ထွေးတော့ ထွေးပါဘဲ… ဒါပေမယ့်…….” အပိုင်းတစ်

ထွေးတော့ ထွေးပါဘဲ………………………….ဒါပေမယ့်………………………..”

ကျနော်တို့ မြန်မာစကားလုံးမှာ “ထွေး”ဆိုတဲ့စကားလုံးလေးက အနက်အဓိပ္ပါယ်အလွန်
လှပတဲ့ စကားလုံးလေးဖြစ်ပါတယ်။ ညီမအငယ်ဆုံး ညီအငယ်ဆုံးဆိုတာထက်(
ညီမအထွေးဆုံးလေး ညီအထွေးဆုံးလေး )လို့ဆိုလိုက်ရင်ချစ်ခင်ယုယမူ့သဘောလေးရဲ့
နွေးထွေးမူ့ကလေးပါသွားတယ်လို့ စိတ်ထဲမှာ ခံစားရပါတယ်။
နောက်မြန်မာစကားလုံးသုံးကြရာမှာလဲ ” ထွေး” ဆိုတဲ့စကားလုံးလေးကိုသုံးတဲ့နေရာမှာ “ဆန်ထွေးထွေးလေး”လို့ပြောလိုက်ရင်
ပူးပေါင်းပါဝင်နေတယ် နူးညံ့တယ်ဆိုတဲ့သဘောကို
သွယ်ဝိုက်သောအားဖြင့်ပြောလို်က်တာနဲ့တူပါတယ်။ ” သူ့တို့မောင်နှမတွေများ
ကြည့်လိုက်ရင် လုံးထွေးနေတာဘဲ”တို့ ” သူတို့သူငယ်ချင်းတွေက တော့
နေကြထိုင်ကြတာ လုံးလားထွေးလားဘဲ” တို့ ပြောလိုက်ရင် အဲဒီမှာ သုံးထားတဲ့ ”
ထွေး” ဆိုတာကလည်း ချစ်ခင်ရင်နှီးတယ်ဆိုတဲ့သဘောကိုရည်ညွှန်းတာပါဘဲ။ဒါပေမယ့်လဲ

“ထွေး”လို့သုံးလိုက်တိုင်းဒီလိုနူးညံ့သိမ်မွေ့တဲ့ချစ်စရာကောင်းတဲ့သဘောကိုမဆောင်တာတွေလည်းရှိပါတယ်။
ရုပ်ရှင်တွေ ပြဇာတ်တွေ မှာဝတ္တုတွေမှာ ဇာတ်မနာနာအောင် မင်းသားမင်းသမီးကို
ပိုပြီးသနားအောင် ပရိတ်သတ်မျက်ရည်ကို ချူချဘို့ အတွက်
အမုန်းခံရတဲ့နေရမှာအသုံးတော်ခံရတဲ့နေရာကိုုုု အမုန်းခံဘို့အတွက်
တစ်သက်စာလိုင်စင် ပေးထားကြပါတယ်။ သူတို့ကတော့ ဆိုးတယ်ဆိုရင်လဲ ဆိုး
ကောင်းပါတယ်ဆိုရင်လဲ ဆိုး တယ်လို့ အသတ်မှတ်ခံရရှာတဲ့ မိထွေး တို့ ပထွေး
တို့ပါဘဲ။
ရေးသမျှ ဝတ္တု ၊ရိုက်သမျှရုပ်ရှင် စင်တင်သမျှ ပြဇာတ် အကုန်နီးပါးလောက်မှာ လူကြမ်းနေရာက ပါဝင်ရသူတွေပေါ့။
သူတို့ဘယ်လောက်ကောင်းကောင်း ကောင်းခွင့်မရသူတွေလို့ လဲ စိတ်ထဲမှာခံစားရပါတယ်။
ဆိုးတဲ့မိထွေးပထွေးတွေကလဲလောကမှာအများကြီးပါဘဲ။ ဒါပေမယ် ့လူတွေအမြင်မှာ”
မိထွေးတော် ဂေါတမီ “ကလွဲရင် ဘယ်သူမှ မကောင်းဘူးလို့ ပုံသေ
သတ်မှတ်ထားသလိုဖြစ်နေတာလဲအမှန်ပါဘဲ။ ကျနော်ဆုံဘူးတဲ့ မိထွေး
ပထွေးလေးအကြောင်းကို သတိရလို့ ပြောပြချင်ပါသေးတယ်။
ကျနော်အခုနေတဲ့ တိုက်ခန်းလေးကို 2000ခုနှစ်အလွန်လောက်မှာပြောင်းလာခဲ့ပါတယ်။
