လျော့ဈေးတဲ့ … Promotion

weiweiDecember 25, 20101min18816

ခရစ်စမတ်အကြို ဈေးရောင်းပွဲတွေနဲ့ စည်ကားနေတဲ့ တရုတ်ပြည်က စူပါမတ်ကတ်တွေမှာ လျှော့ဈေးနဲ့ရောင်းတာတွေတွေ့မိတော့ ကျွန်မတစ်ခါ ခံခဲ့ရတာလေးကို ပြန်အမှတ်ရမိပါတယ်။ အကွက်စေ့စေ့နဲ့ လူလည်ကျတတ်တဲ့ တရုတ်ပြည်က လျော့ဈေးအစီအစဉ်တွေထဲက တစ်ခုပါ။ ဗဟုသုတရအောင်ပေါ့ …

လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက တရုတ်နှစ်သစ်ကူးနီးတဲ့တစ်ရက်မှာ ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက် လမ်းလျှောက်ထွက်ကြပါတယ်။ စူပါမတ်ကတ်နားလဲရောက်ရော အထူးအစီအစဉ်ဆိုပြီး စာလုံးအကြီးကြီးတွေနဲ့ ကြော်ငြာတွေကပ်ထားတယ်။ စိတ်ဝင်စားတာနဲ့ ဝင်ကြည့်လိုက်ပါတယ်။ ငွေရှင်းကောင်တာတွေမှာလဲ ရေးထားပါတယ်။ သူတို့ရေးထားတဲ့စာလုံးက ၁၃ဝ ဖိုးဝယ်ရင် ၁၀ဝ ဖိုး လက်ဆောင်ပေးမယ်တဲ့။ ကျွန်မတို့ တော်တော်အံ့ဩသွားပါတယ်။ အဲဒီစာလုံးလောက်ကို ကောင်းကောင်းဖတ်တတ်တော့ မှားစရာလဲမရှိဘူးပေါ့။ ဒါပေမယ့် အံ့ဩလွန်းလို့ အရောင်းစာရေးတစ်ယောက်ကို သေချာအောင်ထပ်မေးကြည့်ပါတယ်။ သူကလဲ ဟုတ်ပါတယ်တဲ့။ ၁၃ဝ ဖိုး ဘောက်ချာတစ်စောင်ပြနိုင်ရင် ၁၀ဝ ဖိုး အလကားပေးမှာတဲ့။

တော်တော်တန်နေပြီပေါ့နော် … တကယ်တော့ ကျွန်မတို့က ဈေးဝယ်ဖို့ထွက်လာတာမဟုတ်ဘူး။ အဲဒီအစီအစဉ်ကလဲ အချိန်အကန့်အသတ်နဲ့ဖြစ်နေတယ်။ အဲဒါနဲ့ ဖြစ်ချင်ရာဖြစ် ဝယ်ကြမယ်ဟာဆိုပြီး စတိုးဆိုင်ကြီးထဲဝင်ပြီး တစ်ယောက်ကို ၁၃ဝ ဖိုး ပြည့်အောင် (မပြည့်ပြည့်အောင်) ဝယ်လိုက်ကြပါတယ်။ ကောင်တာမှာငွေရှင်းတော့ ဘောက်ဂျာ ၂ စောင်ရပြီး လက်ဆောင်ထုတ်ရမယ့်နေရာကို ညွှန်ပြလိုက်ပါတယ်။ လူတွေတန်းစီနေတာ အများကြီးပဲ။ ကျွန်မတို့လဲ ဘာလက်ဆောင်တွေများရမှာလဲမသိဘူးဆိုပြီး စိတ်ကူးယဉ်နေကြသေးတယ်။ ကျွန်မတို့အလှည့်လဲရောက်ရော စာရွက် ၂ ရွက်ထုတ်ပေးပါတယ်။ အဲဒီစာရွက်ထဲမှာ ဈေးဝယ်လမ်းညွှန်ပါပါတယ်။ ပုံလေးတွေနဲ့ … ကျွန်မမှတ်မိသလောက်ရေးပြရရင်တော့ …
မီးပူ ၁၂ဝ တန်ကိုဝယ်ရင် ၂ဝ လျော့ပေးမယ် …
ဆီပုံး ၆ဝ တန်ကိုဝယ်ရင် ၁ဝ လျော့ပေးမယ် …
ဆန် ၅ဝ တန်တစ်အိတ်ကို ၁ဝ လျော့ပေးမယ် ..
ထမင်းပေါင်းအိုး ၁၀ဝ တန်ကို ၁၅ လျော့ပေးမယ် ..
ဘီစကတ်မုန့် ၂၅ တန်ကို ၅ လျော့ပေးမယ် …

စသဖြင့် ပုံနဲ့ ဈေးနှုန်းနဲ့ လျော့ဈေးနဲ့ကို ရေးထားပါတယ် ..

