အပြကောင်းဘို့

ashinindakaDecember 30, 20101min17310

ရတနာသုံးပါးထဲက ဘုရားရှင်နဲ့တရားတော်ကို
ဘာကြောင့် ဘယ်လိုကိုးကွယ်ရသလဲဆိုတာနဲ့ပတ်သက်ပြီး
ထင်သာမြင်သာအောင် ပြောပြခဲ့တယ်။

ဒီတခါ သံဃာရတနာလို့ခေါ်တဲ့ သံဃာတော်တွေကို
ဘာကြောင့် ဘယ်လို ကိုးကွယ်ရတယ်ဆိုတာနဲ့ပတ်သက်ပြီး
နည်းနည်း ပြောပြရအုံးမယ်။
ဒီအကြောင်းကို ပြောဘို့အတွက်
ဗုဒ္ဓဘာသာသမိုင်းအနည်းငယ်ကို သိထားဘို့လိုတယ်။

သဗ္ဗညုတဉာဏ်ရပြီး ဘုရားဖြစ်ပြီးတဲ့နောက်
ဘုရားရှင် ခုနစ်ရက်ခုနစ်လီ
(ဝါ) လေးဆယ့်ကိုးရက်ကြာ မဟာဗောဓိပင်အနား သီတင်းသုံးနေထိုင်ခဲ့တယ်။
ပြီးတော့ တရားကို နားထောင်နိုင်စွမ်း၊ လက်ခံနိုင်စွမ်းရှိတဲ့သူ ရှာတယ်။
နောက်ဆုံး ဗုဒ္ဓစာပေမှာ ပဉ္စဝဂ္ဂီငါးဦးလို့ ထင်ရှားတဲ့
ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိ လို့ အမည်ရတဲ့
ရသေ့ငါးဦးကို တရားဦးဖြစ်တဲ့ ဓမ္မစကြာနဲ့ အနတ္တလက္ခဏသုတ်ကို ဟောပါတယ်။
အကုန်လုံး ရဟန္တာတွေဖြစ်ကုန်တယ်။ ရဟန်းဘောင်တက်ရောက်ကြတယ်။
သူတို့ငါးဦးဟာ ဘုရားရှင်ရဲ့ တပည့်သားသာဝက ရဟန်းတော်များဖြစ်လာတယ်။

တိုတိုပြောကြပါစို့။
အချိန်တိုအတောအတွင်း ဘုရားရှင်ကြိုးပမ်းအားထုတ်လိုက်တာ
ဘုရားရှင်ထံမှာ တပည့်သံဃာတော်အရေအတွက် (၆၀) ရလာတယ်။

ဘုရားရှင်က သံဃာတော် (၆၀) ကို
စရထ ဘိက္ခဝေ စာရိကံ၊ မာ ဧကေန ဒွေ အဂမိတ္ထ၊ ဒေသေထ ဘိက္ခဝေ ဓမ္မံ
ဒေသစာရီ လှည့်လည်ကြ၊
ခရီးတစ်ကြောင်းကို နှစ်ပါးအတူ မကြွကြနဲ့။
တရားဟောကြပါ လို့မိန့်တယ်။

ဒါ ဘုရားရှင်က သံဃာတော်တွေကို ခရီးထွက်ခိုင်းတာ။
ခရီးသွားတဲ့နေရာမှာလဲ တရားဟောဘို့အတွက်၊ သာသနာပြုဘို့အတွက်
လမ်းခရီးတစ်ကြောင်းကို တစ်ပါးသာကြွခိုင်းတာ၊
ဘုရားရှင်ကိုယ်တော်တိုင်လဲ သာသနာပြုခရီးစတင်ထွက်ပါတယ်။

ဒါကို စဉ်းစားကြည့်ရအောင်။

ဘုရားရှင်အနေနဲ့ ဘုရားဖြစ်အောင် အားထုတ်တယ်။
ထင်သာမြင်သာတဲ့စကားနဲ့ပြောရရင်
ကိုယ့်ကိုယ်ကို တော်အောင် ပထမလုပ်တယ်။

