အသဲထဲ စွဲမြဲ

ashinindakaDecember 27, 20101min14012

ဗုဒ္ဓဘာသာဝင်တွေက ဘုရားရှင်ရဲ့
ရုပ်ပွါးတော် ရုပ်တုတော် ဆင်းတုတော်တွေကို
ကိုးကွယ်ဆည်းကပ်ကြတယ်။ အရိုအသေပေးကြတယ်။
ရုပ်ပွါးတော်ဆိုတာ ဘုရားရှင်ရဲ့ ရုပ်ပုံတော်ကို ပွါးထားတာဖြစ်တယ်။
ရုပ်တုဆိုတာကလဲ ဘုရားရှင်ရဲ့ ရုပ်ပုံတော်ကို တုထားထာဖြစ်တယ်။
ဆင်းတုတော်ဆိုတာကလဲ ဘုရားရှင်ရဲ့ အဆင်းကို တုထားတာသာဖြစ်တယ်။

ဆိုတော့ ဗုဒ္ဓဘာသာဝင်တွေ ဘာလို့ ဒီရုပ်ပွါးတော်၊ ရုပ်တုတော်၊
ဆင်းတုတော်တွေကို ကိုးကွယ်ဆည်းကပ်နေရတာလဲ။
တကယ်တော့ ဗုဒ္ဓဘာသာဝင်တွေက ရုပ်ပွါးတော်၊ ရုပ်တုတော်၊
ဆင်းတုတော်တွေကို ကိုးကွယ်ဆည်းကပ်တာ မဟုတ်ပါဘူး။

ဘုရားရှင်ရဲ့ ရုပ်ပွါးတော်၊ ရုပ်တုတော်၊ ဆင်းတုတော်တွေကို ကြည့်ပြီး
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ဝ ကျော်က ပွင့်ခဲ့တဲ့ ပေါ်ပေါက်ခဲ့တဲ့
ဘုရားရှင်ကို အလွယ်တကူ အာရုံပြုနိုင်အောင်လို့၊
အာရုံပြုနိုင်ပြီး ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေကို လွယ်လင့်တကူ
သတိရနိုင်ဘို့အတွက် ဘာသာရေးကျောင်းတွေ၊ အိမ်တွေမှာ
ရုပ်ပွါးတော်၊ ရုပ်တုတော်၊ ဆင်းတုတော်တွေထားရှိရခြင်းဖြစ်ပါတယ်။

တကယ်လို့
ဘုရားရှင်ရဲ့ ရုပ်ပွါးတော်၊ ရုပ်တုတော်၊ ဆင်းတုတော်တွေ မထားဘဲ
မိမိရဲ့စိတ်က မိမိရဲ့ နှလုံးသားက
ဘုရားရှင်ကို ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေကို
အာရုံပြုနိုင်၊ အလွယ်တကူ ပြန်လည်သတိရနိုင်တယ်ဆိုရင်
ရုပ်ပွါးတော်၊ ရုပ်တုတော်၊ ဆင်းတုတော်တွေ ထားစရာ မလိုတော့ပါဘူး။
ဦးဏှောက်ထဲဝယ် နှလုံးသားဝယ် အမြဲတမ်း ဘုရာတည်ပြီးသားဖြစ်နေလို့ပါဘဲ။

တချို့က ဒီလို နားမလည်ဘဲ ဗုဒ္ဓဘာသာဝင်တွေက ရုပ်တုကိုးကွယ်သူတွေ
(Idol Worshippers) တွေလို့ ပြောကြတယ်။