စုစုပေါင်းလိုက်ရင် အတိအကျ ၁၀ဝ ဖြစ်ပါတယ် …

အဲဒီပစ္စည်းတွေကိုလဲ အဲဒီအပတ်အတွင်း ဝယ်မှ လျော့ပေးမှာဖြစ်ပါတယ် …

ကဲ … စဉ်းစားသာကြည့်ပေတော့ … ကျွန်မတို့ ဘယ်လောက်မောသွားမလဲဆိုတာ … 😛

ကျွန်မတို့ ၂ ယောက် ၂၆ဝ ဖိုး မပြည့်ပြည့်အောင် ဇွတ်ဝယ်လိုက်တဲ့ပစ္စည်းတွေကလဲ များလွန်းလို့ တက်စီငှားစီးပြီး ပြန်လိုက်ရသေးတယ်လေ …

တရုတ်ပြည်မှာ ပစ္စည်းဈေးနှုန်းတွေက ဘယ်ဆိုင်မှာဝယ်ဝယ် ဈေးအတူတူပဲဖြစ်ပါတယ် … ကုတ်ထဲကဈေးအတိုင်းပဲ ရောင်းပါတယ် … အခုလိုလျော့ပေးတယ်ဆိုတာက တကယ့်ကို အထူးအစီအစဉ်ပါပဲ .. သူတို့က ညာတာမဟုတ်ပေမယ့် ကျွန်မတို့ကတော့ အလိမ်ခံလိုက်ရသလိုပါပဲ …

16 comments

  • bigcat

    December 25, 2010 at 7:41 pm

    ကျနော့်အသိတယောက်ပြောဘူးတယ်။ ပလပ်စတစ် လက်နှိပ်ဓာတ်မီးအကြီးတလုံးကို ရေမှာပေါ်စေနိုင်တယ်လို့ ရေးထားတယ်၊ ပြီးတော့ ပေါ့ပေါ့လေးမိုလို့ သူလည်းဝယ်လိုက်တယ်၊ အိမ်မှာသုံးကြည့်တော့ ရေမှာမပေါ်လို့ ဆိုင်သွားပြောတဲ့အခါ အဲဒီစာက ဓါတ်ခဲမထည့်ပဲ နှစ်ရင်ပေါ်တာကို ပြောတာလို့ ဆိုသတဲ့။

  • kai

    December 25, 2010 at 9:29 pm

    အဲဒါမျိုုးတွေအတွက် …ယူအက်စ်အစိုးရက.. ဈေးဝယ်သူတွေဖက်က အသာရစေတဲ့ ..စည်းကမ်းနည်းလမ်းတွေထုတ်ပေးထားတာပေါ့..။
    အရိုးရှင်းဆုံးပြောရမှာကတော့ … ရီတန်းပဲ..။
    အဲဒီ ရီတန်း( ဝယ်ပြိးပစ္စည်း ပြန်ပေး) စံနစ်ကြောင့်… ဈေးရောင်းသူတွေ …လုပ်ချင်တာလုပ်ကြစမ်း..။
    ဝယ်သူက..စိတ်တိုင်းမကျရင်… အဟဲဟဲ..
    ပြန်ပေးယုံပဲ..။ အမြင်ကတ်ရင်..တလလောက်သုံးပြီးမှကို ..ပြန်ပေးတယ်ကွ..ပေါ့..။

