ချမ်းသာနှင့် ဆင်းရဲ

weiweiJanuary 4, 20111min13112

ချမ်းသာခြင်းနဲ့ ဆင်းရဲခြင်း

ကျွန်မနဲ့ ကျွန်မမောင်လေးနဲ့က စကားကြီး စကားကျယ်တွေအမြဲပြောပြီး ငြင်းခုန်လေ့ရှိတယ်။ သူခြောက်တန်း ကျောင်းသားအရွယ် ကျွန်မဆယ်တန်းဖြေထားပြီးတစ်ရက်မှာ ထမင်းစားနေရင်း ကျွန်မက စပြောလိုက်ပါတယ်။

” လောကကြီးမှာ တည်မြဲတဲ့ချမ်းသာခြင်းဆိုတာမရှိဘူး။ အခုပဲကြည့် ထမင်းကိုစစားတုန်းက စားလို့ကောင်းတယ်၊ စိတ်ချမ်းသာနေတယ်၊ အခုဗိုက်လဲဝရော ထပ်မစားချင်တော့ဘူး၊ ထပ်စားမိရင် ဆင်းရဲတော့မယ်၊ ချမ်းသာခြင်းပျောက်ပြီး ဆင်းရဲခြင်းရောက်တော့မယ်”

” အင်း၊ အဲဒါတော့ ဟုတ်တယ်”

” သီချင်းနားထောင်တာလဲ အတူတူပဲ၊ ခဏနားထောင်တုန်းက နားထောင်ကောင်းတယ်၊ ချမ်းသာတယ်လို့ထင်ရတယ်၊ ကြာလာတော့ နားငြီးလာရော၊ ပိတ်လိုက်မှ စိတ်ချမ်းသာတယ်၊ ချမ်းသာခြင်းပျောက်ပြီး ဆင်းရဲခြင်းရောက်လာတာပဲ”

” အင်း၊ အဲဒါလဲ ဟုတ်တာပဲ”

” မျက်စိလဲကြည့်ပါလား၊ ရုပ်ရှင်ကြည့်နေတာ ကောင်းပေမယ့် ကြာကြာကြည့်တော့ မျက်စိပူလာတယ်၊ နားလိုက်မှ စိတ်ချမ်းသာတယ်၊ ချမ်းသာတာကုန်ရင် ဆင်းရဲတာရောက်လာစမြဲပဲ ”

” အဲဒါတော့ စာအုပ်ထဲမှာရေးတာနဲ့ လွဲသွားပြီ၊ လောကနီတိထဲမှာ မျက်စိသည် ချစ်သောသူကိုကြည့်ခြင်း၌ရောင့်ရဲခြင်းမရှိလို့ ရေးထားတယ်။ လောကနီတိဆိုတာ အမှန်တွေချည်းပဲ ရေးထားတာမဟုတ်လား ” သူသိတာနဲ့ ဝင်ပြီး စောဒကတက်ပါတယ် ..

” ငါလဲ မပြောတတ်တော့ဘူး။ ဒါပေမယ့် ဘယ်လောက်ကြာကြာ ထိုင်ကြည့်နိုင်မှာလဲ။ အချိန်တန်ရင်တော့ မျက်စိညောင်းမှာပဲ၊ အိပ်ချင်လာမှာပဲမဟုတ်လား ” ကျွန်မလဲ ဝေတေဝါးတားဖြစ်သွားတယ် …

” အာရုံငါးပါးစလုံးမှာ ချမ်းသာခြင်းအစစ်ဆိုတာ မရှိဘူးဟ၊ အားလုံး အနိစ္စချည်းပဲ၊ ငါတော့ အခုထမင်းကိုကုန်အောင်မစားနိုင်တော့ဘူး၊ တော်ပြီ၊ မေမေဆူချင်ဆူပစေတော့၊ နှမြောပြီး ဒီ့ထက်ပိုစားရင် ဆင်းရဲတော့မယ်”  .. လို့ပြောပြီး ထမင်းဟင်းတွေကို မေမေမသိအောင် ခြေထောက်နားကပ်ပြီး တညောင်ညောင်လာအော်နေတဲ့ ကြောင်ကြီးကို ချကျွေးလိုက်ပါတော့တယ် …

