ဂျပန်ပြည်သို့ အလည် တခေါက် အပိုင်း ၂

ဆူးDecember 22, 20101min631


ယူနီဗာဆယ် စတူဒီယိုကို ရောက်ခဲ့ပါတယ်။ အပြင်လောကမှာ နေသူမဟုတ်တော့ မြင်မြင်သမျှ အသစ်အဆန်းတွေကြီးပါဘဲ။ အရာရာ လှပပြီး ဆွဲဆောင်မှု လည်း ရှိတယ်။ ကစားကွင်းရောက်တဲ့ အချိန်က ၂နာရီ ဝန်းကျင်လောက်ဖြစ်နေပြီး ညနေ ၅နာရီခွဲ ထမင်းစား ဘိုကင် တင်ထားတဲ့ အတွက် အချိန်သိပ်မရကြောင်း ခရီးသွားလမ်းညွန် အမျိုးသားက ပြောပါတယ်။ အထဲမှာလည်း အလံ ထောင်မရတော့ ဝင်ဝင်ချင်း သူက ကစားကွင်းမြေပုံနဲ့ ကစားသင့်တဲ့ နေရာတွေကို မြေပုံကို ထောက်ပြပြီး ပြောပါတယ်။ ထို့နောက် သူက အလံ ထောင်ပြီး စုရပ်ပြလို့ မရတဲ့ အတွက် သူရှိမဲ့ နေရာကို တခါတည်း ပြောပြထားပြီး ညနေ ၅နာရီခွဲ စုရပ်မှ ဆုံဖို့ ပြောထားတဲ့ အတွက် တနေရာစီ ခွဲထွက်သွားပါတယ်။ အသီးသီး မိသားစုတွေ သွားလိုက်ကြတာ အချင်းချင်းတောင် ပြန်မတွေ့ဘူး။ ကစားကွင်းထဲကို အဝင်သာ ဝင်ကြေးပေးရပြီး အထဲမှာ ရှိတဲ့ ကစားနည်းမျိုးစုံ စိတ်တိုင်းကျ ကစားနိုင်ပါတယ် ထပ်ပြီး အပိုကြေးမပေးရပါဘူး။ ကစားကွင်းထဲမှာရှိတဲ့ မုန့်ဆိုင်တွေကတော့ စားမယ်ဆို ပိုက်ဆံနဲ့ ဝယ်စားရပါတယ်။ လက်မှတ်ထဲမှာ ခံစားခွင့်ကတော့ ကစားနည်းမျိုးစုံ ကစားခွင့် နဲ့ အိမ်သာ အခမဲ့ပါ။ ကစားကွင်းတခုလုံး တီးလုံးသံဇဉ်များ ဖွင့်ထားတဲ့ အတွက် အသံ ငြိမ့်ငြိမ့်ကလေးတွေ အသံ ဆူဆူ ကလေးတွေ နေရာတခုစီမှာ ရှိပါတယ်။ နေရာတခုစီတိုင်းမှာ ကစားမယ်ဆိုရင် ကစားဖို့ တန်းစီထားတဲ့ လူတွေ အများကြီး ရှိနေတတ်ကြပါတယ်။ ထိုလူတွေနောက်ကနေ စနစ်တကျ တန်းစီရပါတယ်။ တိုးကြိတ်တန်းစီတာမျိုးလည်း မဟုတ်ပါဘူး တယောက်နဲ့ တယောက် အသားမထိအောင် ခပ်လွတ်လွတ်ကလေး နေတဲ့ သဘောမျိုး မတ်တပ်ရပ်နေကြတာပါ။ နေရာကိုလည်း အခန်းတခုမှာ လူတွေ အများကြီး တန်းစီလို့ရအောင် ကွေ့ကွေ့ကောက်ကောက် တန်းစီ ဖို့ လိုင်းတွေ ချထားတဲ့ အတွက် လိုင်းအတိုင်း တန်းစီရပါတယ်။