    မဝေရေ..
    တရုတ်ပြည်မှာ ..အဲဒီစံနစ်ရှိပါသလား.. သိချင်လို့ပါ..။

  • weiwei

    December 26, 2010 at 5:04 am

    ဟုတ်ကဲ့ … ပြန်လဲလို့ရပါတယ် … ၂ ပတ်အတွင်း မကြိုက်ရင် ပြန်လဲတဲ့စနစ်ရှိပါတယ် …

  • bigcat

    December 26, 2010 at 5:20 am

    လဲတာနဲ့ ပြန်ပေးတာ မတူဘူးဗျ၊ ဒီတချီတော့ တရုတ်ကြီးညံ့သွားပြီ။ လဲတာ ပိုက်ဆံပြန် မရဘူးလေ။ ဟိုတလောကတော့ ဖော်ဝပ်မေးလ်ထဲမှာ ရီတန်းလုပ်သူတဦးက သူကို bestbuy က restocking fee ၁၅%ချလို့ တိုင်စာပို့ကြဖို့ နှိုးဆော်တာ ရလိုက်တယ်။ သိသလာက်တော့ ဘက်စ်ဘိုင်က တချို့ အီလက်ထရွန်နစ်ပစ္စည်းတွေကို သတ်မှတ်ချိန်ကျော် အဖုံးဖွင့်ထားရင် အဲဒီကြေးကောက်တယ်။ အခုတော့ရှိသေးလား မသိဘူး။

  • weiwei

    December 26, 2010 at 5:28 am

    တရုတ်ကြီးက အကုန်လုပ်လို့ရတယ် .. လဲချင်လား ပြန်ပေးချင်လား … ဘာမဆိုရတယ် … သူတို့စနစ်နဲ့ သူတို့လူမျိုးနဲ့တော့ ရှုပ်ယှက်ခတ်နေတာပဲ … ဒယ်ဆိုးဝယ်လာပြီး မကြိုက်လို့ တစ်ခါသွားပြန်လဲဖူးတယ် … ပိုက်ဆံပြန်ယူမလား ပစ္စည်းလဲမလားလို့မေးတယ် …

  • ဆူး

    December 26, 2010 at 1:51 pm

    တို့များ ညန်မာ မှာ ဒါမျိုး ရဘူးထင်တယ်။ ဆိုင်းဘုတ် လက်ညိုးထိုးပြလိုက်မယ်။ ဝယ်ပြီး ပစ္စည်း ပြန်မလဲပါ။

  • etone

    December 27, 2010 at 3:53 am

    ဒီမှာကတော့ သိတဲ့အတိုင်းပဲလေ ။ ဝယ်ပြီးပစ္စည်းပြန်မလဲတာမပြောနဲ့ ဆိုင်မှာ တစ်ခုက နှစ်ခုမေးပြီး မဝယ်ပဲပြန်ထွက်ရင်တောင် ဝါးစားတော့မဲ့မျက်နှာနဲ့ကြည့်လို့ တစ်ခုမဟုတ်တစ်ခု ဝယ်ခဲ့ရတာချည်းပဲ ..။ အကျီင်္တွေဆိုလည်း ဝတ်မကြည့်ရပဲ ဝယ်ရတယ် ။ ငွေရှင်းပြီးပေမဲ့ အနာဆာတွေ့လို့ ရှော့ပင်းစင်တာထဲက မထွက်သေးပဲ သွားပြောလဲ မလဲပေးတော့ဘူး 😀

  • weiwei

    December 27, 2010 at 5:42 am

    တရုတ်မတွေများ အကျီတစ်ထည်ဝယ်ရင် အိမ်တစ်လုံးဝယ်သလားအောက်မေ့ရတယ် … ဝတ်ကြည့်လိုက်ရတာလဲ တစ်ဆိုင်လုံးပဲ .. ပြီးတော့လဲ မဝယ်ဘူး … ဆိုင်ရှင်တွေက တော်တော်သီးခံရတယ် …

    • kai

      December 27, 2010 at 8:19 am

      အဲဒါ..သူတို့..ရီတန်းမလုပ်တတ်သေးလို့..။
      ယူအက်စ်မှာတော့ … ဝယ်..ဝတ်..ပြီးရင်..ပြန်ပေးပဲ..။ စိတ်တိုင်းကျမကျ .. မသေချာရင်. . ၃-၄-၅ထည်လောက်မ, သွားကြတာ..။
      ဒင်နာပွဲတို့..မင်္ဂလာဆောင်ပွဲတို့ဝတ်တာတွေဆို .. ပိုသေချာတယ်..။(ရီတန်းဖို့)

  • char too lan

    December 27, 2010 at 10:00 am

    လေးခိုင်ကြည့်ရတာ ရီတန်းကိုတော်တော်သဘောကျနေပုံပဲ
    ဘယ်လောက်တောင် လက်စွဲနေလဲမသိဘူး 😀

