အစဉ်အလာနဲ့အပြောင်းအလဲ Old and New

ying yang


ဘာသာတရားနဲ့ ယဉ်ကျေးမှုဆိုတာကို စဉ်းစားမိပါတယ်။ ဘာသာတရားဆိုတာ နာမ်ဝိညာဉ် ရေးရာနဲ့ဆိုင်တဲ့ ဆုံးမသွန်သင်ချက်တွေဖြစ်ပြီး ယဉ်ကျေးမှုသည် နဂိုရှိပြီးသား ဓလေ့ထုံးတမ်းများနှင့် ဘာသာတရားတို့ ပေါင်းစပ်ရင်းမှ တိုးပွားစည်ပင်လာတဲ့ ကျင့်ဝတ်စည်းကမ်းများလို့ လူပြိန်းဆန်ဆန် နားလည်ပါသည်။ သစ္စာလေးပါးတရားတော်ကို ထိုးထွင်းသိမြင်ရေးသည် ဗုဒ္ဓဘာသာ၏ ပန်းတိုင်ဖြစ်ပြီး ကာလဒေသ လူမျိုးဘာသာစကား ကွဲပြားမှုကိုလိုက်၍ ရှင်းလင်းချဲ့ထွင်ချက်တွေသည် ဆုံးမပို့ချသူ၊ လိုက်နာဆည်းကပ်သူများရဲ့ အသိညဏ်၊ လူနေမှုအဆင့်ကိုလိုက်၍ ပြောင်းလဲပါသည်။
အမှန်သစ္စာသည် မဖေါက်ပြန်ပေမဲ့ ခေတ်စနစ်ပြောင်းတိုင်း လူတွေရဲ့စိတ် ပြောင်းပါသည်။ ရုပ်နဲ့နာမ်၊ ပတ်ဝန်းကျင်နှင့်လူ့စိတ် ခွဲမရလို့ လူမှုဆက်ဆံရေး အတွေးအခေါ် အပြုအမူများအားလုံး ပြောင်းလဲရသည်။ အီဗော်လူးရှင်း အဆင့်ဆင့် ပြောင်းလဲခြင်း မျိုးရှိသလို ရီဗော်လူးရှင်း အခြေခံမှစ၍ ပြောင်းလဲခြင်းများ လည်းရှိသည်။ ပြောင်းလဲပုံတွေ ကွဲပြားသလို လူတွေ၏ တုံ့ပြန်လက်ခံပုံများလည်း မတူညီကြ။ ဤတွင် ကွန်ဆားဗေးတစ် မူရင်းစွဲများနှင့် ပရိုဂရက်စစ် ပြုပြင်ရေးဝါဒီများဟူ၍ ယေဘူယျ နှစ်ပိုင်းကွဲသွားသည်။ နောက်ပိုင်းမှာလည်း တင်းမာသူနှင့် ပျော့ပြောင်းသူလို့ မူလအုပ်စု တခုထဲမှာပင် ဂိုဏ်းဂဏ အမျိုးမျိုး ထွက်ပေါ်လာသည်။
စီနီယာများ၊ နေရာရထားပြီး သူများက ပိုနေမြဲ ကျားနေမြဲစနစ်သာ ရှိချင်သည်၊ ပညာရပ်စကား အရတော့ ဟာမိုနီ လိုက်ရောညီထွေရှိရေး၊ အီဗော်လူးရှင်း ဆင့်ကဲဖြစ်စဉ် တို့ဖြစ်သည်။ ဂျူနီယာများ နေရာမရသေးသူများက အပြောင်းအလဲ လိုချင်သည်။ စောင့်ရတာ စိတ်မရှည်တော့လို့ ရီဗော်လူးရှင်း တော်လှန်ရေး၊ အပြောင်းအလဲကို တောင်းသည်။ (အလွတ်သဘောဖြစ်သည်။ ဘာသာရေး နယ်ပယ် တွင်တော့ ရှေးရိုးစွဲ အများစုသည် အစဉ်အလာကို ရိုးသားစွာ ကာကွယ်ခြင်းဟု ယုံကြည်ပါသည်)။ ဒီလို ဖြစ်စဉ်တွေကို အယူဝါဒတိုင်းတွင် တွေ့ရသည်။ ဗုဒ္ဓဘာသာ ထေရဝါဒနှင့်မဟာယာန၊ ခရစ်ယာန် ရိုမန် ကက်သလစ်နှင့်ပရိုတက်စတင့်၊ အစ္စလာမ် ဆွန်နီနှင့် ရှီယာ၊ ဂျူးဘာသာ ခေတ်ဟောင်းနှင့်ခေတ်သစ်၊ ဟိန္ဒူဝါဒတွင်လည်း ထိုနည်း၎င်းလို့ ထင်ပါသည်။ အခြား နိုင်ငံရေး စီးပွားရေး၊ လူမှုရေး၊ အတွေးအခေါ် နယ်ပယ်များမှာလည်း old school လမ်းဟောင်း new school လမ်းသစ် ကွဲကြသည်။ အကိုလုပ်သူက များသောအားဖြင့် ရှေးရိုးစွဲ ကွန်ဆားဗေးတစ်၊ ညီက ပရောဂရက်စစ် ပြုပြင်ရေးဝါဒီ ဖြစ်တတ်သည်။
ပွင့်လင်းသော လူ့ဘောင်စနစ် ဖြစ်ထွန်းလာသည်နှင့်အမျှ ရှေးက လက်ရွေးစင် လူတစုသာ ပိုင်ဆိုင်သော အခွင့်အရေးများ အသိ၊အတတ်ပညာများသည် အောက်ခြေလူတန်းစား အလွှာအသီးသီး သို့ပြန့်နှံ့ ရောက်ရှိသွားကြသည်။ နိုင်ငံရေးရှုထောင့်မှကြည့်လျင် လုပ်ပိုင်ခွင့်အာဏာ၊ ရပိုင်ခွင့်များကို မြင်လာသည်၊ တောင်းဆိုလာကြာသည်။ မျက်စိပွင့် နားပွင့်လာကြသည်၊ တူညီသော အကြောင်းအရာ တခုကို ဘက်ပေါင်းစုံမှ ရှုမြင်လာသည်။ သည်ကြားထဲ ကိုယ့်ရှေ့မှာ စီနီယာများနဲ့ ပိတ်ဆို့နေလျင် မိမိ အမြင်ကို ထုတ်ဖော်တင်ပြခွင့် ရတော့မည် မဟုတ်တော့။ သိသူ တတ်သူ များပြားလာသည် နှင့်အမျှ အသိအမှတ်ပြုခံရဖို့ ကြိုးကြိုးပမ်းပမ်း ယှဉ်ပြိုင်ရသည်။
ကောင်းသည်လည်း ရှိသည် ဆိုးသည်လည်း ရှိသည်။ အတိတ်သမိုင်းတွင် လူစွမ်းကောင်းများ ပထမခေါင်းဆောင်ရှိစဉ် လောင်းရိပ်မိ၊ မီးခဲပြာဖုံး ဖြစ်ရသည်ကို တွေ့နိုင်သည်။ ဒုတိယသမ္မတများ၊ ဒုတိယဥက္ကဌများ၊ လက်ထောက်များ ဘယ်တော့မှ ဦးဆောင်ပြုခွင့် မရဘဲ ဘဝဆုံးရသည်။ ၎င်းတို့၏ အဖိုးမဖြတ်နိုင်သော အတွေးအမြင်များ၊ အကြံညဏ်၊ လုပ်အားများ အလဟသ ဖြစ်ရသည်။ တဖက်ကြ ပြန်တော့လည်း သူတို့ကြောင့် ရှိပြီးသား ဟာမိုနီ လိုက်လျောညီထွေဖြစ်မှု ပျက်ဆီးနိုင်သည်။ တရုတ်၊ စင်္ကာပူ၊ အရှေ့အလယ်ပိုင်း စတဲ့ အာဏာရှင်နိုင်ငံများမှာ ဒါကို နိုင်ငံတည်ငြိမ်ရေး အကြောင်းပြချက် အဖြစ် အသုံးချကြသည်။
