မွေးနေ့ဆိုတာ

Yin Nyine NwayDecember 31, 20101min1364

ဆင်ခြင်စေချင် မွေးနေ့ရှင်* မွေးနေ့ဆိုတော့ မွေးနေ့ပဲ ဆုတောင်းပေးရမလား၊ မွေးနေ့ သီချင်းပဲ ဆိုပြရမလား မသိဘူး။ ဦးဇင်းကတော့ ဓမ္မလက်ဆောင်အနေနဲ့ နေ့တိုင်း နှလုံးသွင်း အမှတ်ရနေရသင့်တဲ့ အချက်အလက် ငါးချက်ကို ပြောပြလိုက်ချင်ပါတယ်။ ဗုဒ္ဓတရား လိုက်စားနေကြတဲ့ လူတိုင်း သိရှိနေတဲ့ အချက်အလက် လေးတွေပါ။ သို့သော် လူတိုင်းတော့ လိုက်နာ ကျင့်သုံးကြမယ်လို့တော့ မထင်ပါဘူး။

ပါဠိလိုကတော့ အဘိဏှ လို့ခေါ်တယ်။ အမြဲတမ်း၊ နေ့စဉ်ပေါ့။ အဘိဏှရဲ့နောက်မှာ မြတ်စွာဘုရားက ပစ္စဝေက္ခိတဗ္ဗံလို့ ဟောတော်မူတယ်။ နှစ်လုံးသွင်းရမယ်၊ ဆင်ခြင်ရမယ်၊ သတိယနေရမယ်။ စသည်စသည်ပေါ့ကွယ် ဘာသာပြန်လိုက်ပေါ့ နေ့တိုင်း နှလုံးသွင်းနေရမယ်ပေါ့။ ဘယ်သူတွေလဲဆိုတော့ မြတ်စွာဘုရားက ဆက်မိန့်ပါတယ်။ ဣတ္ထိယာဝါ- အမျိုးသမီးများ အားလုံး၊ ပုရိသသေနဝါ- အမျိုးသားများ အားလုံး၊ ဂဟဋ္ဌေနဝါ- အိမ်မှာနေငြား လူဝတ်ကြောင်များအားလုံး၊ ပဗ္ဗဇိတေနဝါ- ရဟန်း ရှင် အားလုံးပေါ့။ ဘုရားက ဗုဒ္ဓဘာသာမှ ဆင်ခြင်ရမယ်လို့ နှစ်လုံးသွင်းရမယ် မဟောဘူးနော်။ ယောက်ျားမိန်းမ ရဟန်းရှင်လူ အားလုံး နေ့တိုင်း နေ့စဉ် နှလုံးသွင်း ဆင်ခြင်နေရမယ်လို့ မိန့်တော်မူတာ။

ဘယ်အကြောင်းအရာတွေကို သတိယနေရ အမှတ်ရနေရ ဆင်ခြင်နေရမလဲဆိုရင် ..

(၁) ဇရာဓမ္မောမှိ၊ ဇရံ အနတီတောတဲ့ တောသားလေးရေ။ ငါသည်၊ အိုမင်းတတ်သော သဘောရှိသည်။ ဝါ- အိုမင်းတတ်သော သဘောရှိသော ခန္ဓာကိုရရှိထားသည်။ အိုမင်းခြင်းသဘောကို မလွန်ဆန်နိုင်၊ မကျော်နိုင်ဘူးတဲ့။ အိုတတ်တဲ့ ခန္ဓာရမှတော့ အိုလာတာပေါ့ကွယ်။ ဒီသဘော ဒီသဘာဝဟာ လောကမှာရှိတဲ့ ယောက်ျားမိန်းမ ရဟန်းရှင်လူ အားလုံးရဲ့ တူညီနေတဲ့ သဘာဝပေါ့။ လောကမှာ ဘာတွေ ဘယ်လိုကွဲပြားနေပါစေ၊ အားလုံးဟာ မိန်းမအို ယောက်ျားအို ရဟန်းအိုဖြစ်ရမယ် ဆိုတာတော့ အတူတူပဲပေါ့။ ဘယ်သူက တမူထူးခြားပြီး ဒီသဘောကို လွန်ဆန်နိုင်မလဲလေ။
ဒါကြောင့် ဒို့မြတ်စွာဘုရားက ငါသည် အိုတတ်သော သဘောရှိသည် အိုခြင်းသဘောကို မလွန်မြောက်နိုင်လို့ နေ့စဉ်ဆင်ခြင်ဖို့ မိန့်မှာတော်မူတာပေါ့။ ဤကဲ့သို့သော တန်ဖိုးရှိ မှန်ကန်တိကျ လှသော ဓမ္မတွေက မင်းတို့ငါတို့ရဲ့ သာသနာမှာသာ ရှိတာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာမိသားစုမှာ မွေးဖွားလာရတဲ့ တောသားလေးဟာ တန်ဖိုးရှိ အဖိုးတန်လေပြီပေါ့။