  • MaMa

    December 28, 2010 at 2:19 am

    ရောင်းတဲ့ဆိုင်တွေဘက်က ကြည့်ရင်တော့ ဘယ်လိုလုပ်မလဲမသိဘူး။ ရီတန်းပြန်လာတဲ့ သူများဝတ်ပြီးသားတွေကို ပြန်ရောင်းတာဘဲလား။ ဒါဆို ကိုယ့်ရီတန်းကလည်း သူများရီတန်းပြီးသားကြီးများ ဖြစ်နေမလား။ တစ်ခါတုန်းက ဖတ်ဘူးတဲ့ အလကားရတဲ့ အရောင်းအဝယ်ဆိုပြီး ယူအက်စ်မှာ အလှကုန်အရောင်းမြှင့်တင်ရေးလုပ်တာကိုရေးထားတာရှိတယ်။ ကိုယ်ဝယ်တဲ့တန်ဖိုးအတိုင်း (၃ဝဖိုးဆိုရင် ၃ဝလုံးကို) နောက်၃လကြာရင် ကိုယ့်ဆီကို ပြန်ပို့ပေးတယ်ဆိုတာလိုမျိုးများ ဖြစ်နေမလား။ အဲဒီပုံစံ အရောင်းအဝယ်ကိုတော့ ထုတ်လုပ်တဲ့ ကုမ်ပဏီက ငွေကြပ်တဲ့အချိန်(သို့) ပစ်စည်းလက်ကျန်များတဲ့အခါမျိုးမှာ ကိုယ့်ပစ်စည်းကို သုံးစွဲသူလက်ထဲရောက်ပြီး သုံးဖြစ်အောင် ကြေငြာတဲ့သဘောလည်းဖြစ်၊ ငွေလည်းလည်ပတ်အောင် လုပ်တာလို့ ပြောတယ်။ အဲဒီလို ရီတန်းကိုလည်းဘယ်လိုပုံစံနဲ့ ရောင်းတဲ့ ဆိုင်တွေကလုပ်တာလည်း အကျိုးအကြောင်း သိချင်ပါတယ်။ သိလျှင်ပြောပြပေးကြပါ။ မာကက်တင်းဗဟုသုတရတာပေါ့။

