်မင်း၊ ယုန်မင်း၊ ဖြစ်စဉ်က နေထိုင်ခဲ့သော တောင်တော်ဖြစ်ပါသည်။

၂။ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဒါယကာများမှာ အဇ္ဇိကနှင့် ဘလ္လိကကုန်သည်ညီနောင်၊ ဧရာပထနဂါးမင်း၊ သိကြားမင်း၊ ဗြဟ္မာမင်းတို့ဖြစ်ကြသည်။ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်းလဆန်း ၁၃ရက်နေ့တွင် စတင်တည်ထားရာ၊ ထိုနှစ် တပေါင်းလပြည့်နေ့တွင် ပြီးစီးသည်။ တည်ဦးစကဉာဏ်တော် ရတောင်၊ အလျားအနံ၁၄တောင်ရှိ၍ စပါးစုသဏ္ဍာန်မြေစိုက်စေတီတော် ဖြစ်ပါသည်။

၃။ သာသနာနှစ် ၁၂၆-ခုနှစ် သရေခေတ္တရာပြည်ကို တည်ထောင်စိုးစံသော ဒွတ္တပေါင်မင်းကြီးသည် ဘဝဟောင်းက အဇ္ဇိကနှင့် ဘလ္လိကကုန်သည်ညီနောင်ဖြစ်ခဲ့ကြသော သားတော်ရဟန္တာ ၂-ပါးက ရှာဖွေပေးသဖြင့် စေတီတော်ကို ဖူးမြင်ရသောအခါ လွန်စွာကြည်ညိုခြင်းဖြစ်ပြီး စေတီတော်ကို ယခုဖူးတွေ့ရသည့် ပုံသဏ္ဍာန်အတိုင်း ပြုပြင်တည်ထားခဲ့ပါသည်။

၄။ မြန်မာမင်းအဆက်ဆက်တို့သည် စေတီတော်ကြီးကို ကိုးကွယ်ကြပြီး ပြုပြင်ရန် လိုအပ်သည်တို့ကို ပြုပြင်ခဲ့ကြပါသည်။
သက္ကရာဇ် ၄၄၅-ခုနှစ်၊ (အေဒီ ၁၀၈၃ခုနှစ်)တွင် ပုဂံပြည့်ရှင် ကျန်စစ်သားမင်းကြီးသည် ဤစေတီတော်ကြီးကို ဖူးမျှော်ပြီး မိမိ၏ ဘဝဖြစ်စဉ်နှင့် စေတီတော်ကြီးသမိုင်းအကျဉ်းကို မွန်ဘာသာဖြင့် ကျောက်စာရေးထိုး၍ စေတီတော်မြတ်ကြီး၏ အလယ်ပစ္စယံ တနင်္ဂနွေထောင့်တွင် စိုက်ထူခဲ့ပါသည်။ ထိုကျောက်စာကို ယဉ်ကျေးမှုဝန်ကြီးဌာနက ကျောက်စာတိုက်ဆောက်လုပ်၍ ထိန်းသိမ်းထားပါသည်။

၅။ အင်းဝခေတ်တွင် မြန်မာသမိုင်း၌ အရေးပါသောဖြစ်ရပ်တစ်ခုသည် လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော် ရင်ပြင်တော်ပေါ်၌ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုဖြစ်ရပ်မှာ အခြားမဟုတ်။ အင်းဝဘုရင်မင်းခေါင်နှင့် မွန်ဘုရင်ရာဇာဓိရာဇ်တို့ သည် သက္ကရာဇ် ၇၆၇-ခုနှစ် တွင် စေတီတော် မြတ်ကြီး ရင်ပြင်တော်ပေါ်ဝယ် သစ္စာပြု၍ ငြိမ်းချမ်းရေးရယူခဲ့ကြခြင်းဖြစ်သည်။

၆။ သက္ကရာဇ် ၁၁၁၆-ခုနှစ် ၊ တပို့တွဲလပြည့်ကျော် ၁၂ရက်နေ့တွင် အလောင်းမင်းတရားကြီးသည် ပြည်မြို့ကို မွန်တို့ လက်ဝယ်မှ အောင်မြင်စွာ သိမ်းပိုက်ခဲ့ပါသည်။
အလောင်းမင်းတရားကြီးသည် ထိုနေ့ညနေ၌ပင် စေတီတော်မြတ်ရင်ပြင်တော်ပေါ်သို့တက်ရောက်ပြီး စေတီတော်ကြီးကို ဖူးမျှော်ရာတွင် လေးဆူဓါတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၌ မိမိကုသိုလ်တော် ရွှေထီးတော် တင်လှူလိုသော ဆန္ဒဖြစ်ပေါ်လာခဲ့ရာ သက္ကရာဇ် ၁၁၁၆-ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ယခင်မွန်ဘုရင်တို့ တင်လှူခဲ့သော ထီးတော်ကို မဖယ်ရှားပဲ မြန်မာထီးတော်ကို ဆင့်၍ တင်လှူခဲ့ပါသည်။ ထို့ကြောင့် လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ထီးတော် ၂ဆင့် ရှိနေခြင်းဖြစ်သည်။ ဤသို့ ထီးတော်နှစ်ဆင့်ရှိနေခြင်းသည် လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ထူးခြားချက်ပင်ဖြစ်ပါသည်။ ထိုထီးတော်၂ဆင့်ကို ပုံစံပြုလုပ်၍တင်လှူပူဇော်သော အစဉ်အလာ ဖြစ်ပေါ်ခဲ့ပါသည်။

