“မှော် ပန်းပွင့်“ အပိုင်း(၂)

“မှော် ပန်းပွင့်“

အပိုင်း(၂)

သူကြည့်လိုက်တော့ သူမျှော်လင့်ထားသလို ဦးဝင်းနိုင်မဟုတ်။

“ ဘာဖြစ်တာလဲ အစ်ကို“

“ သူမဟုတ်ဘူး ညီမ“

“ဟင်“

“သူက လွိုင်ကော်က ဟုတ်လို့လား “

“ ဟုတ်တယ်လေ အစ်ကိုရဲ့ လွိုင်ကော်ကပဲ“

အဲဒါမှ သွားရော။ လွိုင်ကော်က ဦးဝင်းနိုင်က နှစ်ယောက်ဖြစ်နေတာဖြစ်ရမည်။

“ အဲဒီ သူကိုမေးကြည့်ပါလား သိမလားလို့ပါ ညီမ“

“ ဟုတ် အစ်ကို ညီမမေးကြည့်လိုက်မယ်လေ“

DTဆိုင်ကယ်က ကွမ်းယာဆိုင်ရှေ့သို့ ဆိုက်ချလာသည်။

“ ကွမ်း 1000 ဖိုးလောက် သမီးရေ“`

“ ဟုတ်ကဲ့ ဦးကိုမေးစရာတစ်ခုရှိလို့ “

ပန်းပွင့်က သူ့ဖက်သို့ခေါင်းငှဲ့ကြည့်ပြီး –

“ ဦးကလွိုင်ကော်ကနော် “

“ ဟုတ်တယ်လေ သမီး ဘာဖြစ်လို့လဲ “

“ ဒီမှာ ဦးနဲ့နာမည်တူ ရေထမ်းရောင်းတဲ့ ဦးဝင်းနိုင် အပြင် နောက်တစ်ယောက်များရှိသေးလားလို့“

“ ဘာဖြစ်လို့လဲ သမီး အရင်ကတော့ရှိတယ် ဒါပေမယ့်“

“ မရှိတော့ဘူးလား “

“ သေသွားတာ နှစ်နှစ်လောက်ရှိပြီ“

“ ဟင်“

“ ဗျာ“

သူ ပါ အံ့ဩသွားရသည်။ သွားပြီ။ သူ့လမ်းဆုံးပြီ။ ဦးဝင်းနိုင်က သူ့ဘက်သို့လှည့်ပြီး-

“ မင်းက ဦးဝင်းနိုင်ကို လာရှာတာထင်တယ်“

“ ဟုတ်တယ်ဗျ ဒါပေမယ့် ကျနော်ရှာနေတဲ့ လူက သေသွားပြီဆိုတော့ ကျနော်ဘာလုပ်ရမှန်းတောင်မသိတော့ဘူး “

သူအမှန်တကယ်စိတ်ညစ်သွားပါသည်။ သူ လမ်းစ ဆုံးပြီ။ သူ ဘာလုပ်ရမည်လဲ။ ခုချိန်မှာ သူပြန်ဖို့ မဆုံးဖြတ်ရဲ။ လက်ထဲမှာလည်း လက်ကျန်ငွေ သိပ်မကျန်တော့။ မှန်းချက်နှင့် အလွဲကြီးလွဲလေပြီ။

“ အစ်ကို ဘယ်လိုလုပ်မလဲ“

“ ဟင်“

“ အစ်ကို ဘာဆက်လုပ်မလဲလို့မေးတာ “

သူမဖြေတတ်တော့။ သူ့မှာ ရုတ်တရက် ဘာမှကိုစဉ်းစာမရ။ သည်လိုဖြစ်လာလိမ့်မည်ဟုလည်း သူတွေးမထားမိပေ။

“ရှင်းရှင်းပြောရရင် အစ်ကို ဘာလုပ်ရမှန်းမသိတော့ဘူး အစ်ကိုလည်း သူဆုံးသွားတာ မသိဘူး သူက အစ်ကိုသူငယ်ချင်းရဲ့ ဦးလေးဆိုတော့ အဆက်အသွယ်က သူမရှိရင် မရှိတော့ဘူး အစ်ကို သူငယ်ချင်းနဲ့လည်း ဒီမလာခင် မတွေ့ခဲ့ရဘူး သူငယ်ချင်းက နိုင်ငံခြားမှာ…ခု အစ်ကိုပြန်မယ်ဆိုရင် လမ်းစရိတ်လည်းမရှိဘူး… ကျောက်ရှာမယ် ပိုက်ဆံရအောင်လုပ်မယ်လို့ပဲ ဆုံးဖြတ်ပြီးလာခဲ့တာ ခုတော့..“