  • bigcat

    December 28, 2010 at 4:56 am

    မမပြောတာ ရီဘိတ် rebate ထင်တယ်။ ကြောင်ကြီးတို့အကြိုက်ပေါ့။ ကုမ္မဏီတွေ ငွေကြပ်တဲ့အခါ၊ ရေတိုငွေချေးစရိတ်က ပိုကြီး၊ ပိုလက်ဝင်တဲ့ အခါမျိုးမှာ လုပ်လေ့ရှိတယ်။ တချို့ပစ္စည်းတွေကျတော့ မော်ဒယ်အောက်၊ လူမကြိုက်တဲ့ အီလက်ထရောနစ်လို အလွယ်တကူ စွန့်ပစ်လို့မရတဲ့ပစ္စည်းတွေကို ရီဘိတ်နဲ့ ပြန်ထုတ်တယ်။ ရီဘိတ်ပိုက်ဆံကို အချိန်တခုအထိ လုပ်ငန်းလည်ပတ်ငွေထဲ ထည့်ထားလို့ ရတာပေါ့။ တချို့ပစ္စည်းတွေကျတော့လည်း အပြင်ဘူးခွံတောင်မရှိတော့ဘူး။ သိုလှောင်ရုံကနေ တန်းပို့သလို ပြောတတ်တယ်။ ကွန်ပြူတာတလုံးကို ၁၀၀၊ ၂၀ဝ မျိုးပြန်ပေးတယ်။ ဒါပေမဲ့ သတ်မှတ်တဲ့ စည်းကမ်းတွေနဲ့ အညီတင်ပြရမယ်။ ပေးထားတဲ့ ရက်မတိုင်ခင် မူရင်းလက်ခံဖြတ်ပိုင်း၊ ဘူးခွံယူပီစီဘားကုတ် တခုမကျန်မလွဲရဘူး။ တကယ်လို့ ရောင်းကထဲက တဦးကို တလုံးထက် ပိုမဝယ်ရလို့ သတ်မှတ်ထားရင် ပြန်တင်တဲ့အခါ ချက်လက်မှတ်ပို့ပေးရမဲ့ လိပ်စာမတူရဘူး။ ဆဲလ်ဖုံး လိုမျိုးဆိုရင် တခါတလေ ရီဘိတ်ပေးတာက ပိုများတတ်တယ်။ အစိုးရ အခွန်ဥပဒေနဲ့ ပတ်သက်လို့လဲ အတိုင်းအတာတခုအထိ အရှုံးပြလို့ရမယ်ထင်တယ်။ ကုမ္မဏီကြီးတွေက လုပ်နေကြဆိုတော့ ဘယ်နှစ်ခု ရီဘိတ်နဲ့ထုတ်ရင် ခိုင်လုံတဲ့ ရီဘိတ်ဖောင်က ဘယ်နှစ်ရာခိုင်နှုန်းပဲ ပြန်လာတယ်ဆိုတာ ခန့်မှန်းခြေသိတယ်။ သိရသလောက်တော့ မက်လောက်စရာ ရာခိုင်နှုန်းတခုအထိ ပြန်ပေးစရာ မလိုဘူး။ တချို့က အချိန်လွန်သွားလို့၊ တချို့က ပြည့်စုံလို့၊ တချို့ကမှားဖြည့်လို့၊ တချို့ကြတော့ ဝယ်တုန်းကဝယ်ပြီး ပြန်တင်ရမဲ့ငွေက နဲတဲ့အခါ ဥပမာ ၁၀၊ ၁၅ဒေါ်လာမျိုး အလုပ်ရှုပ်ခံပြီး သွားမတင်ကြတော့ဘူး။ ရီဘိတ်လုပ်ငန်းကို သက်ဆိုင်ရာကုမ္မဏီတွေကိုယ်စား တာဝန်ခံလုပ်ပေးတဲ့ ရီဘိတ်စင်တာတွေရှိတယ်။ ရီဘိတ်ဖောင်ပို့ရင်သူတို့ဆီပိုရတယ်။ သူတို့ကပဲ ရီဘိတ်ချက်ကို ပြန်ပို့ပေးတယ်။ ကျနော့်အသိတယောက်ဆို ဒေတာဘေ့စ် မှားလို့ထင်တယ် တမျိုးထဲကို ချက်နှစ်ခါတောင်ရဘူးတယ်။ အဲဒါမျိုးသူရတာ နှစ်ခါတောင်ရှိပြီ။
    ဖွင့်ဖောက်ပြီးသား၊ သုံးပြီးသားတွေကျတော့ refurbished ရီဖာဗစ်ရှ် ပြန်လည်ပြင်ဆင်ပြီး recertified ပြန်လည်စစ်ဆေးပြီး ဆိုပြီး မူရင်းဈေးထက် ၂၀%လောက် လျော့ရောင်းတယ်။ ဒါပေမဲ့ ဝါရန်တီကာလ ကိုတော့ အပြည့်မပေးတော့ဘူး။ အဝတ်အထည်လိုမျိုး ဆိုရင်တော့ ပိုဈေးချပေးရပြီ။

  • ဆူး

    December 28, 2010 at 6:45 am

    ဦးကြောင်ကြီး ပြောတာ တော့ သိပ်နားမလည်ဘူး။ နိုင်ငံတခုမှာ ဈေးဝယ်ထွက်တဲ့ ဘောက်ချာကို ပြန်ထွက်ခါနီးတော့ %နဲ့ ပြန်ထုတ်ပေးတာတော့ သိတယ်။

  • kai

    December 28, 2010 at 10:20 am

    ရီဘိတ်က .. ရီတန်းနဲ့မတူဘူး..။
    ပြီးခဲ့တဲ့၂လကတင်.. ဟတ်ဒစ်တလုံးဝယ်တယ်..။ ၁၃ဝလောက်ကျတယ်..။ အဲဒီမှာ ရီဘိတ် ၂၅ ဒေါ်လာပေးမယ်ပြောထားတယ်..။
    အင်တာနက်က .. ဝယ်လိုက်တော့ ..ထည့်တဲ့ဘူးလေးနဲ့ပို ့လာတာပေါ့။
    ဘောက်ချာလည်းပါတယ်လေ..။