တကယ်တော့ ဒီလိုမဟုတ်ပါဘူး။
ရုပ်တုထား၊ ရုပ်တုကို အလေးပေးတယ်ဆိုတာ
ရုပ်တုချည်းသက်သက်ကို အလေးပေးတာမဟုတ်ပါဘူး။
ဒီရုပ်တုနောက်က ဂုဏ်တော်အထိ စိတ်ရောက်အောင်
အာရုံပြုပြီး အလေးပေးတာပါ။
ဘုရားရှင်က ရုပ်တုမပြောနဲ့
ရုပ်အစစ်ဖြစ်တဲ့ သူ့ရဲ့ ခန္ဓာကို အတ္တဘောကိုတောင်
မကိုးကွယ်စေလိုပါဘူး။ သဘောမကျစေလိုပါဘူး။

ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါက
ဝက္ကလိဆိုတဲ့ ဘုန်းကြီးတစ်ပါးရှိတယ်။
ဘုရားရှင်ကို ကြည့်ပြီး အတော်သဘောကျနေတယ်။

ဘုရားရှင်ရဲ့ ရူပကာယ ရုပ်ခန္ဓာကိုယ်ကလဲ
အတော်ကြည့်လို့ ဖူးမျှော်လို့ ကောင်းမှာကိုး။
ဘုရားရှင် ဘယ်သွားသွား ဒီဘုန်းကြီးက
နောက်က တကောက်ကောက်လိုက်ပြီး ကြည့်လေ့ရှိတယ်တဲ့။

တစ်နေ့ ဘုရားရှင်က
ဟဲ့ ဝက္ကလိ၊ ငါ့ခန္ဓာကိုယ်ကြီးကို ဘာလို့ ဒီလောက်တောင် ကြည့်နေရတာလဲဟဲ့။
ငါ့ခန္ဓာကိုယ်ကလဲ အပုတ်ကောင်၊
နင့်ခန္ဓာကိုယ်ကလဲ အပုတ်ကောင်၊
အတူတူပဲဟဲ့။
သွား၊ တရားသာအားထုတ်၊
ဒီငါ့ခန္ဓာကိုယ်ကို ကြည့်နေလို့ကတော့ ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။
တရားအားထုတ်လို့
တရားကို သိမှ ငါဘုရား (ဘာဆိုတာ) သိမယ် လို့ပြောပါတယ်။။

ဒါနဲ့စပ်လို့ ကြားဘူးတာလေး ပြောရအုံးမယ်။
တိပိဋက မဟာဂန္ဓာရုံဆရာတော်နဲ့ တိပိဋက ယောဆရာတော်တို့
ကိစ္စတစ်ခုနဲ့ ထိုင်းနိုင်ငံကို သွားဖြစ်တယ်။
နာမည်ကြီးစာတတ်ဆရာတော်ကြီးတွေဆိုတော့
ဘန်ကောက်မှာ နာမည်ကြီးတဲ့ မြဘုရားကိုလဲ လိုက်ပို့ကြတာပေါ့။
တိပိဋက မဟာဂန္ဓာရုံဆရာတော်ကတော့ ကားပေါ်ကဆင်းပြီး သွားဖူးတယ်တဲ့။

တိပိဋက ယောဆရာတော်က သွားမဖူးဘူးတဲ့။
တိပိဋက ယောဆရာတော်က
သူ့ရဲ့ နှလုံးသားထဲမှာ ဘုရားကို အမြဲတမ်း သတိရနေကြောင်း၊
ဘုရားရှင် အမြဲရှိနေကြောင်း၊
သူဟာ ဘုရားနဲ့အတူနေနေသူဖြစ်နေကြောင်း၊
ဒါ့ကြောင့် ဘာဘုရား ညာဘုရားတွေ မလိုကြောင်း၊
ဘုရားဟာ အတူတူဘဲဖြစ်ကြောင်း စသည် စသည်ပြောပြပြီး
လိုက်ပို့တဲ့ကားပေါ်မှာ ဒီလိုပဲ ထိုင်နေခဲ့တယ်တဲ့။
ဒါဟာ ဗုဒ္ဓဘာသာဝင်တွေ ရုပ်တုကို
ကိုးကွယ်တာ မဟုတ်ဘူးဆိုတာနဲပတ်သက်ပြီး
သာဓကတစ်ခုပါဘဲ။