ကျွန်မမောင်လေးကတော့ မျက်စိကိစ္စကို ဘယ်လိုမှ မကျေလည်နိုင်အောင်ဖြစ်နေပြီး စဉ်းစားရင်း ထမင်းဆက်စားနေပါတယ် … အဲဒီတုန်းက သူက ကလေးပဲရှိသေးတာကိုး … အခုတော့ သူကချည်း စာချနေလို့ ကျွန်မကသူ့ကို ဘုန်းကြီးတစ္ဆေလို့ နံမည်ပေးထားပါတယ် ..

12 comments

  • naywoonni

    January 4, 2011 at 1:47 pm

    စာကမဆုံးသေးတာလား
    တစ်ခုခုလိုနေ သေးသလိုပဲနော်

  • weiwei

    January 4, 2011 at 1:50 pm

    ကလေးစကားဝိုင်းလေ … အစမရှိ အဆုံးမရှိပေါ့ … ဖတ်တဲ့လူကြီးတွေက ဆက်တွေးပေါ့လို့ … 😛

  • bigcat

    January 5, 2011 at 2:45 am

    ပြသနာက လူတွေအလိုက်မသိတာဗျ၊ ဘယ့်နှယ်ဗျာ မောင်နှမနှစ်ယောက် စကားများလေပန်းပြီး မွေးထားတဲ့ကြောင်ကို အစာကျွေးရကောင်းမှန်း မသိဘူး။ မကျွေးချင်ရင် မမွေးနဲ့လေ။ ဆိုးလိုက်တဲ့ ငါ့ကြောင်ရယ် တညောင်ညောင်အော်မှ စားရတဲ့ဘဝ။ ေဩာ် ဒုက္ခ ဒုက္ခ….

  • weiwei

    January 5, 2011 at 4:42 am

    အဲဒီကြောင်ကိုကဆိုးတာ … စည်းကမ်းမရှိဘူး .. ဘယ်သူထမင်းစားစား အတင်းအော်တောင်းတာပဲ … နံမည်ကိုက ဖိုးကဲ တဲ့ …

  • weiwei

    January 5, 2011 at 5:39 am

    ကျွန်မတို့ ထမင်းစားပြီးနောက် ဧည့်ခန်းမှာထိုင်ပြီး မာလိကျပုတ္တအကြောင်း ကျွန်မက မောင်လေးကို တရားဟောသလိုမျိုး ရှင်းပြခဲ့ပါတယ် … အဲဒီဇာတ်လမ်းက ရွာထဲကလူတွေ သိပြီးသားမို့လို့ ဆက်ပြီး သတိရအောင် အစပဲရေးလိုက်ရခြင်း ဖြစ်ပါတယ် …

  • zaw min

    January 5, 2011 at 8:41 am

    မဝေက တရားဟောလည်းကောင်းသားပဲ…ဘယ်ကျောင်းကထွပ်တာလည်းဟင်…

  • နီလေး

    January 5, 2011 at 10:04 am

    မဝေပြောတာလဲအမှန်သားနော် ချမ်းသာခြင်းပြီးရင်ဆင်းရဲခြင်းတွေလာမယ်ဆိုတာလေ

  • manawphyulay

    January 5, 2011 at 12:05 pm

    မဝေရေ စာက ဆက်ရန်ကျန်သေးတာလားဟင် ပြီးတော့ ဘာဆက်ဖြစ်သေးလဲ……….. မဝေ မောင်လေးက ဘာဆက်ပြောသေးလဲ