ပန်းပွင့် ခဏတော့ ငိုင်သွားသည်။ ဘာမှပြန်မပြော ။ သူလည်း ဘယ်ကိုသွားရမည်လဲ။စိတ်တို့ ဒုံးဒုံးကျနေပြီ။ သူမှားပြီဟုသာ တွေးမိလိုက်တော့သည်။

“ အစ်ကို စိတ်ဝင်စားရင် ညီမ လုပ်ပေးနိုင်တာ တစ်ခုတော့ရှိတယ်“

သူနှင့် ပန်းပွင့်တို့ပြောနေသော စကားတွေကို ဦးဝင်းနိုင်က ကွမ်းယာ တစ်ရာ ပါးစပ်ထဲသို့ပစ်သွင်းရင်း နားထောင်နေသည်။

“ ဒီလိုလုပ်ပါလား မင်းကလွိုင်ကော်ကဆိုတော့ ကိုယ်တို့နယ်ကပဲ မင်း ကိုယ့်အိမ်မှာလိုက်နေနိုင်မလား ပြီးရင်မင်းကျောက်ရှာပေါ့ ကိုယ့်အိမ်မှာပဲစား ကိုယ်အိမ့်မှာနေ ကျောက်ရရင်တော့ မှော်ထုံးစံအတိုင်းပေါ့ မင်းအတွက်လည်း ခုဒုက္ခကလွတ်တာပေါ့ မင်းမတတ်ရင်တောင် ကိုယ်သင်ပေးမယ် တစ်မြို့တည်းသားချင်း ကူညီတဲ့ သဘောပေါ့ကွာ ဘယ်နှယ့်လဲ“

သူ စိတ်ဝင်စားသွားသည်။ သူ့ဒုက္ခကို သည်ဦးလေးက ကူညီမယ်လို့ပြောလာပြီ။ ရသည့်အခွင့်အရေးကို က်လွတ်ဆုံးရှုံးခံလို့မဖြစ်။ သူ့အတွက် သည်တစ်လမ်းသည်သာ ရှိတော့သည်။ ပန်းပွင့်က-

“ ကောင်းတာပေါ့ အစ်ကို ဦးဝင်းနိုင်ဆီမှာလိုက်နေရင် ပိုအဆင်ပြေပါတယ် ဘယ်လိုလဲ အစ်ကို“

“ လာပါကွာ စဉ်းစားမနေနဲ့ နောက်မှ မင်းစဉ်းစား “

“ ကျေးဇူးတင်လိုက်တာဗျာ“

“ ရပါတယ် ကွာ တစ်မြို့တည်းသားချင်းပဲ လာသွားရအောင် ရော့ သမီး 1000 သွားမယ်“

သူ တကယ့်ကို ဝမ်းသာသွားပါသည်။ သူ အထုပ်ကို ဆွဲယူလိုက်သည်။

“ ညီမ သွားဦးမယ် “

“ ဟုတ် အစ်ကို နောက်လည်းလာနော် ညီမက ဒီမှာပဲ ကွမ်းရောင်းတာ  အကူ အညီလိုရင်လည်းလာခဲနော် ညီမက ကူညီတတ်ပါတယ်“

“ ကျေးဇူးတင်ပါတယ် ညီမ“

သူဆိုင်ကယ်နောက်သို့ တက်ထိုင်လိုက်သည်။ ဆိုင်ကယ်ကြီးက အိခနဲ့ မောင်းထွက်တော့သည်။ ဆိုင်ကယ်ပေါ်ကနေ နောက်သို့တစ်ချက်ကြည့်လိုက်တော့ ပန်းပွင့်က ပြုံးပြသည်။ သူလက်ပြန်ပြလိုက်သည်။ သူစိတ်တော့ နည်းနည်းအေးသွားသည်။ မထူးတော့သည့်ဇာတ်ကို သူ ဆက်ကရတော့မည်။ ပေါက်တဲ့နဖူးမထူးတော့ပြီ။ သူလုပ်ခဲ့သည့်အလုပ်ကို သူမှားလားမှန်လား  ဝေဖန်ဆန်းစစ်ဖို့ရာ အချိန်ကာလ တစ်ခုတော့ လိုလိမ့်မည်။ လမ်းတလျှောက်မှာတော့ ဖုန်တွေထလျှက်။