    အဲဒါ ..စမ်းသုံးကြည့်တော့ … မဆိုးဘူး..။ လိုချင်တဲ့အမြန်နှုန်းရတယ်ပေါ့..။ ဆိုတော့ ..ရီတန်းပြန်မလုပ်တော့ဘူး..ဆုံးဖြတ်တယ်..။
    အဲဒါဆိုရင် .. ရီဘိတ်ထုတ်မယ်ပေါ့.။ရီဘိတ်ငွေထုတ်မယ်ဆိုရင် … မူရင်းဘောက်ချာနဲ့.. ဘူးဘေးက.. ယူပီစီကုဒ်ခေါ်တဲ့ ပစ္စည်းအမျီုူးအမည်နံပါတ်ဘားကုတ်လေးပါ ..ဘူးကိုဖြဲပြီး ပြန်ပို ့ရတယ်..။
    အဲဒီလိုလုပ်ပြီးသားဆို ..ရီတန်းလုပ်လို့မရတော့ဘူးလေ..။

    အခုတပါတ်ကတင်… ဒေါ်လာ ၂၅ဒေါ်လာကို .. ခရက်ဒစ်ကဒ်ထဲထည့်ပြီး ပို ့လိုက်ပြီဆိုတဲ့အကြောင်း အီးမေးလ်ပို ့လာတယ်..။
    စုစုပေါင်းတလခွဲ-၂လလောက်ဆို … ၂၅ဒေါ်လာပြန်ရမှာပါ။
    အဲဒါ ရီဘိတ်လို့ခေါ်ပါတယ်..။
    ( စကားမစပ်.. အဲဒီဟတ်ဒစ်က … ကိုကြောင်ကြီးပေးတဲ့ ..လင့်ခ်ကနေပဲ..သွားဝယ်လိုက်တာ.. ကျေးဇူးတင်ကြောင်းလေးပါ ပြောလိုက်ပါတယ်..)

    ကြည့်ရတာ ..ဆူးမမ ပြောတဲ့ ရာခိုင်နှုန်းတခုဆိုတာက .. ပစ္စည်းဝယ်အခွန်ထင်ပါတယ်..။
    အဲဒီဈေးဝယ်တဲ့နိုင်ငံမှာ အမြဲတန်းနေသူမဟုတ်ရင် … ပတ်စပို ့နဲ့.. အဲဒီအခွန်ငွေကို ပြန်ထုတ်လို့ရတတ်တယ်..။
    အခွန်ငွေက..ဈေးဝယ်တော့ တခါတည်းထည့်ဖြတ်ထားတာကို ..ပြန်ပေးတတ်တာပါ..။
    ဂျပန်မှာတော့ ..ဂျူတီဖရီးလို့ ရေးထားတတ်ကြတာပေါ့..။
    ယူအက်စ်မှာတော့ .. အင်တာနက်ကဝယ်ရင် …ဝယ်တဲ့သူတဲ့ရောင်းတဲ့သူ… ပြည်နယ်မတူရင်.. ပြည်နယ်ခွန် ၉ ရာခိုင်နှုန်းလောက် ပေးစရာမလိုဘူး..။
    အဲဒါသက်သာတယ်.။

  • eros

    December 28, 2010 at 1:15 pm

    ဪကောင်းပေစွတကား၊ သူများနိုင်ငံက customer service ဆြာခိုင်တို့ ဦးကြောင်ကြီးတို့ ကံကောင်းပေစွတကား။

  • weiwei

    December 28, 2010 at 5:11 pm

    တရုတ်ပြည်မှာ အွန်လိုင်းဈေးဝယ်တဲ့စနစ် တော်တော်လေးခောတ်စားနေပြီ … ရှော့ပင်ကို အွန်လိုင်းကနေပဲ လုပ်ကြတာတွေ တော်တော်များလာပြီ … ရီတန်းလုပ်လို့ရပေမယ့် ရီဘိတ်ဆိုတာကိုတော့ နားမလည်ဘူး … ကျွန်မကတော့ ပစ္စည်းဝယ်လေ့သိပ်မရှိဘူး … လေယာဉ်လက်မှတ်လောက်ပဲ အွန်လိုင်းကနေ ဝယ်ဖူးတယ် … အွန်လိုင်းကဝယ်တာ အပြင်မှာဝယ်တာထက် ဈေးပိုသက်သာတယ် …

Leave a Reply