(၂) ဗျာဓိဓမ္မောမှိ၊ ဗျာဓိံ အနတီတော- ငါသည် နာခြင်းသဘောတရားရှိသည်။ ဝါ-နာတတ်သော သဘောရှိသော ခန္ဓာကို ရရှိထားသည်။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။ ခန္ဓာကိုယ်က အိုတော့လည်းနာတယ်၊ မအိုခင်လည်း နာတာပဲ။ ဒီသဘော ဒီသဘာဝဟာ လောကမှာရှိတဲ့ ယောက်ျားမိန်းမ ရဟန်းရှင်လူ အားလုံးရဲ့ တူညီနေတဲ့ သဘာဝပေါ့။ လောကမှာ ဘာတွေ ဘယ်လိုကွဲပြားနေပါစေ။ အားလုံးဟာ မိန်းမနာ ယောက်ျားနာ ရဟန်းနာဖြစ်ရမယ် ဆိုတာတော့ အတူတူပဲပေါ့။ ဘယ်သူက တမူထူးခြားပြီး ဒီသဘောကို လွန်ဆန်နိုင်မလဲလေ။
ဒါကြောင့် ဒို့မြတ်စွာဘုရားက ငါသည် နာတတ်သော သဘောရှိသည် နာခြင်းသဘောကို မလွန်မြောက်နိုင်လို့ နေ့စဉ်ဆင်ခြင်ဖို့ မိန့်မှာတော်မူတာပေါ့။ ဤကဲ့သို့သော တန်ဖိုးရှိ မှန်ကန်တိကျ လှသော ဓမ္မတွေက မင်းတို့ငါတို့ရဲ့ သာသနာမှာသာ ရှိတာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာမိသားစုမှာ မွေးဖွားလာရတဲ့ တောသားလေးဟာ တန်ဖိုးရှိ အဖိုးတန်လေပြီပေါ့။

(၃) မရဏဓမ္မောမှိ၊ မရဏံ အနတီတော- ငါသည် သေခြင်း သဘောတရားရှိသည်။ ဝါ-သေတတ်သော သဘောရှိသော ခန္ဓာကို ရရှိထားသည်။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။ သေတတ်တဲ့ ခန္ဓာရမှတော့ တစ်နေ့ သေရမှာပေါ့ကွယ်..။ ဒီသဘော ဒီသဘာဝဟာ လောကမှာရှိတဲ့ ယောက်ျားမိန်းမ ရဟန်းရှင်လူ အားလုံးရဲ့ တူညီနေတဲ့ သဘာဝပေါ့။ လောကမှာ ဘာတွေ ဘယ်လိုကွဲပြားနေပါစေ။ အားလုံးဟာ မိန်းမသေ ယောက်ျားသေ ရဟန်းသေ တစ်နေ့ဖြစ်ရမယ် ဆိုတာတော့ အတူတူပဲပေါ့။ ဘယ်သူက တမူထူးခြားပြီး ဒီသဘောကိုလွန်ဆန်နိုင်မလဲလေ။
ဒါကြောင့် ဒို့မြတ်စွာဘုရားက ငါသည် သေတတ်သော သဘောရှိသည် သေခြင်းသဘောကို မလွန်မြောက်နိုင်လို့ နေ့စဉ်ဆင်ခြင်ဖို့ မိန့်မှာတော်မူတာပေါ့။ ဤကဲ့သို့သော တန်ဖိုးရှိ မှန်ကန်တိကျ လှသော ဓမ္မတွေက မင်းတို့ငါတို့ရဲ့ သာသနာမှာသာ ရှိတာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာမိသားစုမှာ မွေးဖွားလာရတဲ့ တောသားလေးဟာ တန်ဖိုးရှိ အဖိုးတန်လေပြီပေါ့။