ရှေ့က ခြံဝန်းလေးထဲသို့ ဆိုင်ကယ်ချိုးကွေ့ဝင်လိုက်သည်။ ခြံဝန်းဟုဆိုသော်လည်း ကျယ်ကျယ်ဝန်းဝန်းမဟုတ်ပဲ ကျဉ်းကျဥ်းကျုပ်ကျုပ်နိုင်လှသည်ဟု သူထင်သည်။ ထိုခြံဝန်းလေးထဲမှာပင် အိမ်လေးတွေကို ပူးကပ်တည်ဆောက်ထားသည်။ အိမ်ခန်းလေးတွေက ကျယ်လှသည်မဟုတ်ပဲ ကျဉ်းနေပြန်သည်။ ခြံဝန်းထဲ၌ ဆိုင်ကယ် သုံးစီးခန့်ရပ်ထားသည်။ အိမ်ခန်းလေးတွေရဲ့ဘေးမှာတော့ နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးရှိသည်။ ကြည့်ရတာ ဦးဝင်းနိုင်နေသည်ဟု သူခန့်မှန်းလိုက်သည်။ သူတို့ဆိုင်ကယ်ဝင်လာသည်ကိုတွေ့တော့ နှစ်ထပ်အိမ်ထဲမှ မိန်းမကြီးတစ်ဦးထွက်လာသည်။

“ အစ်ကို ဒီနေ့ မြေစာပုံမသွားဘူးလား “

“ အေး သွားမို့ပဲ မိ ဒါပေမယ့် ကိစ္စလေးပေါ်လာလို့ ခဏပြန်လာတာ“

“ ဘာကိစ္စလဲ အစ်ကို“

“ ဒီမှာလေ ကိုတို့ မြို့က သူ့ကို ရေမဆေးမွေးမလို့ ခေါ်လာတာ သူလည်း ဒုက္ခရောက်နေလို့“

“ ဪ ဟုတ်လား မောင်လေး နာမည်က“

“ မင်းသစ်စိုး ပါ အစ်မ“

“ အေးမှတ်ထား သူက ကိုယ့် မိန်းမ မိမိသီရိကျော် တဲ့“

“ ဟုတ်ကဲ့“

“ ကဲ မိ သူ့ကို နေ့ဖို့ နေရာ မိပဲလိုက်စီစဉ်ပေးလိုက်ပါ မောင်ကျော်လည်းပြန်မရောက်သေးတော့ မိပဲရှိတာလေ“

“ ရပါတယ် ကိုရယ် မိ ပြပေးလိုက်ပါ့မယ် ကိုက ဘယ်သွားဦးမလို့လဲ“

“ ဆိုင်းဂျာဘွမ်ဖက် ခဏတက်မလို့လေ အဲဒီမှာ ကိုချိန်းထားတာလေးရှိလို့ မိ ပဲ သူ့ကို စီစဉ်ပေးစရာရှိတာ စီစဉ်ပေးလိုက်တော့ဟုတ်လား ကိုတော့ သွားတော့မယ် ကဲ မင်းက ဒီနေ့ နားလိုက်ဦး နောက်နေ့မှ ကိုယ် မင်းကို ဘာလုပ်ရမလဲဆိုတာပြောပြမယ်“

`        သူခေါင်းငြိမ့်လိုက်ပါသည်။

“ လာ မောင်လေး  မောင်လေးနေမယ့်အခန်းကို လိုက်ပြမယ်“

ဒေါ်မိမိသီရိကျော်က ရှေ့က သွားတော့ သူကနောက်ကလိုက်ရသည်။ ဘေးကပ်လျှက်မှာတော့ အိမ်ခန်းကလေးများရှိသည်။ ပွင့်နေသည့် ပြတင်းပေါက်များမှတဆင့် သူကြည့်လိုက်တော့ အိပ်နေသည့်သူတွေကလည်း တစ်ယောက်စ နှစ်ယောက်စ။ ပိတ်ထားသော အိမ်ခန်းရှေ့မှာ ဒေါ်မိမိသီရိကျော်က ရပ်လိုက်ပြီး-

“ မောင်လေး နေရမှာ ဒီအခန်းပဲ နားပြီး ရေချိုးလိုက်ပေါ့ ဒါနဲ့ ထမင်းရော စားပြီးပြီလား“

“ ဟုတ်ကဲ့ စားပြီးပါပြီ“

“ အေးအေး မစားရသေးရင် အစ်မကိုပြောနော် ဘာမှအားမနာနဲ့ ကဲကဲ နားလိုက်ဦး လိုအပ်တာရှိရင် အစ်မကိုလာပြော ဟုတ်လား…“