နိုင်ငံရေး စီးပွားရေးလို လောကီရေးရာများက အခြေအနေ အချိန်အခါအရ မှန်လိုက်မှားလိုက် ဖြစ်ရထားပါတော့။ ဘာသာရေးလို လောကုတ္တရာနယ်မှာကြတော့ရော၊ ဘာပြုလို့ ကွဲပြားကြရသလဲ။ ကျနော့်ပုဂ္ဂလိက အမြင်ကတော့ မူရင်းအနှစ်သာရထက် အပေါ်ယံကိစ္စများအပေါ် စိတ်အားထက်သန် ဇောင်းပေးလွန်းလို့ လို့ယူဆပါသည်။ အယူဝါဒ သို့မဟုတ် အဖွဲ့အစည်းတခု ကြီးမားဖွံ့ဖြိုးလာလျင် စည်းကမ်းကလနား၊ ကျင့်ဝတ်များဖြင့် တပြေးညီ တပုံစံတည်းဖြစ်ရန် လုပ်ရသည်။ အဆောင်အယောင် ပကာသနများဖြင့် လူအထင်ကြီးလေးစားရန် လုပ်ကြသည်။ လုပ်ရင်းနဲ့ မူလကနဦး ရည်ရွယ်ချက်များ ပျောက်ကွယ် ပြောင်းလဲပြီး အမှန်သစ္စာအဖြစ် နေရာယူလာသည်။
တနည်းအားဖြင့် အရိုးကိုအရွက်ဖုံး၊ အနှစ်ကိုအကာဖုံးသည်။ မလုပ်လို့မဖြစ်၊ လုပ်တော့လည်း လွဲရသည်။ အနောက်ကမာ္ဘတွင် အီဗန်ဂျဲလစ်ခေါ် တသီးပုဂ္ဂလ လွတ်လပ်သော ဘာသာရေးဆရာများ တန်ခိုးထွားလာသည်။ ဂိုဏ်းဂဏအစွဲ အစဉ်အလာအစွဲများကြောင့် ဖယ်ကွာရှောင်ကြဉ် သွားသည့် အသင်းဝင်များ၊ ယုံကြည်သက်ဝင်သူများ ပင်မဘာသာတရားနှင့် ပြန်လည်ပါဝင် ပတ်သက်လာသည်။ မြန်မာပြည်တွင်လည်း လွတ်လပ်ခေတ်မှီသည့် ပညာတတ်ဆရာတော်များစွာ ပေါ်ထွန်းလာသည်ကို တွေ့မြင်ကြားသိရ၍ ကောင်းသော လက္ခဏာအဖြစ် မြင်ပါသည်။
လောကီနှင့်လောကုတ္တရာ ခွဲပြောရလျင် လောကီကိစ္စများတွင် ပြောင်းလေကောင်းလေ ဖြစ်ပြီး လောကုတ္တရာတွင်တော့ မူလသွန်သင်ချက်မှ သွေဖီ၍ မရစကောင်း။ အမှန်သစ္စာကို များများမတွေးပဲ အလုပ်ဖြင့်သာ သိရန်ရှိသည်။ လောကအသိပညာ အတတ်ပညာရပ်များတွင် မူလဆရာသမားထက် တပည့်များ တော်လေတတ်လေ ကောင်းလေဖြစ်သည်။ ဘာသာရေးတွင်တော့ မူလဆရာ ဘုရားရှင် ထက် ပိုမတတ်စကောင်း။ သည်လိုဆိုတော့ အစဉ်အလာဖက်ကို စကထဲက ယိုင်နေသည်။ သို့သော် ဘာသာတရား ဆိုသည်မှာ ညဏ်တထွာတမိုက်ဖြင့် ဖန်တီးအပ်သော အရာမဟုတ်။ ဆရာကိုမှီ၍ လိုရာ ကိုမြန်ဆန်စွာ မပင်မပန်း ရောက်နိုင်သလို ခက်ခဲပင်ပန်း တာရှည်နိုင်သည်။ ဘယ်လိုဆရာမျိုးတွေ့မည် ဆိုတာကတော့ အစဉ်အလာ စောင့်ထိန်းလိုသူလား၊ အပြောင်းအလဲ လိုသူလား မိမိရွေးချယ်မှု အပေါ် များစွာမူတည်၍ ကွဲပြားသွားပါလိမ့်မည်။