ကျနော်နေတဲ့တိုက်ခန်းနဲ့မျက်နှာခြင်းဆိုင်မှာလည်း သီးသန့်ခြံဝန်းလေးတွေနဲ့
အိမ်ကလေးတွေလေးငါးလုံးရှိပါတယ်။ကျနော်နေတဲ့အခန်းနဲ့မျက်စောင်းထိုးလောက်မှာ
(6)နှစ်လောက်ယောက်ျားလေးတစ်ယောက်၊သုံးနှစ်အရွယ်သားတစ်ယောက်၊ အခါလည်သား
လေးတစ်ယောက်နဲ့ လင်မယားစုံတွဲနဲ့ဆိုရင ်စုစုပေါင်း ငါးယောက်ရှိတဲ့
မိသားစုလေး နေပါတယ်။ ယောက်ျားက ကျနော်တို့ လို အသားညိုညို ဝဝ မိန်းမကအသား
ဖြူစပ်စပ် တရုပ်မလို့ပြောရင်ရပါတယ်။ ယောက်ျားကအသက် 30လောက်ရှိပေမယ့်
မိန်းမဖြစ်သူကတော့ သူ့ထက်အသက်ကြီးပုံရပါတယ်။ ကိုဆွေနဲ့ မအားမီးလို့
ခေါ်ပါတယ်။
မနက်မိုးလင်း 6နာရီဆိုရင် ကိုဆွေ က သားအကြီးကို တရုတ်ကျောင်းကို
ဆိုင်ကယ်နဲ့ လိုက်ပို့ပါတယ်။ပြီးရင်
သူကစားစရာသောက်စရာတွေကိုအိမ်ကလူတွေအတွက်ဝယ်ပြီးပြန်လာပို့။
ပြီးတာနဲ့သားအကြီလေးအတွက် စားစရာတွေကိုယူ မြန်မာအတန်းကျောင်းတက်ဘို့
လိုအပ်တဲ့လွယ်အိတ်ကိုယူ ပြီး နောက်တစ်ခေါက်ထပ်ထွက်ပါတယ်။အဲဒီကလေးကို
တရုပ်ကျောင်းကနေ ခေါ် ပြီးနောက်တစ်ကျောင်းဆက်ပို့ မုန့်ကြွေး တရုပ်ကျောင်းက
လွယ်အိ်တ်ကို ပြန်ယူလာပြီး အိမ်ပြန်လာပါတယ်။နောက်မှ သူရေမိုးချိုးပြီး
သူ့အလုပ်ဖြစ်တဲ့ကျောက်ဝိုင်းကိုသွားပါတယ်။ နေ့လည်ဆိုပြန်လာပြီး
ကလေးထမင်းစားကျောင်းဆင်းချိန်မှာ ထမင်းဘူးယူပြီးသွားပို့ ပြီး
သူ့အလုပ်သူဆက်သွား ညနေ ဆိုပြန်ရင်လဲ ကလေးကို အတန်းကျောင်းကကြိုပြီးတာနဲ့
ကျူရှင်ကိုဆက်ပို့ပြီး ကလေးရဲ့ထမင်းဘူးတို့ မလိုအပ်တော့
တဲ့စာအုပ်တွေကိုပြန်ယူလာပြီး အိမ်ကိုထား ခဏနေတော့ တစ်ခါပြန်ထွက်
လို့ကလေးကိုသွားကြိုပါတယ်။ ကျနော်ကလည်း မနက်မိုးလင်းတာနဲ့ အလုပ်သွား
ညမိုးချုပ်မှပြန်လာတတ်တော့ အိမ်နီးနားခြင်းတွေအကြောင်းကိုသိပ်မသိတာတော့
အမှန်ပါဘဲ။ ဒါလေးက ကျနော်အလုပ်ပိတ်ရက် မှာ မြင်နေရတာလေးပါ။အစက အမူ့မဲ့
အမှတ်မဲ့နေပေမယ့် သူ့တို့တစ်ယောက်နဲ့တစ်ယောက် ခေါ်နေ ပြုနေတာကြားရတော့
စိတ်ထဲမှာတစ်မျုးိဖြစ်လာပါတယ်။
ကိုဆွေ က ကောင်းလေးကို “သားကြီး” ဒါမဟုတ် “သလုံ”လို့ခေါ်ပါတယ်။ “ သလုံ“ဆိုတာ
နဂါးကြီးလို့ ခေါ်တာပါတဲ့။ ဒါပေမယ့် အဲဒီကလေးကတော့ ကိုဆွေကို