(၄) သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါတိ- လောကမှာ ကိုယ်ချစ်တဲ့၊ မြတ်နိုးတဲ့၊ စုံမက်တဲ့ သတ္တဝါ သင်္ခါရတို့နဲ့ ရှင်ကွဲကွဲ၊ သေကွဲကွဲရတတ်တယ်၊ ပြီးရင် ခွဲရလိမ့်မယ်။ ဒီသဘောကို ဘယ်သူမှ မလွန်ဆန်နိုင်၊ မကျော်နိုင်ဘူးတဲ့..။ ချစ်ခင်စုံမက်အပ်သော သတ္တဝါ သင်္ခါရတို့နဲ့ အမြဲတမ်း အတူယှဉ်တွဲပြီး လောကကြီးထဲမှာ နေချင်ကြသူချည်းပါပဲ။ သေကွဲကွဲ၊ ရှင်ကွဲကွဲတဲ့အခါ ငိုသူငို၊ ယိုသူယိုနဲ့ သောကတွေလွှမ်း.. မရဏစခန်းဆီ သွားနေကြတာပါပဲ။ ဒါကြောင့် တို့မြတ်စွာဘုရားက ငါသည် ကိုယ်ချစ်တဲ့၊ မြတ်နိုးတဲ့၊ စုံမက်တဲ့ သတ္တဝါ သင်္ခါရတို့နဲ့ ရှင်ကွဲကွဲ၊ သေကွဲကွဲရတတ်တယ်၊ ပြီးရင် ခွဲရလိမ့်မယ်လို့ မိန့်မှာတော် မူတာပေါ့။ ဤကဲ့သို့သော တန်ဖိုးရှိ မှန်ကန်တိကျ လှသော ဓမ္မတွေက မင်းတို့ငါတို့ရဲ့ သာသနာမှာသာ ရှိတာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာမိသားစုမှာ မွေးဖွားလာရတဲ့ တောသားလေးဟာ တန်ဖိုးရှိ အဖိုးတန်လေပြီပေါ့။

(၅) ကမ္မဿကောမှိ၊ ကမ္မဒါယာဒေါ၊ ကမ္မယောနိ ကမ္မဗန္ဓု၊ ကမ္မပဋိဿရဏော၊ ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ဝါ ပါပကံဝါ တဿ ကမ္မဿ ဒါယာဒေါ ဘဝိဿာမီတိ- ကံသာအမိ၊ ကံသာအဖ၊ ကံသာဆွေမျိုး၊ ကောင်းကံ မကောင်းကံ ပြုစီမံ အမှန် ကိုယ်ခံရမှာပါတကား။ ဒီသဘော ဒီသဘာဝဟာ လောကမှာရှိတဲ့ ယောက်ျားမိန်းမ ရဟန်းရှင်လူ အားလုံးရဲ့ တူညီနေတဲ့ သဘာဝပေါ့။ လောကမှာ ဘာတွေ ဘယ်လိုကွဲပြားနေပါစေ။ အားလုံးဟာ ကိုယ်ပြုတဲ့ကံအတိုင်း ကိုယ်ပဲ ခံရမှာပါပဲ။ ဘယ်သူက တမူထူးခြားပြီး ဒီသဘောကိုလွန်ဆန်နိုင်မလဲလေ။

