ဝါလား၊ အရည်အချင်းလား

ashinindakaDecember 31, 20101min1117

တည်တည်ငြိမ်ငြိမ် ခန့်ခန့်ငြားငြား
လောဘ ဒေါသ သောကတွေကင်းစင်တဲ့မျက်နှာထားနဲ့
ဆွမ်းခံကြွနေတဲ့ ရှင်အဿဇိသွားရာနောက်က ဥပတိဿဆိုတဲ့သူငယ်လေး
မသိမသာ ကပ်လိုက်သွားတယ်။

တစ်နေရာရောက်တော့ ရှင်အဿဇိ ဆွမ်းဘုန်းပေးတယ်။
ဥပတိဿဆိုတဲ့သူငယ် ဘေးနား အသာလေး ထိုင်နေတယ်။

ရှင်အဿဇိလဲ ဆွမ်းဘုန်းပေးပြီးရော သူသိချင်တာကို မေးပါတော့တယ်။
‘အရှင်၊ အရှင့်ကို ကြည့်ရတာ အတော်ငြိမ်းချမ်းမှုရှိတယ်၊
ဒီတော့ အရှင့်ရဲ့ သန္တာန်မှာ တရားထူးရှိမယ်လို့ ယူဆတယ်၊
အဲ့လို တရားထူးများ ရှိလို့ သိထားတယ်ဆိုရင် ပြောပြ ဟောပြစမ်းပါ’ တဲ့။

ဒီတော့ ရှင်အဿဇိ က
ငါက ရှည်ရှည်ဝေးဝေး မပြောပြတတ်ဘူး။ တိုတိုပဲ ပြောပြတတ်တယ်။
ရှည်ရည်ဝေးဝေးသိချင်ရင်တော့ ငါတို့ဆရာ ဂေါတမရှိတယ်။
သူ့ဆီကို သွားမေးပါလို့ ပြောတယ်။

အရှင်ပြောတတ်သလောက် တိုတိုသာ ပြောပါလို့ ပြောတော့
ရှင်အဿဇိ က
ယေဓမ္မာ ဟေတုပ္ပဘဝါ၊
တေသံ ဟေတုံ တထာဂတော အာဟ စတဲ့ဂါထာလေးကို
တိုရှင်းလိုရင်း သူသိသလောက် ဟောပြပါတယ်
အဓိပ္ပါယ်က
“အကြောင်းကြောင့် အကျိုးဖြစ်” ပါဘဲ။
ဒါလေးကြားလိုက်တာနဲ့ ချက်ချင်း အလင်းရသွားတယ်။
သောတာပန်ဖြစ်သွားတယ်။

ဒါနဲ့သူ့သူငယ်ချင်း ကောလိတကို လိုက်ရှာပြီး ပြန်ပြောပြတယ်။
သူငယ်ချင်းဖြစ်သူလဲ သောတာပန်ဖြစ်သွားတယ်။

နောက်ပိုင်းတော့ ဘုရားရှင်နဲ့တွေ့ပြီး ရဟန္တာတွေဖြစ်သွားတယ်။
ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်လို့ ထင်ရှားလာပြီး
ဘုရားရှင်က သူ့ရဲ့ ညာလက်ရုံး၊ ဘယ်လက်ရုံး
အဂ္ဂသာဝက (အကြီးဆုံးတပည့်ကြီးနှစ်ဦး) ရာထူးကို ခန့်အပ်ပါတယ်။

စဉ်းစားမိတာလေး ပြောကြည့်ချင်တယ်။
ဒီနေရာမှာ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ ဆရာက
ရှင်အဿဇိဖြစ်တယ်။
ရှင်အဿဇိဆိုတာက ပထမဦးးဆုံးရဟန်းဘောင်ရောက်လာတဲ့
ပဉ္စဝဂ္ဂီငါးဦး (ရဟန်းငါးပါးအုပ်စု) ထဲက တစ်ပါးအပါအဝင်ဖြစ်တယ်။
ရှင်အဿဇိ က ရဟန်းသက် ဝါအနေအားဖြင့် ကြီးရုံမျှမကဘဲ
ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ရဲ့ ဆရာလဲ တော်ခဲ့တယ်။