အချိန်က သိပ်မရတော့ တန်းစီတာနဲ့ တခုခုထဲဝင်မယ်ဆိုရင် ၁နာရီလောက် အချိန်ကုန်ပါတယ်။ သဘောကျလို့ နောက်တခါ ကစားမယ်ဆို အနောက်က ပြန်တန်းစီရပါတယ်။ လူလည်ကျလို့ မရအောင် အဝင်ပေါက်နဲ့ အထွက်ပေါက် ခွဲထားတဲ့ အတွက် ထွက်တာနဲ့ ဝင်ဖို့ တန်းစီနေတဲ့ လူတွေ အနောက်ကို ရောက်သွားပါတယ်။

3D ပွဲ တခု ဝင်ကြည့်ဖြစ်တယ်။ Cyberdyne-terminal 2 လို့တော့ ထင်တယ်။ သေနပ်တွေ အသေပြစ်တာ ကျည်ဆံတွေကလည်း လူကို ထိတော့ မလား အောက်မေ့တယ် ထိုင်ခုံမှာ ထိုင်ကြည့်ရင်း ဇတ်လမ်းထဲကို ရောက်သွားသလို ခံစားရတယ်။ နောက်တခုကတော့ 4D Spider man ဒါကတော့ ကားလေး ပေါ်တက်ပြီး ကားနဲ့ သွားတာ ဇတ်လမ်းတွေထဲကလိုဘဲ ဒုက္ခပေးတဲ့ အကောင်တွေ လူဆိုးတွေ လက်ထဲကနေ ပင့်ကူ လူသား ကယ်တင်ပေးတဲ့ သဘောမျိုးပါဘဲ။

4D ရဲ့ ထူးခြားတာက ဘာမျက်မှန်မှ တပ်စရာ မလိုဘဲ ကားပေါ်မှာ ထိုင်နေယုံပါဘဲ။ ကားကလည်း နေရာ ရွှေ့တာ မဟုတ်ပါဘူး။ လူတွေရဲ့ အမြင်လှဲ့စားတယ်လိုက်တာပါ။ မီးစလိုက်တွေနဲ့ လုပ်ထားတာ တကယ်ဘဲ အနီးအနားကို ရောက်လာပြီး မျက်စိရှေ့မှာ သရဲမြင်ပေမဲ့ သရဲကို ဖမ်းကိုင်လို့ မရသလို ရုပ်ရှင်တွေထဲမှာ ပြသလို အဲဒီ ခံစားချက်မျိုးပါဘဲ။ အမျိုးစုံ အကောင်ကလောင်တွေ သက်ဝင် လှုပ်ရှားပြီး သူတို့ တွေရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန် အမူအရာတွေ အသံတွေ အရုပ်လှုပ်ရှားမှုကို ပိတ်ကားပေါ်မှာ မြင်တွေ့ရတာမျိုး မဟုတ်ဘဲ မျက်စိရှေ့မှာ သက်ဝင် လှုပ်ရှားနေပါတယ်။ ဥပမာ အားဖြင့် စီးသွားတဲ့ ကား (အရွေ့မရှိ လှုပ်ရှားမှုသာရှိတဲ့ကား) ထိုကားက မောင်းရင်းနဲ့ အရှိန်လွန်သွားပြီး ရေတံခွန်ကြာထဲ ပြုတ်ကျတယ်လို့ အရုပ်တွေက သရုပ်ပြသလို ကားကလည်း တကယ်ကျသွားသယောင် လှုပ်ရှားမှု ပြုလုပ်တယ်။ ရေတွေ စင်တာမျိုး  မီးတောင်တွေ နားက ဖြတ်သွားရင်လည်း တကယ် မီးတောင်နားက ဖြတ်သွားသလို ခံစားရအောင် အပူရှိန် ဟပ်တဲ ခံစားချက်နဲ့ ဘေးပတ်ဝန်းကျင်မှာ မီးတွေ လှိုင်းထသလိုမျိုး အမြင်ကို လှည့်စားတာမျိုးပေါ့။