  • weiwei

    January 5, 2011 at 12:25 pm

    ဒီစာရဲ့ဆိုလိုရင်းက ချမ်းသာခြင်း အစစ်ဆိုတာ အာရုံ (၅) ငါးထဲမှာ မရှိတဲ့အကြောင်းပါ ..
    မျက်စိ … အမြင်အာရုံက ကောင်းတာကိုခံစားရင် ချမ်းသာပေမယ့် ဒါဟာအမြဲမဟုတ်ဘူး … သူ့မှာ ဆင်းရဲခြင်းရှိတယ် ..
    နား .. အကြားအာရုံက သာယာတာကို ကြားရင် ချမ်းသာပေမယ့် ဒါဟာလဲ မမြဲဘူး .. ဆင်းရဲခြင်း ကပ်ပါလာလိမ့်မယ် …
    လျှာ .. အရသာကလဲ ကောင်းတာကိုစားရင် ချမ်းသာပေမယ့် ကောင်းတာပြီးရင် ဆင်းရဲတာဆက်လာတယ် ..
    နှာခေါင်း … အနံ့အာရုံကလဲ မွှေးတာကို ခံစားရင် ချမ်းသာပေမယ့် ပိုလာရင် ဆင်းရဲလာတာပဲ ..
    ကိုယ် .. အတွေ့အာရုံကလဲ ချမ်းသာတာကုန်ရင် ပူလောင်တဲ့ ဆင်းရဲခြင်းကို ခံစားရမှာပဲ …
    ချမ်းသာခြင်းအစစ်မှန်ရင် အမြဲတမ်းချမ်းသာနေရမှာမဟုတ်လား … မမြဲတဲ့သဘောကို ရှင်းပြချင်လို့ ကလေးနားလည်တဲ့ စကားလုံးတွေနဲ့ ပေါ့ပေါ့ပါးပါး ရေးလိုက်ခြင်းဖြစ်ပါတယ် …

    အခုခေတ်မှာ လူတွေက အာရုံ ငါးပါးနောက်ကို တကောက်ကောက်လိုက်ပြီး ဆင်းရဲပြီးရင်း ဆင်းရဲနေကြတာကို သံဝေဂ ယူမိအောင်ပေါ့ …

  • kopauk mandalay

    January 6, 2011 at 4:34 pm

    မယ်သီများဝတ်တော့မှာလား ဝေမမရယ်၊
    မယ်သီဝတ်မယ်ဆိုရင်ရွာထဲကလူတွေ ကျောင်းတိုက်တစ်တိုက်ထဲမှာ စုဝတ်ရအောင်။
    ကျနော်လဲ တင်ထားတဲ့ တရားတွေဖတ်ရင်းတရားတွေရမလာဘဲ တရားတွေကျကျသွားသလိုဘဲ။

  • weiwei

    January 6, 2011 at 5:12 pm

    ရွာထဲမှာ ဘဒန္တဆရာတော် အောင်ပုတို့ … ဆရာတော် ကြောင်ကြီးတို့ရှိတယ်လေ .. အားကျမခံ သီလရှင်ဆရာကြီး ဒေါ်ဝေဝေ လဲ ရှိသေးကြောင်း တရားသံလေး နဲနဲဝင်ပေးကြည့်တာပါ …

  • ဆူး

    January 8, 2011 at 3:02 pm

    ဖြစ်ပျက် သဘောတွေဘဲ.. ချမ်းသာတယ် ဆိုတာ ခဏ.. ပြီးတော့လည်း ဆင်းရဲတာဘဲ.. အချိန်တွေက ကုန်လွန်လွယ်တယ်။ နယူးရီးယား.. ပျော်ကြတာ.. မောပန်းပြီး အိပ်ပျော်သွားကြကော.. မောတာ ပန်းတာ ဆင်းရဲတာဘဲ.. ချမ်းသာနောက်လိုက်ရင် ဆင်းရဲ နေကြတာ သတိမထားမိကြဘူး။

Leave a Reply