ဒါပေမဲ့
ဘုရားရှင်က ရာထူးပေးတဲ့နေရာမှာ ဝါကြီးတဲ့ ဆရာဖြစ်တဲ့ ရှင်အဿဇိကို
ကြီးတဲ့ရာထူးမပေးပါဘူး။ တပည့်ဖြစ်တဲ့ ဝါငယ်တဲ့
ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ကို ကြီးတဲ့ရာထူးပေးခဲ့ပါတယ်။
ဒါကို ကြည့်ရင် ဘုရားရှင်က အသက်ကြီးတာထက်
အရည်အချင်းရှိတာကို ပို ဦးစားပေးကြောင်း ထင်ရှားပါတယ်။
ထား။

နောက်ပိုင်းတော့ ဘုရားရှင်သာသနာတော်မှာ
ရှင်မဟာကဿပ၊ ရှင်အာနန္ဒာ၊ ရှင်အနုရုဒ္ဓါ၊ ရှင်ဥပါလိ စသဖြင့်
ရဟန္တာတပည့်ကြီးတွေ ထွန်းကားလာပါတယ်။

ဘုရားရှင်သက်တော်ထင်ရှားရှိစဉ် (၄၅) နှစ်တာကာလအတောအတွင်း
ဘုရားရှင်သာသနာ နေလို လလိုမက
နေထက်လထက်ကို ထွန်းကားလာပါတယ်။

မဟာသက္ကရာဇ် ၁၄၈ – ခု (ဘီစီ ၅၄၄) ကဆုန်လပြည့် အင်္ဂါနေ့
(သက်တော် ၈ဝ အရွယ်)
ကုသိနာရုံပြည်၊ အင်ကြင်းဥယျာဉ်မှာ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတယ်။

အရှင်မဟာကဿပမထေရ်ကြီးက နောက်ပါ ရဟန်း ၅၀ဝ နဲ့အတူ
မြတ်စွာဘုရားကို ဖူးမျှော်ဘို့ ပါဝါပြည်မှ ကုသိနာရုံသို့အသွားလမ်းခရီးမှာ
ကုသိနာရုံက ပါဝါပြည်သို့လာတဲ့ တက္ကဒွန်းတစ်ယောက်နဲ့တိုးတယ်။
တက္ကဒွန်းထံမှ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံကွယ်လွန်တော်မူကြောင်း သိရတော့
သံဃာအများစု ဝမ်းနည်းပက်လက်ဖြစ်ပြီး ငိုကြွေးကြတာပေါ့။

ဒါပေမဲ့သုဘဒ်လို့ခေါ်တဲ့ရဟန်းကြီးကတော့
ငါ့ရှင်တို့၊ ဘာဝမ်းနည်းစရာရှိတုန်း၊ ရှင်ကြီးဂေါတမ ရှိတုန်းက
ဟိုဟာမလုပ်နဲ့၊
ဟိုမသွားနဲ့၊
ဒီလိုမစားနဲ့၊
ဒီကို မသွားနဲ့ နဲ့ စည်းကမ်းတွေ များလိုက်တာ။
အခုတော့ ငါတို့နေချင်သလိုနေလို့ရပြီ။
လွတ်လပ်ရေး အပြည့်အဝရပြီလို့ ပြောဆိုပြီး
ဝမ်းမနည်းတဲ့အပြင် ဝမ်းတောင်သာနေလိုက်သေးတယ်။

သုဘဒ်ရဟန်းကြီးပြောတဲ့စကားကို ရှင်မဟာကဿပကြီးကြားတော့
မသူတော်တရား မပြန့်ပွါးမီ
သူတော်ကောင်းတရား မပျောက်ပျက်မီ
ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်တွေကို
စုပေါင်းရွတ်ဖတ်သင်္ဂါယနာတင်ရရင် ကောင်းမှာပဲ လို့
တွေးမိပြီး
ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီး ၃ – လအကြာ
မဟာသက္ကရာဇ် ၁၄၈-ခု၊ ဝါခေါင်လပြည့်နေ့မှာ
ရဟန္တာမထေရ် ၅၀ဝ နဲ့အတူ
ပထမဆုံးအကြိမ် စုပေါင်းရွတ်ဖတ်တဲ့ ပထမသံဂါယနာပွဲကို ကျင်းပဖြစ်ခဲ့တယ်။

မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ဓမ္မနဲ့ဝိနယကို
အုပ်စုသုံးစုခွဲတယ်။
ပြန့်ကျဲနေတဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေကို
တူရာတူရာ မျိုးတူစု သုံးစု လုပ်ကြတယ်။
၁။ ဝိနယပိဋက
၂။ သုတ္တန္တပိဋက
၃။ အဘိဓမ္မပိဋက
ဒီလို စနစ်တကျ မျိုးတူစုတွေပေါင်းပြီး စီစဉ်ခဲ့လို့
နောင်လာနောက်သား ရဟန်းတော်အစဉ်အဆက်
မှတ်သားရတာ လွယ်ကူလာတာပါ။