တကယ်တော့ ဒီရုပ်တုကို အလေးပေးတာဟာ
နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံကို ကျေးဇူးပြုခဲ့ဘူးတဲ့ သူတွေကို
ရုပ်တုထုလုပ်ပြီး အလေးပေးတာနဲ့ ခပ်ဆင်ဆင်ပါဘဲ။

ဆိုပါစို့။ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု။
မြန်မာပြည်ကို လွတ်လပ်ရေးရအောင် ကိုယ့်အသက်ကို မငဲ့ကွက်ပဲ
ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ
မြန်မာပြည်သူ ပြည်သားအားလုံး ကျေးဇူးတင်ထိုက်ပါတယ်။
ကျေးဇူးတင်ရမှာပါ။

ဒါကြောင့်မို့လဲ မြန်မာပြည် မြို့အသီးသီးရဲ့ အထင်ကရနေရာတွေမှာ
ဗိုလ်ချုပ်ရုပ်တုကို ထားရှိပြီး အလေးပြုနေကြတာပါ။
ဗိုလ်ချုပ်ရုပ်တုဟာလဲ ရုပ်တုပါဘဲ။ ဒါပေမဲ့ ဒီရုပ်တုကို ကြည့်ပြီး
ဗိုလ်ချုပ်ရဲ့ ဂုဏ်ကျေးဇူးတွေကို ပြန်လည်အမှတ်ရကာ
ကျေးဇူးတင်တဲ့အနေနဲ့ အလေးပြုနေကြတာပါ။

ကိုယ့်ရဲ့မိခင် ဖခင်တွေရဲ့ ဓာတ်ပုံတွေ ပုံတူတွေ ဧည့်ခန်းတွေထဲမှာ
ထားရှိချိတ်ဆွဲထားတာလဲ အတူတူပါဘဲ။
ဓာတ်ပုံဟာ တကယ်တော့ သက်မဲ့ဖြစ်တဲ့ လူကဖန်တီးထားတဲ့ စက္ကူပါဘဲ။

ဒါပေမဲ့ ဒီဓာတ်ပုံတွေကို ကြည့်ပြီး မိဘတွေရဲ့
ကိုယ့်အပေါ် (သားသမီးတွေအပေါ်မှာ)
ပြုစုစောင့်ရှောင့်ခဲ့တဲ့ ကောင်းခဲ့တဲ့
ဂုဏ်ကျေးဇူးတွေကို ပြန်လည်အမှတ်ရလာအောင်
အလွယ်တကူ ပြန်လည်ကျေးဇူးပြုချင်စိတ်ရှိလာအောင်
မိဘတွေရဲ့ ဓာတ်ပုံလေးတွေကို ချိတ်ဆွဲထားကြတာပါ။

ဘုရားရှင်ရဲ့ ရုပ်တု၊ ဆင်းတုတွေကို
အိမ်၊ ကျောင်းတွေမှာ ထားပြီး အလေးပေးကြ၊ ကိုးကွယ်ကြတာလဲ ဒီနည်းတူပါဘဲ။

ဒါပေမဲ့ ဗိုလ်ချုပ်တို့လို နိုင်ငံ့ကျေးဇူးရှင်တွေက
နိုင်ငံလွတ်လပ်ရေးရအောင် (လောကီလွတ်လပ်ရေးရအောင်)
ကြိုးပမ်းပေးကြလို့ လောကီကျေးဇူးရှင်တွေပေါ့။

ဘုရားရှင်ကတော့ လောကီချမ်းသာ ဆင်းရဲက လွတ်မြောက်အောင်
ချမ်းသာစစ်ဖြစ်တဲ့ လောကုတ္တရာချမ်းသာ နိဗ္ဗာန်ချမ်းသာကို ရရှိအောင်
ညွှန်ပြပေးလို့ တကယ့် ဧရာမကျေးဇူးရှင်ကြီးပေါ့။