8 comments

  • weiwei

    December 29, 2010 at 7:17 am

    အလွန်လျှော်ကန် သင့်မြတ်လှကြောင်းပါ ….

  • naywoonni

    December 29, 2010 at 9:22 am

    မှတ်သားထားပါ့မယ် ခင်ဗျာ

  • eros

    December 29, 2010 at 9:31 am

    ကောင်းလိုက်တဲ့စာစုဗျာ။
    မှတ်ချက်။ ရုရှားပြည်ရောက်စစ်ဗိုလ်မဟုတ်ပါ။

  • eros

    December 29, 2010 at 9:33 am

    ကျန်နေလို့ဖြည့်လိုက်ဦးမယ်။မြန်မာပြည်မှစစ်ဗိုလ်မဟုတ်ပါ။ဘယ်နိုင်ငံမှစစ်ဗိုလ်မဟုတ်ပါ။

  • kai

    December 29, 2010 at 9:56 am

    ပြီးခဲ့တဲ့… ခရစ်စမတ်နဲ့မတိုင်မှီရက်တွေက..ဒစ်ကာဗာရီရော..စီအန်အန်ရောမှာ … ဂျီးဇက်ခရိုက်စ်အကြောင်းနဲ့..ခရစ်ယန်ဘာသာအကြောင်း တောက်လျှောက်ပြနေခဲ့တယ်..။

    သိကြတဲ့အတိုင်း… .ဥရောပသားတွေက ..တိတိကျကျ..သေသေချာချာ.. မှတ်တမ်းထားပြီးလုပ်လေ့ကြတာပဲ..။
    အဲဒါကြောင့် .. သချ်ာတို့။ သိပ်ပံတို့ ဓါတုဗေဒ၊ရုပဗေဒတွေ .. သူတို့ဆီကပေါ်လာတာပေါ့.။
    အဲဒီလိုလူမျိုးတွေလက်ထဲမှာတောင်.. ခရစ်ယန်ကျမ်းစာတွေဟာ.. ဂျီးဇက်ခရိုက်စ်ပြောတာကို ..ကိုယ်နည်းကိုယ့်ဟန်နဲ့ မှတ်တမ်းတင်ထားခဲ့ကြတာပါ..။
    ဂေါ့စပယ်တွေ..မရေမတွက်နိုင်အောင်ကို အများကြိးရှိနေတာပါ..။ အာဏာရှိတဲ့ ..ဘုရင်တပါးက..အကုန်ဖျက်စီး..မီးရှို့ပြီး .. တခုတည်းကျန်အောင်လုပ်လိုက်လို့ ..အခုလောက်မူကွဲကျန်နေတာပါပဲ..။
    ဒါတောင် အဲဒီခေတ် လွန်ခဲ့တဲ့နှစ် ၂၀၀ဝ မှာ စာအရေးအသားရှိနေပြီ။ စာနဲ့ရေးနိုင်မှတ်တမ်းတင်ထားနိုင်နေပြီ…။

    ပြောချင်တာက..။
    လောကုတ္တရာတွင်တော့ မူလသွန်သင်ချက်မှ သွေဖီ၍ မရစကောင်း။ ဆိုတာကို ..လက်ခံတယ်ပဲထားပါဦး..။
    မူလသွန်သင်ချက်ဆိုတဲ့… ဂေါတမမြတ်စွာဘုရား ဟောတော်မူတဲ့တရားတွေ.. နှစ်၂၅၀ဝကျော်လုံးလုံး.. လုံးဝမသွေဖီပဲ မှန်ကန်နေပါတယ်လို့.. ပြောရဲ ဆိုရဲရှိရင် အံ့ဩစရာပါပဲ..။
    အဲဒီခေတ်က ..စာပေလည်းမရှိ… မူကွဲတယ်ဆိုတာက.. ဂေါတမဘုရား ပရိနိဗ်ဗာန်ပြုပြီးတာနဲ့ကို.. ရက်မခြားပဲ..ကွဲကြတာလေ..။
    ဒါကြောင့်မို ့လို့.. အဇာတသတ်မင်းကောင်းမှုနဲ့ ပထမသံဃာယနာတင်ရတယ်လို့ … ထေရဝါဒက ဆိုတယ်မဟုတ်လား..။
    အဲဒီအချိန်ကတင်..ကွဲသွားတယ်ဆိုတဲ့.. မဟာယာနဖက်လေးလည်း စောင်းငှဲ ့ကြည့်ပါဦး..။
    သူလည်း..သူမှန်တယ်ထင်တာ ..လုပ်နေတာပါပဲ..။ ဒီမိုကရေစီအနှစ်သာရနဲ့ကြည့်ရင်တော့ ..အဲဒီဖက်ကကိုးကွယ်တဲ့ လူပိုများတယ်..။ စာနဲ့ပေနဲ့.မှတ်တမ်းထားတတ်တာကလည်း တရုတ်က .. ကျန်တဲ့အာရှနိုင်ငံတွေထက်သာတယ်..။ စက္ကူကိုသူတို့ထွင်ထားခဲ့တာလေ..။

