ခရစ်စမတ်အကြို ဈေးရောင်းပွဲတွေနဲ့ စည်ကားနေတဲ့ တရုတ်ပြည်က စူပါမတ်ကတ်တွေမှာ လျှော့ဈေးနဲ့ရောင်းတာတွေတွေ့မိတော့ ကျွန်မတစ်ခါ ခံခဲ့ရတာလေးကို ပြန်အမှတ်ရမိပါတယ်။ အကွက်စေ့စေ့နဲ့ လူလည်ကျတတ်တဲ့ တရုတ်ပြည်က လျော့ဈေးအစီအစဉ်တွေထဲက တစ်ခုပါ။ ဗဟုသုတရအောင်ပေါ့ …

လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက တရုတ်နှစ်သစ်ကူးနီးတဲ့တစ်ရက်မှာ ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက် လမ်းလျှောက်ထွက်ကြပါတယ်။ စူပါမတ်ကတ်နားလဲရောက်ရော အထူးအစီအစဉ်ဆိုပြီး စာလုံးအကြီးကြီးတွေနဲ့ ကြော်ငြာတွေကပ်ထားတယ်။ စိတ်ဝင်စားတာနဲ့ ၀င်ကြည့်လိုက်ပါတယ်။ ငွေရှင်းကောင်တာတွေမှာလဲ ရေးထားပါတယ်။ သူတို့ရေးထားတဲ့စာလုံးက ၁၃၀ ဖိုးဝယ်ရင် ၁၀၀ ဖိုး လက်ဆောင်ပေးမယ်တဲ့။ ကျွန်မတို့ တော်တော်အံ့သြသွားပါတယ်။ အဲဒီစာလုံးလောက်ကို ကောင်းကောင်းဖတ်တတ်တော့ မှားစရာလဲမရှိဘူးပေါ့။ ဒါပေမယ့် အံ့သြလွန်းလို့ အရောင်းစာရေးတစ်ယောက်ကို သေချာအောင်ထပ်မေးကြည့်ပါတယ်။ သူကလဲ ဟုတ်ပါတယ်တဲ့။ ၁၃၀ ဖိုး ဘောက်ချာတစ်စောင်ပြနိုင်ရင် ၁၀၀ ဖိုး အလကားပေးမှာတဲ့။

တော်တော်တန်နေပြီပေါ့နော် … တကယ်တော့ ကျွန်မတို့က ဈေးဝယ်ဖို့ထွက်လာတာမဟုတ်ဘူး။ အဲဒီအစီအစဉ်ကလဲ အချိန်အကန့်အသတ်နဲ့ဖြစ်နေတယ်။ အဲဒါနဲ့ ဖြစ်ချင်ရာဖြစ် ၀ယ်ကြမယ်ဟာဆိုပြီး စတိုးဆိုင်ကြီးထဲဝင်ပြီး တစ်ယောက်ကို ၁၃၀ ဖိုး ပြည့်အောင် (မပြည့်ပြည့်အောင်) ၀ယ်လိုက်ကြပါတယ်။ ကောင်တာမှာငွေရှင်းတော့ ဘောက်ဂျာ ၂ စောင်ရပြီး လက်ဆောင်ထုတ်ရမယ့်နေရာကို ညွှန်ပြလိုက်ပါတယ်။ လူတွေတန်းစီနေတာ အများကြီးပဲ။ ကျွန်မတို့လဲ ဘာလက်ဆောင်တွေများရမှာလဲမသိဘူးဆိုပြီး စိတ်ကူးယဉ်နေကြသေးတယ်။ ကျွန်မတို့အလှည့်လဲရောက်ရော စာရွက် ၂ ရွက်ထုတ်ပေးပါတယ်။ အဲဒီစာရွက်ထဲမှာ ဈေးဝယ်လမ်းညွှန်ပါပါတယ်။ ပုံလေးတွေနဲ့ … ကျွန်မမှတ်မိသလောက်ရေးပြရရင်တော့ …
မီးပူ ၁၂၀ တန်ကိုဝယ်ရင် ၂၀ လျော့ပေးမယ် …
ဆီပုံး ၆၀ တန်ကိုဝယ်ရင် ၁၀ လျော့ပေးမယ် …
ဆန် ၅၀ တန်တစ်အိတ်ကို ၁၀ လျော့ပေးမယ် ..
ထမင်းပေါင်းအိုး ၁၀၀ တန်ကို ၁၅ လျော့ပေးမယ် ..
ဘီစကတ်မုန့် ၂၅ တန်ကို ၅ လျော့ပေးမယ် …

စသဖြင့် ပုံနဲ့ ဈေးနှုန်းနဲ့ လျော့ဈေးနဲ့ကို ရေးထားပါတယ် ..

စုစုပေါင်းလိုက်ရင် အတိအကျ ၁၀၀ ဖြစ်ပါတယ် …

အဲဒီပစ္စည်းတွေကိုလဲ အဲဒီအပတ်အတွင်း ၀ယ်မှ လျော့ပေးမှာဖြစ်ပါတယ် …

ကဲ … စဉ်းစားသာကြည့်ပေတော့ … ကျွန်မတို့ ဘယ်လောက်မောသွားမလဲဆိုတာ … :P

ကျွန်မတို့ ၂ ယောက် ၂၆၀ ဖိုး မပြည့်ပြည့်အောင် ဇွတ်ဝယ်လိုက်တဲ့ပစ္စည်းတွေကလဲ များလွန်းလို့ တက်စီငှားစီးပြီး ပြန်လိုက်ရသေးတယ်လေ …

တရုတ်ပြည်မှာ ပစ္စည်းဈေးနှုန်းတွေက ဘယ်ဆိုင်မှာဝယ်ဝယ် ဈေးအတူတူပဲဖြစ်ပါတယ် … ကုတ်ထဲကဈေးအတိုင်းပဲ ရောင်းပါတယ် … အခုလိုလျော့ပေးတယ်ဆိုတာက တကယ့်ကို အထူးအစီအစဉ်ပါပဲ .. သူတို့က ညာတာမဟုတ်ပေမယ့် ကျွန်မတို့ကတော့ အလိမ်ခံလိုက်ရသလိုပါပဲ …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....