နောက်ပြီး အရည်အချင်းပြည့်မှီတဲ့ တပည့်မွေးတယ်။
ပြီးတော့မှ သာသနာပြုလုပ်ငန်းစတင်တယ်။

ဆိုတော့ သာသနာပြုလုပ်ငန်းကို လုပ်တဲ့နေရာမှာ
ဘုရားရှင်တောင်မှ တစ်ကိုယ်တည်းသာသနာပြုရင်
အောင်မြင်သင့်သလောက် မအောင်မြင်နိုင်လို့
ခရီးရောက်သင့်သလောက် မရောက်နိုင်လို့
တပည့်သံဃာတော်ကို မွေးကာ
တရားတော်ကို သာသနာတော်ကို ပြန့်ပွါးအောင် လုပ်ခဲ့ရတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် သံဃာတော်ရဲ့အင်အား၊ သံဃာတော်ရဲ့ ခွန်အား
သံဃာတော်ရဲ့ စွမ်းပကားကို လေ့လာ အကဲခတ်နိုင်တယ်။
သံဃာတော်ကို ဘုရားရှင်အားကိုးကြောင်း သိသာတယ်။

သာသနာပြုခရီးစတင်ထွက်တော့ သံဃာတော်အပါး (၆၀) ထဲမှာ
ရှင်အဿဇိဆိုတာလဲပါတယ်။ ရှင်အဿဇိဆိုတာက အထက်ကပြောခဲ့တဲ့
ပဉ္စဝဂ္ဂီငါးဦးထဲက တစ်ဦးအပါအဝင်ဖြစ်တယ်။
သူသာသနာပြုကြွတဲ့နေရာက ရာဇဂြိုဟ်မြို့ဖြစ်တယ်။
ရာဇဂြိုဟ်မြို့နားမှာ နာလန္ဒာရွာဆိုတာရှိတယ်။
အဲ့ရွာမှာ ဥပတိဿနဲ့ ကောလိတ ဆိုတဲ့လူငယ်နှစ်ဦးရှိတယ်။

တနေ့ ဒီလူငယ်နှစ်ဦး (ဂိရိသမဇ္ဇ လို့ခေါ်တဲ့) တောင်ထိပ်ပွဲသဘင် သွားကြည့်ကြတယ်။
အဲ့နေရာမှာ ဒီပွဲသဘင်ကို အခုခေတ်အထိ သုံးနှစ်တစ်ကြိမ်ကျင်းပဆဲလို့သိရတယ်။
လူငယ်လူရွယ်ကာလသားတွေ အစွမ်းကုန် ‘ကဲ’ ကြတဲ့ပွဲလို့လဲ သိရတယ်။
ပွဲကပြရာမှာ အိုနာသေရေး ဒုက္ခဘေးတွေအကြောင်းလဲ ပါဟန်တူပါရဲ့။
အဲ့ဒီပွဲသဘင်ကို သွားကြည့်ကြတဲ့ နာလန္ဒာရွာသားတွေဖြစ်တဲ့
ဥပတိဿနဲ့ ကောလိတ လူငယ်နှစ်ဦး သံဝေဂရသွားတယ်။

သံဝေဂရပြီး မအိုရာ မနာရာ မသေရာနေရာအတွက် အရှာထွက်ကြတယ်။
နောက်ဆုံး ရာဇဂြိုဟ်မြို့ထဲမှာ ဆွမ်းခံကြွနေတဲ့ ရှင်အဿဇိကို တွေ့သွားတယ်။
ရှင်အဿဇိကို ဂရုပြုမိသွားတယ်။
ရှင်အဿဇိ ဆွမ်းခံကြွပုံကလဲ အတော်တည်ငြိမ်အေးချမ်းတာကိုး။
ဆွမ်းခံကြွချိန် ရှေ့ကို လေးတောင်ခန့်မျှပဲ ကြည့်တယ်တဲ့။
သူ့ခေတ်သူ့အခါကတော့ ရှေ့ကို လေးတောင်ခန့်မျှကြည့်ပြီး အေးအေးဆေးဆေး
ဆွမ်းခံကြွလို့ရတာပေါ့။ အခုခေတ်လို ကားတွေ ဘာတွေမှ မရှိသေးတာ။