    ဒီနောက်တော့ .. ဗုဒ္ဓဘာသာဟာ… မူရင်းဗုဒ္ဓပွင့်ရာဒေသကနေ.. ပျောက်သွားအောင်ကို … စစ်ဘေးကြီးတွေနဲ့ကြုံရတယ်..။ စံနစ်တကျ ..ဖြုတ်ထုတ်သတ်လုပ်ခံရတယ်..။
    အမြစ်ပြတ်သလောက်လဲ.. ဖြစ်သွားခဲ့တယ်..။
    ဒါက အချက်အလက်တွေစစ်လို့ရတဲ့.. သမိုင်းပဲ..။

    ထပ်ပြောရရင်..
    အနှစ် ၂၅၀ဝ ကျော်မှာ.. ဘုရားပွင့်တဲ့နေရာနဲ့ မိုင်ထောင်ချီဝေးတဲ့ နေရာက .. ဘုရားဟောဆိုတာတွေကို ..လှည့်ပါတ်ကွေ့ဝိုက်ပြီးရောက်လာခဲ့တဲ့တိုင်းပြည်က .. မြန်မာပြည်..။
    မူရင်းဌာနေနဲ့.. စာလည်းမတူဘူး..စကားလည်းမတူဘူး..။ ယဉ်ကျေးမှုလည်းမတူဘူး..လူပုံသဏ္ဍန်တွေလည်းမတူဘူး.။
    မြန်မာဆိုတာက .. သိတော်မူကြတဲ့အတိုင်း .. ဘုရားရှင်ဆံတော်တင်မက .. ဘုရားရှင်ကိုယ်တော်တိုင်ပါ .. အကြိမ်ကြိမ်ကြွလာဖူးပါတယ်ဆိုပြီး .. သမိုင်းကို ရာဇဝင်လုပ် .. ရာဇ(မင်း)အကြိုက်… ခတ်တည်တည် … မှတ်တမ်းတင်ရဲတဲ့.. လူမျိုးဗျ..။ စံနစ်တကျ ..ပြုစုထားတဲ့.. သမိုင်းပညာရှင်ဒေါက်တာသန်းထွန်း စာတွေပဲဖတ်ကြည့်ရင်ကို.. တော်တော်ရှင်းရှင်း မြင်နိုင်မှာပါ..။
    ဆိုတော့….
    မြန်မာပြည်မှာ .. ဘုရားရဲ့မူလသွန်သင်ချက်တွေအတိုင်း .. ၅ဝရာနှုန်းလောက် ရှိနေတယ်လို့. ..အာမခံရဲရင်တောင်.. တော်တော်ရဲတာပဲ..ပြောရလောက်တယ်..။

    ဆိုတော့..။ ကျုပ်ကိုယ်တိုင် ပုဂ္ဂလိကအမြင်အရ ..ဘုရားဟောအစစ်လို့ ယုံကြည်မိတဲ့ .. တရားပဲ..ကိုးကားမယ်။
    ကိုကြောင်ကြီးနဲ့ အားဂှူးလုပ်နေရတာ စာဖတ်သူတွေအားလုံး အသိတိုးစေချင်လို့ပါ။ တိုက်ခိုက်နေတာ မဟုတ်ရပါဘူးနော..။ အယ်လ်အေလာခဲ့.. ဗမာဆိုင်တွေမှာ မုန့်မုန့်ဝယ်ကြွေးပါ့မယ်နော..။

    =====
    ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ်-

    ကာလာမမင်းတို့ …
    သင်တို့သည်ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်)
    မယူကုန်လင့်ဦး။
    ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
    (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊
    နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန်လင့်ဦး၊
    (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန် လင့်ဦး။

    ကာလာမမင်းတို့ {{ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏}}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။

    ကာလာမမင်းတို့ {ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရား တို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင်လျှင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏။