သွားခဲ့တဲ့ နေရာတွေက ကစားကွင့်ထဲမှာ ရှိတဲ့ နာမည်တွေကတော့ မမှတ်မိတော့ဘူး မေ့ကုန်ပါပြီ။ မှတ်မှတ်ရရ နောက်တခုကတော့ Jurassic Park ဆိုတဲ့ နေရာကလေးပါ။ ကစားဖို့ တန်းစီလိုက်ရတာ လူတွေ အများကြီးဘဲ အရှေ့ လူတွေက ကစားဖို့ ဝင်ခါနီးတိုင်း မိုးကာဝတ်ကြတယ်။ မိုးကာလည်း အဆင်သင့် မပါသွားလေတော့ ဒီတိုင်းဘဲ ဝင်သွားလိုက်တယ်။ အထဲ ကို မီးရထား အသေးစားလေးနဲ့ ဝင်သွားပါတယ် မီးရထား ဝင်သွားတဲ့ နေရာ ဇတ်လမ်းကတော့ ဒိုင်နိဆောတွေ လူတွေ မွေးထားပြီး နောက်ပိုင်း စမ်းသပ်ခန်းထဲကို ဝင်ရောက် အနှောက်အယှက်ပေးတဲ့ ပုံစံမျိုး အခန်းတွေ အခန်းတွေကို ရုပ်ရှင်ထဲမှာတော့ မင်းသား မင်းသမီးက ဝင်လိုက်တိုင်း ဒိုင်နိုဆောတွေ ဖျက်စီးထားလို့ ပျက်စီးနေပြီး တံခါးတွေကို ဒိုင်နိုဆောတွေ ဖျက်ဆီးဝင်ရောက်လို့ နောက်တခန်းဝင်ပုန်းလိုက် နောက်တခန်း ဝင်ပုန်းလိုက် လုပ်ရတဲ့ အနေအထားမျိုးပေါ့။ သွားရင်းနဲ့ မီးရထားကလေးက အရှိန်ဖြေးဖြေးနဲ့ အခန်းတခန်းစီ ဝင်တဲ့ ပုံစံကနေ ဒိုင်နိုဆော လိုက်လို့ အရှိန်တင်ပြေးရတဲ့ ပုံစံမျိုး ရုတ်တရက် အရှိန်နှုန်း မြန်သွားပါတယ် အရှိန်နှုန်း မြန်သွားယုံတင်မကပါဘူး။ သွားနေတဲ့ လမ်းကြောင်းမှာ ရုတ်တရက် မျက်စိရှေ့ကို ရောက်လာသလိုမျိုး မီးဆလိုက်တွေ ရဲ့ စွမ်းအင်က လုပ်လိုက်တော့ ဘာမှ မရှိတဲ့ နေရာ မျက်စိရှေ့မှာ ဘွားကနဲ ပေါ်လာတော့ ဝှီး ကနဲ့ ကွေ့သွားတဲ့ ရထားလေး မြန်မြန် လစ်တော့တာဘဲ။ ရထားလေးပေါ် ပါလာတဲ့ လူတွေထဲမှာ မြန်မာ ဆိုလို့ ကိုယ်ဘဲ ရှိတယ် ကျန်တာ ဂျပန်တွေကြီးဘဲ သဲထိပ်ရင်ဖို အခန်းကို ကိုယ်ဘဲ အော်သလား အောက်မေ့တယ် သူတို့လည်း ကြောက်လန့်တကြား အော်နေကြတယ်။ ရထားလေး ရွှေ့သွားရင်းနဲ့ ဒိုင်နိဆော ဘေးက လွတ်တဲ့ အခန်းရောက်တော့ နှေးသွားပြန်ကော ဒီလိုနဲ့ နေရာတခုရောက်တော့ မျက်နှာချင်းဆိုင်မှာ အိမ်တအိမ်စာလောက် များ ရှိမလား မသိဘူး ဒိုင်နိုဆော ခေါင်းအကြီးကြီး ထွက်လာတယ် အဲဒါကတော့ အရုပ်ပါ ဘွားကနဲ ထွက်လာအောင် လေထိုးထားတာပါ။ အကောင် ပါးစပ်ပြဲကြီး ထွက်လာတော့ ရထားလေး မရှောင်နိုင်ဘဲ အရှိန်မထိန်းနိုင် ဗိုက်ထဲကျသွားလေ သလားတော့ မသိဘူး အပေါ်ကနေ အောက်ကို ပြစ်ချလိုက်တာ ၃ထပ်တိုက် အမြင့်လောက်ကနေ ကျသွားတာလို့ ထင်ရတယ် အပြင်ရောက်မှ မှန်းကြည့်တာ.. အပေါ်ကနေ သဲထိတ်ရင်ဖို ပြုတ်ကျတော့ အသဲအေးအေးနဲ့ ရထားလေး ဒိုင်ပင်ဆင်းတာ အောက်မှာ အရှိန်နဲ့ ကျတဲ့ ဘီးအပူရှိန် ထိန်းဖို့ ရေတွေ ထည့်ထားတာလားတော့ မသိဘူး သာကေတ မီးကျောင်းစီးသလိုဘဲ အောက်ရောက်တော့ ရေတွေ အကုန်ရွဲတော့တာဘဲ။