ဒီလို အေးချမ်းတည်ငြိမ်စွာ ဆွမ်းခံကြွမ်းလှမ်းနေတဲ့ ရှင်အဿဇိကို ကြည့်ပြီး
ဥပတိဿဆိုတဲ့ သူငယ် အတော်သဘောကျနေတယ်။
အော်၊ ဒီပုဂ္ဂိုလ်ရဲ့ အမူအယာ အတော်ထူးခြားတယ်၊ အင်မတန်တည်ငြိမ်အေးချမ်းတာပဲ၊
သူ့မှာ တရားထူးတစ်ခုခုတော့ ရှိလောက်တယ် လို့ ဆက်စဉ်းစားတယ်။

ဒီမှာလဲ တစ်ခုသတိပြုမိတယ်။
ဥပတိဿဆိုတဲ့သူငယ်ဟာ ဗုဒ္ဓဘုရားရှင်ကိုလဲ မတွေ့ဘူးသေးပါဘူး။
ဗုဒ္ဓဘာသာဝင် မဟုတ်သေးပါဘူး။
ဒါပေမဲ့ ထူးခြားတဲ့ တည်ငြိမ်တဲ့ အေးချမ်းတဲ့
ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးကို မြင်တွေ့ပြီး စိတ်ဝင်စားသွားတယ်။

ခုခေတ် ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ ရဟန်းတော် သံဃာတော်များလဲ
ရှင်အဿဇိကဲ့သို့ Express (အမူအယာ အပြ) ကောင်းဘို့ အရေးကြီးပါတယ်။
အပြင်ထွက်ရာမှာ ခရီးသွားရာမှာ ဆွမ်းခံထွက်ရာမှာ
သေသေချာချာ သပ်သပ်ယပ်ယပ်ဝတ်ရုံသင့်ပါတယ်။
ဒီလို Express ကောင်းမှသာ ဥပတိဿတို့လို ဘာသာခြားတွေကိုရော
ကိုယ့်ဘာသာဝင်တွေကိုရော Impress (သဘောကျစေ)မှာပါ။
Impress ဖြစ်မှ Interest ဆိုတဲ့ စိတ်ဝင်စားမှု ရမှာပါ။

ဒါ့ကြောင့် ရဟန်းတော်သံဃာတော်များ
သပ်သပ်ယပ်ယပ် စားတတ်ဖို့၊ သွားတတ်ဖို့၊ နေတတ်ဖို့၊ ထိုင်တတ်ဖို့
အင်မတန်အရေးကြီးပါတယ်။

ဒီလိုမဟုတ်ဘဲ
လူတွေနဲ့ တန်းတူထိုင်၊ တန်းတူသွား၊ တန်းတူစား၊ တန်းတူကစားနေရင်
ရှိခိုးခံမဲ့ ရဟန်းတော်ကို ရှိခိုးမဲ့ လူတွေက ဘယ်လိုလုပ် အားပါပါ ရှိခိုးချင်မလဲ။
ဝတ်ကျေတမ်းကျေသာ ရှိခိုးတော့မပေါ့။

ရှိခိုးတဲ့သူတွေ အားရပါးရ ရှိခိုးချင်အောင်
ရှိခိုးခံရဟန်းတော်များက သီလ၊ သမာဓိ၊ ပညာ သာလွန်ရုံတင်မကဘဲ
စားတဲ့၊ သွားတဲ့၊ ပြောတဲ့ဆိုတဲ့နေရာတွေမှာလဲ သာလွန်အောင် ကြိုးစားသင့်ပါတယ်။