    ၅ – ကေသမုတ္တိသုတ်၊ မဟာဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္ထိုရ်။
    ==============

    • bigcat

      December 30, 2010 at 6:48 am

      ကျနော်ရဲ့ဆိုလိုရင်းသည် ဆြာခိုင်ပြောချင်တာနဲ့ သဘောချင်းနီးစပ်ပါသည်။ မူလဘုရားဟော အကုန်လုံးကို ခွဲခြားသိရန် အလွန်ခက်ခဲသောကြောင့် အစဉ်အလာသမား အစွန်းရောက်များကို မျက်စိမှိတ်ပြီး ဘုရားဟောလို့ ပြောသူများ၊ ပြုပြင်ရေးအစွန်းသမားများကို ပြင်ဖို့သာသိပြီး ပြင်ရန်အရည်အချင်းမရှိ သူများလို့ ခွဲခြားနိုင်ပါသည်။ ထို့ကြောင့် ဘုရားဟော သေချာသော သစ္စာလေးပါးတရားနောက်ကိုသာ လက်တွေ့အလုပ်ဖြင့်လိုက်ကြရန် ဆိုလိုရင်းဖြစ်ပါသည်။ တောင်အီအီ မြောက်အီအီ မစဉ်းစားပဲ မဂ္ဂင်ရှစ်ပါးပဲဆိုဆို ဝိပဿနာပဲပြောပြော စိတ်အလုပ်ပဲဖြစ်ဖြစ် ကိုယ်စိတ်နှလုံး သုံးပါးစလုံး၏ စဉ်ကြယ်မှုဖြင့် သမ္မာမှန်ကန်သောအကျင့် ကျင့်၍ ဖြစ်ခြင်းပျက်ခြင်း သင်္ခါရနယ်မှလွတ်မြောက် သွားရန်ဖြစ်သည်။ ဝိဇ္ဇာဘိုးတော် အထုံပါသူက သိဒ္ဓိမဟိဒ္ဓိ ယုံလိမ့်မည်၊ နာမ်လောကနှင့်အတိတ်ဘဝ နီးစပ်ခဲ့သူက ရှေးဘဝ နောက်ဘဝ ၃၁ဘုံအလွယ်တကူ လက်ခံလိမ့်မည်။ ဗေဒင်ယုံခဲ့သူက ယခုဘဝတွင် ဗေဒင်ပညာကိုအကောင်း မြင်လိမ့်မည်။ ရုပ်ဝါဒကို အတိတ်ဘဝတွင် စွဲခဲ့သူက ယခုဘဝတွင် ပစ္စုပ္ပန်ကိုသာ အားပြုလိမ့်မည်။ ဘာတွေပဲယုံယုံ ဘယ်လိုဓမ္မတာကံအလုပ် အလွဲတွေပဲလုပ်လုပ်၊ သာသနာသစ္စာတရားကို ရှာသည့်အခါ အနည်းဆုံးတော့ တရားဘဝနာပွားများသည့်အခါ ချွတ်ရမည့်အစွဲများ အားလုံးကို ချွတ်ရန်ဖြစ်ပါသည်။