ဒီအတွက် အခြားအခြားဘာသာဝင်တွေလို
သောကြာနေ့မှ၊ တနင်္ဂနွေမှ သူတို့ဘုရားကို အမှတ်ရ ရှိခိုးကြသလိုမျိုးမဟုတ်ဘဲ
မိမိတို့ရဲ့ ဦးဏှောက်ထဲ အသဲထဲ နှစ်လုံးသားထဲမှ
မိမိတို့ယုံကြည်တဲ့ဘုရားရှင် ထာဝရ အမြဲတမ်း စက္ကန့်မလတ်
တည်ရှိအောင် ကြိုးစားရပါမယ်။

12 comments

  • eros

    December 27, 2010 at 8:52 am

    သာဓု သာဓု သာဓုပါ အရှင်ဘုရား။ အရှင်ဘုရားရှိတဲ့အတွက် တပည့်တော်တို့ မန်းလေးဂေဇတ်မှာ တရားဓမ္မနဲ့ ပတ်သက်ပြီး အင်မတန်အားရှိပါတယ်ဘုရား။

    • ashinindaka

      December 27, 2010 at 9:35 am

      တရားဓမ္မနဲ့ပတ်သက်ပြီး အင်မတန်အားရှိပါတယ်ဆိုလို့ ဒီကလဲ အားတက်မိကြောင်းပါ eros ရေ။

  • eros

    December 27, 2010 at 9:54 am

    အရှင်ဘုရား

    ဒါနနဲ့ ပတ်သက်ပြီးမေးလျှောက်ချင်လို့ပါဘုရား။ ယခုကာလမှာ NGO တွေက အကူအညီတွေ ပေးနေတာတွေ့ရပါတယ်။ဒီလိုအကူအညီတွေပေးနေတာ ကုသိုလ်ရပါသလားဘုရား။ NGO တွေမှာ လစာနဲ့ လုပ်နေသောဝန်ထမ်းများ ကုသိုလ်ရပါသလားဘုရား။နိဗ္ဗာနပစ္စယောဟောတု လို့ကြားဘူးပါသည်ဘုရား။ ဒါပေမယ့် NGO တွေလှုဒါန်းအကူအညီတွေပေးမှုမှာ စည်းကမ်းချက်တွေထည့်ပါတယ်ဘုရား။ ဥပမာ သူဌေးတယောက်ဒါမမဟုတ် NGO အဖွဲ့ကြီးက ရွာတရွာမှာ၊ ကျောင်း၊ရေကန်လှုဒါန်းချင်ပါတယ်ဘုရား။ သူ၊ NGO အဖွဲ့ကြီးက တခြား NGO တွေကိုငွေပေးပြီးသူ့ကိုယ်စား၊ ကျောင်း၊ရေကန်ဆောက်ခိုင်းပါတယ်ဘုရား။ ဆောက်နေစဉ်မှာရော၊ ဆောက်ပြီးတဲ့ အချိန်မှာပါ အစီရင်ခံစာနဲ့ရော၊ ဘောက်ချာ၊ ပစ္စည်းဝယ်ငွေရှင်းပြေစာတွေနဲ့ စစ်ဆေးပါတယ်၊စာရင်းစစ်ပါတယ်ဘုရား။ မှားတာ၊ဒါမှမဟုတ် မသင်္ကာတာတွေ့ ရင် ဖြေရှင်းချက်တောင်းပါတယ်ဘုရား။ ဒါကြောင့်ကုသိုလ်ရနိုင်မရနိုင် သိလိုပါတယ်ဘုရား။ post တခုလောက်ရေးပေးစေလိုကြောင်း လျှောက်ထားပါသည်ဘုရား။