10 comments

  • ဆူး

    December 30, 2010 at 2:49 pm

    အရှင်ဘုရား ပြောတာ မှန်ပါတယ် ရဟန် တပါးက သီလ သမာဓိ တင်မကပါဘူး ဣန္ဒြေနဲ့ ပြည့်စုံတော့ ပိုပြီး ကြည်ညိုဖွယ် အဆင်းဖြစ်တာပေါ့။ သို့သော်.. အမှတ် သတိ အားကောင်းတဲ့ ရဟန်း ဆိုရင်တော့ သီးသန့် ကြည်ညိုဖွယ်ဖြစ်အောင် လုပ်စရာ မလိုဘဲ ကြည်ညိုဖွယ် ဖြစ်မယ်လို့ ယူဆ မိပါတယ်။ ဆူး အမြင် သတ်သတ်ပါ.. အရှင်ဘုရား

    • ashinindaka

      December 30, 2010 at 10:50 pm

      အိမ်း။ သတိလက်လွတ်နေသူတို့အဖို့သာ သတိရှိဘို့ သတိပေးနေရပါကြောင်း။

  • tha khin nay myo

    December 30, 2010 at 3:16 pm

    မှန်ပါတယ်ဘုရား။ခုခောတ်သံဃာတော်အတွက်ပိုပြီးသတိပြုသင့်တယ်လို ့ထင်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 30, 2010 at 4:44 pm

    ဒီသဘောတွေကြတော့ ဘယ်လိုပြောရမလဲဆိုရင်…………….
    ဘုရားတပည့်တော် ကတော့ ဒဿန နည်းနည်းညက်တယ်ဘုရား
    အရှင်ဘုရား ဤသို ့မိန် ့လိုက်သည်ရှိသောဝ်
    အရှင်ဘုရား ထံကို တန်ပြန်လာမယ့် သဘောကို သက်ရောက်တတ်ပါတယ် ဘုရား
    ကိုယ်အိန္ဒြေနှင့် ပြောရလျှင် ဗုဒ္ဓရှင် တော်ဘုရား၏ ပညက်တော် တစ်ဖြစ်လဲ ဝိနည်းတော်တို ့သည်
    ပုထုဇဉ် ရှင် ရဟန်းတို ့ကို အကြောင်းပြု၍သာ ဖြစ်ပေါ်လာရသည်ကို သတိချပ်သင့်တော်မူပါကြောင်းနှင့်
    အရှင်ဘုရား ဤသို ့ မိန် ့လိုက်သည် ရှိသော်
    အင်တာနက် ဟူသည် ရဟန်းအရာ၌ ရှိပါ၏လောဟူသော မေးခွန်းသည် အရှင်သူမြတ်ဘုရားတွက် ရှိလာမည်ဖြစ်ပါသည်ဘုရား
    ဤက အရှင်ဘုရား၏ သီလ သမာဓိ ကို နားမလည်သူတို ့၏ အကြောင်းဖြစ်ပါပြီး
    ဒဿန နားလည်သူ အနေနှင့် အကြောင်းကြီးမဟုတ်ပါဘုရား
    သို ့ပါ၍ ဘုရားတပည့်တော် ရိုသေစွာလျှောက်ထားတောင်းပန်ပါသည်ဘုရား
    ကာလ ဒေသ ပုဂ္ဂလ ဟူသော သဘောအရ
    ဤဆိုက်သည် လူမျိုး ဘာသာစုံတို ့ ဖတ်ရှု ့သည်ဟု အထင်ရှိရပါ၍
    ထို ကိုယ်အိန္ဒြေတို ့သည်တစ်ဖက် ရဟန်း သံဃာတို ့၏ အသွင်အပြင်(သဏ္ဍာန်၌ကြည်ညိုခြင်း)သည် တစ်ဖက် ဆိုသည်ကို
    ဒွန်တွဲ၍ ဟောကြား မိန် ့တော်မူ ရေးသား သင့်ပါသည် ဟူ၍ ဘုရားတပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်သူမြတ်ဘုရား။