  • ဆူး

    December 30, 2010 at 1:34 pm

    ဦးကြောင်ကြီး ပြောတဲ့ စကားများ အပြည့်အဝ ထောက်ခံပါသည်။
    လူတွေက သိချင်လို့ ရှာနေကြတယ်။ ဘယ်လို ပုံစံလဲ ဆိုရင် ဒယ်အိုးပေါ် ရောက်နေတဲ့ ပုရွက်ဆိတ် ဘယ်ပြေးရမှန်း မသိသလို သဲကနာ္တရထဲမှာ လမ်းပျောက်ပြီး နေပူကျဲထဲ ဘယ်သွားရကောင်းမှန်း မသိ ပြေးလွားနေရသလို.. တခုခုကို အလိုရှိကြတာတော့ အမှန်ဘဲ.. ဘယ်ကိုသွားရမှန်း မသိဘဲ.. ရည်ရွက်ချက် စူးစိုက်မှု မရှိဘဲ ဟိုဘက် ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့.. အချိန်တွေကုန် အသက်တွေ ကြီးသွားတာဘဲ အဖတ်တင်နေတယ်လို့ မြင်မိပါတယ်။
    ရေကူး တတ်သူတိုင်း ရေကူး ချန်ပီယံ မဖြစ်နိုင်ပါဘူး။ အချိန်ပေးပြီး လေ့ကျင့်မှု အလေးထား အာရုံစူးစိုက်မှု ဝါသနာပါမှု ပါရမီတွေ ပေါင်းစုံနိုင်မှ အရည်အချင်း တခု ရလာမှာပါ။ ဘယ်ဟာမှ အလကား မရပါဘူး။ သိချင်တာ စာထဲမှာ ရှာနေတိုင်းလည်း တကယ် မသိပါဘူး။ လက်တွေ့နဲ့ စာတွေ့ မြင်ပုံချင်း မတူတာတွေ အများကြီး ရှိတယ် ဆိုတာ တကယ် လုပ်ငန်းခွင်မှ သိရသလိုပါဘဲ။
    လက်တွေ့ နဲ့ စာတွေ ကွာခြားချက်တွေက လူတယောက်နဲ့ တယောက် အလေ့အထုံ ဉာဏ်ရည် မတူညီမှုတွေ အများကြီး ရှိတဲ့ အတွက် လူတယောက်စီကို သိနိင်မဲ့ နည်း တွေ အများကြီး ပေးခဲ့ပါတယ်။
    စာထဲမှာ ရှာပြီး စာထဲမှာ အမှား လိုက်ထောက် နေမယ် ဆိုရင်တော့ ဘဲဥ အစ ရှာသလိုပါဘဲ။ ဘဲဥကို အစမရှာဘဲ ဘဲကလေး ဘယ်လို နည်းနဲ့ ဘဲဥထဲက ထွက်သလဲ ဆိုတာ ဘဲကလေး အနေနဲ့ ခံစားပြီး ကြည့်လိုက်ရင် သိပါလိမ့်မယ်။

  • weiwei

    December 30, 2010 at 6:11 pm

    ကိုကြောင်ကြီးနဲ့ ဆူးနဲ့ ရေးတာကို အပြည့်အဝ ထောက်ခံပါတယ် …
    တကယ့်ဗုဒ္ဓဘာသာအစစ်က သတိပဌာန်တရားပါပဲ … အလုပ်ပေးတရားလို့ခေါ်တယ် … လုပ်ရတာလဲ ဘာမှအပန်းမကြီးဘူး .. လုပ်ဖြစ်ဖို့ပဲ လိုတယ် … ပဌာန်းကျမ်းတစ်ခုပဲကြည့်အုန်း … သမုဒ္ဒရာရေပြင်ကြီးထက် ကျယ်ဝန်းနက်ရှိုင်းတယ်တဲ့ … စာအုပ်ထဲမှာတော့ အများကြီး မရေးပြထားပါဘူး … ဖတ်ကြည့်ပါ … ဘယ်လိုမှ နားလည်မှာမဟုတ်ပါဘူး … ဉာဏ်နဲ့ကွန့်မြူးပြီးမှ သိနိုင်ဆင်ခြင်နိုင်ပါတယ် … အဲဒီတော့ စာတွေကိုဖတ်နေရတာကြာပါတယ် … လက်တွေ့အားထုတ်လိုက်ရင် ဉာဏ်အလင်းရပြီး အလိုလိုနားလည်သွားပါလိမ့်မယ် … မယုံတဲ့သူတွေ တကယ်ဟုတ်မဟုတ် ကိုယ်တိုင်အားထုတ်ကြည့်ကြပါ …

    မှတ်ချက်။ ။ အားထုတ်တိုင်း ရမယ်လို့တော့ တပ်အပ်မပြောနိုင်ပါ။ ခန္ဓာနဲ့ ကိုက်တဲ့ ကမ္မဌာန်းကိုပေးနိုင်တဲ့ ဆရာကောင်းတွေ့ဖို့ရယ်၊ အတိတ်က ဖြည့်ဆည်းခဲ့တဲ့ ပါရမီပေါ်မူတည်ပြီး အနှေးအမြန်ကွာပါတယ် … ရ ရက် ရ လ ကနေ ရ နှစ်အထိ ကြာနိုင်ပေမယ့် ပုံမှန်အားထုတ်ရင် တစ်ချိန်ချိန်မှာရမှာတော့ အသေအချာပြောနိုင်ပါတယ် ….

Leave a Reply