၇။ သက္ကရာဇ် ၁၂၂၀-ခုနှစ်၊ (ခရစ်နှစ် ၁၈၅၈ခုနှစ်)၊ ဝါခေါင်လပြည့် ညနေ၃-နာရီတွင် ပြည့်မြို့၌ ပြင်းထန်သော မြေငလျင်လှုပ်မှုဖြစ်ခဲ့ရာ လေးဆူဓါတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးသည် ခေါင်းလောင်းမှောက်သည့်အထိ ပြိုကျပျက်စီးခဲ့ပါသည်။ ပြည်မြို့ကုန်သည်ကြီး ဦးသာရွှဲ ဦးဆောင်သောအဖွဲ့သည် ရတနာပုံနေပြည်တော် မင်းတုန်းမင်းတရားကြီးထံသို့ သွားရောက်၍ အကျိုးအကြောင်းတင်ပြလျှောက်ထားရာ မင်းတုန်းမင်းတရားကြီးက ပြင်ဆင်ခွင့် စာချွန်တော်နှင့် အလှူတော်ငွေကျပ် (၂၀၀၀၀)နှစ်သောင်း ထည့်ဝင်လှူဒါန်းခဲ့သဖြင့် ရဟန်းရှင်လူ ပြည်သူအများ၏ ထည့်ဝင်ငွေများနှင့် စုပေါင်းကာ လေးဆူဓါတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးကို ပြန်လည်ပြုပြင်ခဲ့သည်။

၈။ ခေတ်အဆက်ဆက်တွင် ရဟန်းရှင်လူပြည်သူတို့သည် လေးဆူဓါတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးအရှည်တည်တံ့အောင် ပြုပြင်ရန် လိုအပ်သည့်အခါတို်င်း သဒ္ဓါထက်သန်စွာ ပြုပြင်မွမ်းမံခဲ့ကြသည်။
မြန်မာသက္ကရာဇ် ၁၃၆၃-ခုနှစ်၊ တန်ခူးလဆန်း၁ရက်၊ (၁၃.၄.၂၀၀၂) ၊ စနေနေ့ညနေ(၄း၁၅)တွင် စနေထောင့်မှ ရုတ်တရက် လေပြင်းတိုက်ခတ်ရာ လေးဆူဓါတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ထီးတော် ယိုယွင်းပျက်စီးသွားခဲ့ပါသည်။
ရဟန်းရှင်လူပြည်သူအများတို့သည် ၁၃၆၄-ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့(၂၁.၁၀.၂၀၀၂)၊ တနင်္လာနေ့တွင် ရွှေစင်ရွှေသားအတိပြီးသော ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို အသစ်တစ်ဖန် ပြန်လည် တင်လှူပူဇော်ခဲ့ကြပါသည်။

၉။ လေးဆူဓါတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးအား (၅)နှစ်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူဆက်ကပ်မြဲဖြစ်ရာ ရဟန်းရှင်လူ ပြည်သူအများတို့သည် ၁၃၆၇-ခုနှစ် ၊ ပြာသိုလပြည့်ကျော် ၂ရက် (၁၅.၁.၂၀၀၆)၊ တနင်္ဂနွေနေ့မှစ၍ ရွှေသင်္ကန်းကပ်လှူရာ ၁၃၆၈ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၄-ရက် (၂၆.၄.၂၀၀၆)ဗုဒ္ဓဟူးနေ့တွင် ပြီးစီးအောင်မြင်ပါသည်။ ထူးခြားသည်မှာ ယခုတစ်ကြိမ် ရွှေသင်္ကန်းကပ်လှူသည်မှာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းဖြစ်ပါသည်။
ယခုအခါ လေးဆူဓါတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးသည် သုဒဿနတောင်တော်ထက်တွင် ရွှေတောင်ကြီးပမာ သပ္ပာယ်တည်ရှိ၍ ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံယူလျက်ရှိပါသည်။

One comment

  • unclegyi1974

    December 21, 2010 at 1:53 pm

    မနော ရေ ရာဇဝင်ကတော့အတော်ကိုစုံနေအောင်
    ရေးထားတာဘဲ
    လိုနေတာကဓာတ်ပုံလေးရိုက်ပြီးတင်ပေးရင်
    ပိုအသက်ဝင်တာပ
    စေတီတော်ပုံ ကျောက်စာတိုက်ပုံစသဖြင့်ပေါ့

Leave a Reply