    • ashinindaka

      December 30, 2010 at 10:49 pm

      အိမ်း၊ ဒကာမိုက် အကြံပေးတဲ့ အရေးအသားပိုင်းလေးတွေ ဆင်ခြင်ဘို့တော့ တယ်ကောင်းသကိုးကွဲ့။ အလွန်မှတ်သားထိုက်ပါပေတယ်။ ဘုန်းကြီးနဲ့ အင်တာနက်ကတော့ ဘာမှ ပြဿနာမရှိပါဘူး။ ဘုန်းကြီးအင်တာနက်သုံးလို့ သစ္စာလေးပါးသိ အမြင်မှန်ရသွားတဲ့သူတွေ တပုံကြီးပဲဆိုတော့ ဒကာမိုက်ရေ၊ ဒကာမိုက်လို အမြင်မကျယ်တဲ့သူတွေကို ပြောပြလိုက်ပါအုံး။

  • bigcat

    December 31, 2010 at 2:27 am

    ဒကာမိုက်ဆိုသူက မူးမူးနဲ့ သတိသိက္ခာနဲ့ပြည့်စုံတဲ့ အရှင်ဘုရားကို သတိလက်လွတ်ပြောမိပုံ ရပါတယ်ဘုရား။ အဲဒီသေရည်သုံးစွဲသူ ဗာလာနံမောင်မိုက်၏ကိုယ်စား တပည့်တော်မှ သေရည်သေရက် မူးယစ်သောက်စားခြင်းကို အရှင်ဘုရားအား လှူဒါန်းပါ၏။
    ကိုအောင်ပုရေ သာဓုသုံးကြိမ်ခေါ်ဗျာ။ ခင်ဗျားအတွက် နယူးရီယား လက်ဆောင်ပေါ့။

    • ashinindaka

      December 31, 2010 at 3:02 am

      ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ ဒီလိုအတွေးလေးဝင်ကြတာကို သာဓုခေါ်မိတယ်ဗျာ။ သာဓုပါ။

  • MyFirstGreen

    December 31, 2010 at 1:48 pm

    @Dr.Ashin Indaka _
    တပည့်တော်အမြင်ကို ပြောရမယ်ဆိုရင်ဖြင့် ရဟန်းတွေမှာ တချို့ အိန်ဒရိယ( စာရိုက်လို့ မရပါသဖြင့်အသံထွက် ရိုက်ပါသည်။ ) သိက်ခါ ပုဒ်တွေ အတိအလင်း ပြဋ္ဌာန်းထားတာ ဖတ်ဖူးပါတယ်။ တပည့်တော်က ကိုးကွယ်မှုနဲ့ ပက်သက်ရင် လေ့လာမှုပြုပြီးမှ ကိုးကွယ်တာပါ။ ဒါကြောင့် ဝိနည်းကို အနည်းအကျဉ်းလေ့လာဖူးပါတယ်။ ခုခေတ် တချို့သော ရဟန်းတို့မှာ အခြေခံ ဝိနည်းကို မလိုက်နာကြတာ အထင်အရှားတွေ့ရပါတယ်။ ဝိနည်းတွေမှာ ရဟန်းများ မြို့ထဲ ရွာ ထဲ ဝင်ရင် သင်ကန်း အပြည့်ရုံရမယ်လို့ ပါပေမယ့် ဆွမ်းခံကြွချိန်တောင် ဘေးက ဆွမ်းချိုင့်ကိုင် ဆွမ်းလှည်းတွန်းတဲ့ ရဟန်းတွေ သင်ကန်းမရုံပါဘူး။ တပည့်တော်တို့ လမ်းမှာ တန်းဆွမ်းခံတဲ့ ကျောင်း ရ ကျောင်းလောက်ရှိပါတယ်။ အဲဒီထဲမှာ တစ်ကျောင်းဘဲ ရဟန်းကိုရင် အကုန်သင်ကန်းရုံပါတယ်။ သိက်ခါပုဒ်တွေကို သိနေတဲ့ တပည့်တော်အတွက် သူတို့နေ့တိုင်း အာပတ်အသင့်ခံနေတာကိ ုအလွန် အံ့ဩ မိပါတယ်။ အာယတိ ံသံဝရ စိတ်( နောက် မကျူးလွန်ဘူးလို့ စိတ်ပိုင်းဖြတ်ချက်) မရှိဘဲနဲ့ အာပတ်ဖြေလည်း အာပတ်က မထမြောက်တဲ့ အတွက် အာပတ်အထပ်ထပ် သင့်မှာပါ။