    • ashinindaka

      December 27, 2010 at 10:01 am

      မှတ်မှတ်သားသားဦးဏှောက်တည်းဟူသော Hardisk ထဲ တည့်ထားလိုက်ပါ့မယ်။ အကြောင်းစုံလာရင် ဒီအကြောင်းလေးတွေ ရေးပါ့မယ် eros ရေ။

  • ဆူး

    December 27, 2010 at 10:01 am

    ဆရာတော်
    ဒီအကြောင်းနဲ့ ဆက်စပ်ပြီးတော့ ဘာဝနာ တရား ပွားများပုံနဲ့ နှလုံးသွင်းပုံကို ဆက်လက် ဖော်ပြပေးပါရန် အများ အကျိုးမျှော်တောင်းဆိုပါတယ်ရှင်…. နောက်တခု ထပ်ရေးပေးပါအုန်း။

    • ashinindaka

      December 27, 2010 at 10:07 am

      ရေးဘို့ အစီအစဉ်ရှိပါတယ်။ သင့်တော်သလိုပေါ့။ အားရင် အားသလို အရေးကြီးတာတွေကို ဦးစားပေးရေးပြီး ဦးစားပေးတင်ပေးပါမည်ဖြစ်ကြောင်း။

  • thidakywewa1

    December 27, 2010 at 12:08 pm

    အရှင်ဘုရား နောက်လည်းများများရေးသားပိုပေးနိုင်ပါစေ ။ဒါမှ တပည့်တော်တို့ လည်း အွန်လိုင်းတတ် ရင်း ဘုရားတရားအကြောင်းပိုသိရတာပေါ့။ ကျေးဇူးတင်ပါတယ်။။

    • ashinindaka

      December 27, 2010 at 12:14 pm

      အကျိုးများတယ်သိရလို့ ဝမ်းသာပါတယ်။ ဆက်ရေးဘို့ အားဖြစ်စေတယ်။

  • naywoonni

    December 27, 2010 at 12:17 pm

    ဒီလိုစာမျိုးတွေ ရှိလာတာ ဖတ်ရတာ ကောင်းပါတယ်ဘုရား တပြည့်တော်တို့ ရေးရင် ဘာသိလို့လဲ အမေးခံရမှာ ရေင်သလောက်သိပ်လက်မရဲပဲ တွန့်တွန့် နေရတာ အရှင်ဘုရားတို့ ဝင်ရေးလာတာ အားပေးရမှာပေါ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 27, 2010 at 3:32 pm

    အရှင်သူမြတ်ဘုရား
    စေတီလေးမျိုးကို အကြောင်းပြု၍
    စေတီ မှသည် ထို
    ရုပ်ပွား၊ ရုပ်တု၊ ဆင်းတု တော် စသည် တို ့အား သဒ္ဓါဖြင့်
    ပူဇော်ခြင်း အကြောင်းတို ့မှ ရရှိအပ်သော အကျိုးကျေးဇူးများကိုလည်း
    ယှဉ်တွဲ၍ ဟောကြားရေးသားအပ်ပါသည်ဟူ၍လည်း
    တပည့်တော် ဒါယကာမိုက် ကယ်ဂျော်နီအောင်ပုမှ ခြေစုံဦးခိုက်၍ ရိုသေစွာလျှောက်ထားအပ်ပါသည်အရှင်သူမြတ်ဘုရား။

    • ashinindaka

      December 28, 2010 at 9:09 am

      ဒကာဂျော်နီ၊ ပျောက်သွားတယ်။ ဆက်စပ်တဲ့ဆောင်းပါးလေးတွေ တင်ပေးပါ့မယ်။ သီးခံစောင့်ဖတ်ဘို့ ပြောပါရစေ။

  • char too lan

    December 28, 2010 at 9:06 am

    ဒီပိုစ့်က တပည့်တော်အတွက်တန်ဖိုးရှိတယ် ကျေးဇူးကြီးပါတယ်~~
    ကူးယူသိမ်းထားခွင့်ပြုပါ အရှင်ဘုရား~

Leave a Reply