ဒါကြောင့် ဒို့မြတ်စွာဘုရားက ငါသည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၊ ကံရဲ့အမွေကို ခံယူရသည်၊ ကံဟူသော အကြောင်းရှိသည်၊ ကံဟူသော ဆွေမျိုးရှိသည်၊ ကံသည်သာလျှင် လဲလျောင်းရာရှိသည်၊ ကောင်းကံ မကောင်းကံ၏ အမွေခံသာ ဖြစ်ရမှာပါတကား လို့ နေ့စဉ်ဆင်ခြင်ဖို့ မိန့်မှာတော် မူတာပေါ့..။ လောကမှာ စည်းစိမ်ဥစ္စာတွေ ဘယ်လောက်ပဲ ပိုင်ပိုင် သေတဲ့အခါ ထားခဲ့ရမှာပါပဲ။ ဆွေမျိုးတွေ ဘယ်လောက်ပဲများများ၊ အပေါင်းအသင်းတွေ ဘယ်လောက်ပဲ ရှိရှိ သေတဲ့အခါ ထားခဲ့ရတာပဲ။ တကယ်တော့ လူတိုင်းဟာ ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်ခရီး ကိုယ်လျှောက်နေကြ ရတာပေါ့။ ဘယ်မှာလဲ ကိုယ်ပိုင် ဥစ္စာ။ မသေခင်တော့ တခဏတာ ပိုင်ချင် ပိုင်မပေါ့၊ ဆိုင်ချင် ဆိုင်မပေါ့။ သေအံ့ဆဲဆဲ ကုတင်ပေါ် ပက်လက်မျောတဲ့အခါ ဥစ္စာတွေကလည်း မတတ်နိုင်၊ မိတ်ဆွေတွေကလည်း မကယ်နိုင်၊ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ် အကုသိုလ်သည်သာ၊ မိမိ ဆည်းပူးခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံရဲ့ အစီအမံကိုသာ ခံကြရတာပေါ့။ အမှန်တော့ ကုသိုလ် အကုသိုလ်တွေကသာ ကိုယ့်ရဲ့ ကိုယ်ပိုင် ဥစ္စာပါ။ ကိုယ့်ရဲ့ အားကိုးရာတွေပါ။ ကိုယ့်ရဲ့ မိတ်ဆွေတွေပါ။ ဒါကြောင့် ဤကဲ့သို့သော တန်ဖိုးရှိ မှန်ကန်တိကျ လှသော ဓမ္မတွေက မင်းတို့ငါတို့ရဲ့ သာသနာမှာသာ ရှိတာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာမိသားစုမှာ မွေးဖွားလာရတဲ့ တောသားလေးဟာ တန်ဖိုးရှိ အဖိုးတန်လေပြီပေါ့။

အိုတတ်၊ နာတတ်၊ သေတတ်သော ခန္ဓာရှိတဲ့ မွေးနေ့ရှင် တောသားလေးဟာ အအိုကြီး၊ အနာကြီး၊ အသေကြီး မဖြစ်သေးသော်လည်း အအိုလေး၊ အနာလေး၊ အသေလေးတော့ ဖြစ်နေပြီပေါ့။ တစ်နှစ်ပြီးတစ်နှစ် မွေးနေ့တွေ ကျင်းပရင်း အအိုကြီး၊ အနာကြီး၊ အသေကြီးဆီကို တရွေ့ရွေ့သွား၊ တစ်နေ့တစ်နေ့ အိုနေရ၊ နာနေရ၊ သေနေရ ပါလားလို့ နေ့စဉ် နှလုံးသွင်း ဆင်ခြင်စေချင်ပါတယ်။ အဲဒီတော့ အအိုကြီး မအိုခင်၊ အနာကြီး မနာခင်၊ အသေကြီး မသေခင် သတ္တဝါ သင်္ခါရတို့ အပေါ်၌ သံယောဇဉ်တွေကို ဖြတ်၊ အပူသောကဓာတ်တွေ ငြှိမ်းသတ်လို့ ကိုယ်ပိုင်ဥစ္စာ အပြည့်အဝ ပေးစွမ်းနိုင်သည့် မြတ်ဗုဒ္ဓ သာသနာမှာ ကိုယ်ပိုင်သိ ဒါန၊ ကိုယ်ပိုင်သိ သီလ၊ ကိုယ်ပိုင်သိ ဝိပဿနာ ပညာတွေကို ရနိုင်သမျှထုပ်၊ မွေးနေ့မှာ အဟုတ်တကယ် ကုသိုလ်တွေ ပြုလိုက်စမ်းပါလို့ တိုက်တွန်းလိုက်ရ ပါသတည်း..။

အရှင်နာယက (မနက်ဖြန်)
သီတဂူဓမ္မဝိဟာရကျောင်း
အမေရိကန် ပြည်ထောင်စု

4 comments

  • naywoonni

    January 4, 2011 at 7:43 am

    လိုက်နာ ကျင့်ကြံသင်တာလေးတွေပါ လောကီ အာရုံ ကာမ ဘုံမှာတော့ဖြင့်…………………….

  • Yin Nyine Nway

    January 4, 2011 at 8:04 am

    ဒါပေါ့….

Leave a Reply