    ပြီးတော့ ပိုက်ဆံ ကိုင်တဲ့ ကိစ်စ ပါ။ တချို့ ရဟန်း တွေက ဆိုပါတယ်။ အာပတ်ပြန်ဖြေတယ်လို့ အဲဒါ ခုနပြောသလိုပါဘဲ အာယတိ ံသံဝရစိတ်မရှိရင် အာပတ်မပြေပါဘူး။ အဲဒါက နောက်တနေ့ အရုဏ်တက်ရင် နောက်အာပတ်တစ်မျိုးထပ်သင့်ပါတယ် ။ အဲလိုနဲ့ အာပတ်တွေ ကုဋေချီပြီး အထပ်ထပ်သင့်ပါတယ်။ တချို့ ရဟန်း တွေကတော့ ဆိုပါတယ်။ ပိုက်ဆံစက်ကူဟာ ရွှေငွေနဲ့ လုပ်ထားတာမဟုတ်လို့ အပ်တယ်လို့ ဆိုပါတယ်။ ဘုရားရှင်က သူကြီးတစ်ယောက် (နာမည်မေ့နေလို့ပါ) နဲ့ ဆွေးနွေးထားတာရှိပါတယ်။ သူက စည်းဝေးရာအရပ်မှာ ရဟန်းတွေ ရွှေငွေ အလှူခံသင့်မခံသင့် အငြင်းပွားရာမှာ သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်တဲ့ ရဟန်းတွေဟာ ငွေကြေး မကိုင်သင့်တဲ့ ဘက်က ပြောခဲ့ပါတယ်။ ဘုရားကို ပြန်လျှောက်တဲ့အခါမှာ ဘုရားရှင်က သူမှန်ကြောင်းပြောပြီး အကယ်၍ရဟန်းတွေသာ ရွှေငွေ ကိုင်အပ်တယ်ဆိုရင် ကာမဂုဏ်လည်း အပ်တယ်လို့ ဆိုလိုတာနဲ့အတူတူဘဲလို့ ဟောပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ရွှေငွေနဲ့ အရာအားလုံးဝယ်လို့ရတဲ့အတွက် အိမ်မှာနေသူ လူတွေနဲ့ အတူတူဘဲ ဖြစ်သွားလိမ့်မယ်လို့ ဟောခဲ့ပါတယ်။ အဲဒါကိ ုကြည့်ခြင်းအားဖြင့် ဘုရားရှင်ရဲ့ အလိုတော်က ရွှေငွေ မကိုင်အပ်ဘူးဆိုတာ တခြားကြောင့်မဟုတ်ပါဘူး။ အဲဒါနဲ့ အကုန်ဝယ်လို့ရလို့ပါ။ အဲဒါကြောင့် ဒီခေတ်မှာ ပိုက်ဆံစက်ကူ တွေက ဇာတိရူပ သိက်ခါ ပုဒ်နဲ့ မကိုင်အပ်တဲ့အထဲ ထည့်သွင်းရမှာပါ။ ဝိနည်းသိက်ခါပုဒ်တွေကို ဆုံးဖြတ်တဲ့ အခါမှာ ဘုရားရှင်ရဲ့ ရည်ရွယ်ချက်ကို မပျောက်စေဘဲ ဆုံးဖြတ်ရမှာပါ။ လှေနံဓားထစ် မှတ်သားလို့မရပါဘူး။