“ကျိတ်ကျိတ်”လို့ ခေါ်ပါတယ်။မအားမီးက ပြောပြန်ရင်လဲ ကလေးကို “နင့်ဦးဦးက
“လို့ပြောတာကိုကြားတော့ မှ “သလုံ”နဲ့ ကိုဆွေဘာမှ မတော်ဘူးဆိုတာကို
သိလာပါတယ်။ ဒီတော့ လည်း လူ့ထုံးစံအရ သူများအကြောင်းကို စိတ်ဝင်စားလာပြီး”
စုံစမ်းစပ်စု” လုပ်တဲ့ အခါမှာတော့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတစ်ခုရလာပါတော့တယ်။
မအားမီးအရင်အိမ်ထောင်”ကိုလောကျောက်”ကလဲ ဖားကန့် မန်းလေး ရွှေလီကို
သွားလိုက်ပြန်လိုက်နဲ့ ကျောက်အရောင်းအဝယ်လုပ်ပါတယ်။ ဒါနဲ့ဘဲ မူဆယ်မှာနေတဲ့
မအားမီးနဲ့ အိမ်ထောင်ကျကြတာပါ။ နောက်တော့လုပ်ရင်းကိုင်ရင်း ကိုဆွေနဲ့
သူတို့လင်မယား မိတ်ဆွေဖြစ်ကြပါသတဲ့။သူတို့စသိတော့ “သလုံ”က
လေးနှစ်သားရှိနေပါပြီ။ တစ်ခါမှာတော့ ကိုဆွေရယ် ကိုလောကျောက်ရယ်က
ဖားကန့်ကိုတက်ပြီးကျောက်ဝယ်က အပြန်ကားမှောက်တော့ ကိုလောက်ကျောက်
ကွယ်လွန်သွားပါတယ်။လမ်းခရီးဖြစ်တာဆိုတော့ မအားမီးကို
လှမ်းအကြောင်းကြားပေမယ့် မလာနိုင် ဒါနဲ့ဘဲ ကိုလောကျောက် ကိုသေသေချာချာလေး
သင်္ဂြိုဟ်ပြီး မအားမီးဆီကိုလာပြီး ကိုလောက်ကျောက်ပစ္စည်းတွေကို
အပ်ရတာပေါ့။မအားမီးက မလုပ်တတ်မကိုင်တတ် တစ်မြို့တစ်ရွာဖြစ်တဲ့
မန်းလေးမှာယောင်လည်လည် မူဆယ်ပြန်ရအောင်ကလဲ အမျိုးအဆွေက မရှိဆိုတော့
ကိုလောကျောက်ချန်ထားတာလေးကို အထုပ်ဖြည်စားရင် း ကုန်ခါနီးတော့ ကိုဆွေနဲ့
အလုပ်အတူလုပ်ဘို့ ကျောက်ဝိုင်းကိုလိုက်လိုက် လာပါတယ်။ နောက်တော့ လဲ
ကလေးတစ်ယောက်နဲ့ အားကိုးစရာမဲ့နေတဲ့ မအားမီးကို လူပျိုဖြစ်တဲ့ကိုဆွေက
လက်ထပ်လိုက်တဲ့အခါ ကိုဆွေ မိဘတွေက အတော်လေးကို စိတ်ဆိုးကြပါတယ်။
ကိုဆွေညီတွေက ဆိုရင ်အပျိုတစ်ယောက်ကို ရနိုင်ရဲ့သားနဲ့ ရုပ်ကလဲ
သူလိုငါလိုရွက်ကြမ်းရေ ကျို သူ့ထက်အသက်လဲကြီး ကလေးတစ်ယောက်လဲ အပိုပါတဲ့
မိန်းမ ကိုယူတာ နွားကျတယ်ဆိုပြီး စိတ်တွေဆိုးကြ ပါသတဲ့။ ဒါပေမယ့်
ကိုဆွေကတော့ ကောင်းကောင်းမွန်မွန်လုပ်ကိုင်ကြွေးမွေးစောင့်ရှောက်တာပါ။
နောက်ပြီး သလုံကိုလည်း ကိုဆွေက သူ့သားမဟုတ်ပေမယ့် အရမ်းကို အလိုလိုက်
ဂရုစိုက်ပါတယ်။ ရှားတယ်လို့ပြောရင်တော့ ရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)