“ ဟုတ်ကဲ့“

ဒေါ်မိမိသီရိကျော်က အခန်းကို သော့ဖွင့်ပေးပြီး ထွက်သွားတော့ သူအခန်းထဲကို ဝင်လိုက်သည်။ အခန်းလေးက ကျဉ်းပေမယ့် နေချင်စရာကောင်းမည်ဟုတော့ သူတွေးမိလိုက်သည်။ အရန်သင့်တွေ့ရသည့် တံမြက်စည်းနု တစ်ချောင်းနှင့် သူ အမှိုက်အနည်းငယ်ကို လှဲကျဉ်းလိုက်သည်။ နောက် သူ့အိပ်ကိုဖွင့်ပြီး ရေချိုးရန် ပုဆိုးတစ်ထည်ကိုထုပ်လိုက်သည်။ အခန်း၏ ပြတင်းပေါက်မှ ခေါင်းပြူကြည့်လိုက်တော့ ဘေးကပ်လျှက်မှာ ရေပေပါ နှစ်လုံး။ သူ အနားယူချင်နေသည်ကတော့ အမှန်ပင်။ ဖားကန့်ကနေ မမုံရွာကို လမ်းလျှောက်ခဲ့ရသည်ဆိုတော့ သူ ညောင်းညာကိုက်ခဲနေပြီ။ သွားတိုက်တံနှင့် ဆပ်ပြာခွက်ကိုယူပြီး သူအခန်းထဲမှာထွက်လိုက်သည်။ ကပျာကယာပင် သူရေချိုးလိုက်ပြီး သူအနားယူရန် အိပ်ယာပြင်လိုက်သည်။အိပ်ယာဟုဆိုသော်လည်း ပုဆိုးတစ်ထည်ခင်းပြီး ပါလာသော စောင်တစ်ထည်သာ သူ့ဆီမှာရှိသည်။ ခေါင်းဦးကတော့ အဝတ်ထည့်အိတ်ကိုသာ အုံးရုံရှိတော့သည်။ သူ ပင်ပန်းလွန်းလို့ထင် အထုပ်ပေါ် ခေါင်းအုံးလိုက်သည်နှင့် သူ မှေးခနဲအိပ်ပျော်သွားတော့သည်။ သူဘာကိုမှ မတွေးမိတော့ချေ။ လတ်သလော သူအဆင်ပြေနေပြီ မဟုတ်ပါလား။

နားထဲ၌ သူ့နာမည်ကို ခေါ်နေသံကြားနေရသည်။ သို့ပေမယ့် သူမကြားတစ်ချက်။ကြားတစ်ချက်။ မျက်လုံးတို့က ဖွင့်မရ။ မနည်းအားယူနေရသည်။ သူဘာဖြစ်နေသည်လဲ။ သူ့အသားတွေပူနေတာလား။ ရုတ်တရက် ချမ်းလာသည်ဟုလည်း ခံစားမိပြန်သည်။ သူ့မျက်လုံးကတော့ လုံးဝဖွင့်မရ။ လေးလံလွန်းလှသည်ဟု ခံစားမိပြန်သည်။

“ မောင်လေး“ ဟု ခေါ်လိုက်သည့်အသံကို သူကြားရပြန်သည်။ နောက်သူဘာမှမသိတော့.။ သေချာသည်ကတော့ သူဖျားနေပြီ ဖြစ်သည်။ မျက်ဝန်းထဲ၌ မည်းမှောင်လွန်းနေသည်။ နောက် သူ ချောက်ကြီးတစ်ခုထဲသို့ ပြုတ်ကျနေသည်။ အမှီအတွယ်မရှိ။ တစ်ဟုန်ထိုး ကျဆင်းနေသည်။ အသည်းထဲ၌ အေးစိမ့်နေသည်။ သူ အမှီအတွယ်ကို စမ်းတမ်းမှန်းတမ်းဖြင့်ရှာကြည့်သည်။ ဘယ်အရာမှမကိုင်မိ။ သူ တဖြည်းဖြည်းကြောက်လာသည်။ သူ နုတ်ဖျားမှလည်း ကယ်ကြပါဟု အော်ချင်နေသည်။ သို့ပေမယ့် အားစေးမိထားသူတစ်ယောက်လို ဘာမှပြောမရ။ သူ အားကုန် နုတ်ကိုဖွင့်၍ အော်လိုက်သည်။မရ။ နောက်တစ်ခါ။ မရပြန်။ နောက်….။

“အား“

သော်ဇင်(လွိုင်ကော်)

ရှေ့အပတ်ဆက်ရန်