    တခြား မြင်နေကျတွေ အများကြီး ရှိပါတယ်။ အဲဒီထဲကမှ အမြင်မတော်တာတစ်ခုကတော့ ဆရာတော်တွေ ဖြစ်ပြီး ကလေးမလေးတွေကို ခေါင်းကိုင်ပြီးဆုပေးတာပါဘဲ။ နိုင်ငံကျော်တရားဟော ဆရာတော်တွေပါ။ မာတုဂါမ ဆိုတာ ကလေးမလေးတွေလည်း အကျုံးဝင်ပါတယ်။ အဲဒါကို ဝိနည်း တတ်မြောက်ထားတဲ့ ရဟန်းတိုင်းသိပါတယ်။ အဲလိုမျိုး မာတုဂါမကို မိမိက သွားထိရင် ( သူက မတော်တဆ လာထိတာမျိုးမဟုတ်ဘဲ မိမိ ကြိုးပမ်း လှုပ်ရှားမှုနဲ့ ထိရင်) အာပတ်သင့်ပါတယ်။ ဒါတောင် ထိတဲ့ နေရာကို လိုက်ပြီး အာပတ်အကြီးအသေးက ကွာပါတယ်။ ၁၂ နာရီ ကျော်မှ ဆွမ်းကို အားရပါးရ ဘုန်းပေးတာထက် အာပတ်ပိုကြီးပါတယ်။ အဲဒါကို နိုင်ငံကျောင် တရားဟော ဘွဲ့တွေ အများကြီးရထားတဲ့ ရဟန်းတစ်ပါးက ဘာလို့ ကလေးမလေး ကို ကိုင်ပြီး ဆုပေးရသလဲ စဉ်းစားလို့မရပါဘူး။ အရှင်ဘုရားတို့ဘက်က ပြုပြင်ရမှာတွေ အများကြီးပါ။ တပည့်တော် ဆက်ရေးရရင် ၁ဝ ရက်လောက်ရေးရင်တောင် ကုန်နိုင်ဖွယ် မရှိလို့ happy new year ဖို့ ဒီ comment လေး ဆက်မရေးတော့ဘူး ။

    သာသနာတော်မှာ ဝိနည်းကို ရဟန်းများ လိုက်နာကြပါစေလို့ ဆုတောင်းခဲ့ပါတယ်။

    လေးစားစွာဖြင့်
    MY FIRST GREEN

    • ashinindaka

      December 31, 2010 at 3:21 pm

      ဆွေးနွေးစရာတွေ အများကြီးပါ။ သဘောထားတိုက်ဆိုင်တာတွေပါသလို သဘောထားမတိုက်ဆိုင်တာတွေလဲ ပါတယ်။ ကြုံမှ ဆွေးနွေးတာပေါ့။

  • naywoonni

    January 1, 2011 at 12:55 pm

    အထက်က MY FIRST GREEN ပြောခဲ့သလို ပါပဲ ငွေကြေးကိုင်တွယ်တာနဲ့ ပါတ်သက်လို့ ပါ။ အဲဒါ လှူတန်းနေတဲ့ ဒကာတွေကကော ငွေကြေး ဝတ္ထု ပစ္စည်းကိုပဲ လွယ်လင့်တစ်ကူ ဘာကြောင့်လှူနေကြတာလဲ ဆိုတာ ပြောကြရင်ကောင်းမယ်နဲ့တူတယ်။ မကိုင်အပ်ပါဘူး ဆိုတာ သိထား ပါရက်နဲ့ ဘာကြောင့် ဒါကိုပဲလှူနေကြသလဲ ဆိုတာ
    တပြည့်တော်အထင်ကတော့ တန်းမမှိတဲ့ ဘာသာဝင်တွေဖြစ်နေလို့ ဒီလိုလှူနေကြတာလို့ပဲ ပြောရင်လည်း ခံချင်ကြမှာမဟုတ်ပါဘူး ။

Leave a Reply