အနွေးထည် ရေစိုသွားတော့ ဝတ်လို့ မရတော့ဘူး ဆိုတော့ ဘယ်မှ ဆက်မလည်ဖြစ်တော့ဘဲ နေပူတဲ့ နေရာမှာ မတ်တပ်ရပ်နေရတော့တာဘဲ။ အနွေးထည်တွေကတော့ လက်မှာ ကိုင်ထားပြီး လူကတော့ နေပူထဲ ရပ်နေရတယ်။ ထိုအချိန်မှာ ကားပေါ်က မဆင်းခင် ခရီးသွား လမ်းညွန် ပြောတဲ့ စကား ပြန်ကြားယောင်မိတယ်။ ဒီမှာ နေ့ဘက်က နေအပူရှိန်ရှိလို့ ဒီတိုင်းနေလို့ရပေမဲ့ ညနေ ၃နာရီ ကျော်ရင် လေတိုက်ရင် အေးပါတယ်။ ညနေပိုင်း အပြင်ထွက်မယ် ဆိုရင် အဝတ်အစားလုံလုံခြုံခြုံ ဝတ်ကြပါ ရာသီဥတု အကူးအပြောင်းနဲ့ ဖျားတတ်ပါတယ် ဆိုတဲ့ စကားလေးပါ။ ဒါပေမဲ့ မတတ်နိုင်ဘူး အနွေးထည်တွေ ရေစိုကုန်ပြီ လူလည်း နေပူတဲ့ နေရာ မှာ ရပ်နေရပြိ လေကလည်း တိုက်နေပြီ အချိန်ကလည်း ၅နာရီ ဖြစ်နေပြီ နာရီဝက်လောက်ဘဲ လိုတော့တာ ဆိုတော့ နောက်ပွဲတွေ မြေပုံကြည့်ပြီး ကစားနေရင် အဖွဲ့လိုက်သွားလာတဲ့ နေရာမှာ အချိန် နောက်ကျလို့ မကောင်းဘူး ဒီအတွက် ၅နာရီ ခွဲမှာ စုရပ်ကို အရောက်သွားခဲ့တယ်။

One comment

  • intro

    December 23, 2010 at 10:49 am

    စိတ်ဝင်စားစရာ ခရီးစဉ်လေးပါပဲ… ပြန်ပြီး Shared ပေးလို့ ကျေးဇူးပါပဲဗျာ…

Leave a Reply