ပထမဦးဆုံးပြုလုပ်တဲ့ မြတ်စွာဘုရားတရားတော်တွေကို စုပေါင်းရွတ်ဖတ်တဲ့
ဒီသံဂါယနာပွဲမှာ
အမေး (ပုစ္ဆက) ဆရာတော်အဖြစ်
ရှင်မဟာကဿပမထေရ်ကြီးက ဆောင်ရွက်ပြီး
ဝိနည်းပိဋကတ်တော်ကို ရှင်ဥပါလိမထေရ်က ဖြေဆိုရပါတယ်။
သုတ္တန္တပိဋကနဲ့ အဘိဓမ္မပိဋကကိုတော့
ရှင်အာနန္ဒာမထေရ်မြတ်က ဖြေဆိုရပါတယ်။

တကယ်လို့ ရှင်မဟာကဿပကြီးတို့သာ ဘုရားရှင်ဟောကြားခဲ့တဲ့တရားတော်တွေကို
စုပေါင်းရွတ်ဖတ်တဲ့ ပထမသင်္ဂါယနာတင်ပွဲ မကျင်းပခဲ့ရင်
ဒီနေ့ဒီအချိန်အခါ ဗုဒ္ဓဘာသာဆိုတာ ရှိမှာ မဟုတ်တော့ပါဘူး။

ဒါ့ကြောင့် ဒီလိုအမျှော်အမြင်ကြီးမားတဲ့
ပထမသံဂါယနာမှာ ပါဝင်ခဲ့တဲ့ ရှင်မဟာကဿပ၊ ရှင်ဥပါလိ၊ ရှင်အာနန္ဒာစတဲ့
သံဃာတော် ရဟန္တာအပါးငါးရာကြီးတွေရဲ့ ကျေးဇူးတရားဟာ
အနှိုင်းမဲ့ပါ။

7 comments

  • ashinindaka

    December 31, 2010 at 3:27 pm

    Happy New year to ALL! May all be happy, healthy, wealthy in this New Year 2011!

  • yuyu

    January 1, 2011 at 7:49 am

    ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏ အရှင်ဘုရား

  • naywoonni

    January 1, 2011 at 10:34 am

    အခုတော့ မသူတော် တရားက လွှမ်းနေသလိုပဲ ဘုရာ့

  • bigcat

    January 1, 2011 at 6:22 pm

    တတိယသံဃာယနာတင်ပွဲအထိ ရှင်းပါတယ်ဘုရား။ အဲဒီပွဲတွေကို ရှေ့ပိုင်းသာသနာ နှစ်၃၀ဝအတွင်းလောက်မှာ လုပ်ခဲ့ကြပြီး အိန္ဒိယနဲ့သီဟိုကျွန်းမှာ လုပ်ခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ စတုတ္တအကြိမ်နဲ့ ပဉ္စမအကြိမ်တွေကြတော့ တပည့်တော်ကိုယ်ပိုင်အမြင်အရ နိုင်ငံရေးပါသည် သို့မဟုတ် ပုဂ္ဂလိကဆန္ဒပါသည် ထင်ပါသည်။ နောက်ပိုင်းအကြိမ်တွေကလည်း မြန်မာပြည်မှာလုပ်ခဲ့တာဖြစ်ပြီး တတိယအကြိမ်နဲ့ စတုတ္ထအကြိမ်များအကြားမှာ နှစ်ပေါင်း ၂၀၀ဝကျော် ကွာနေပါသည်။ တခါ မဟာစည်ဆရာတော်နှင့်နတ်သားတပါး ဆွေးနွေးခန်းအသံဖိုင်ထဲတွင် ထိုနတ်သားက (ယာမာနတ်ပြည်မှလို့ထင်ပါသည်) အဲဒီအချိန်က မကြာခင်ကျင်းပတော့မဲ့ ငါးကြိမ်မြောက် သံဃာယနာတင်ပွဲကို မသိကြောင်း မှတ်သားဖူးပါသည်။ မင်းတုန်းမင်းလက်ထက်တုန်းက ပွဲကိုလည်းမသိလို့ပြောသည်ထင်ပါသည်။ တကယ်နတ်ရှိခြင်း မရှိခြင်းထက် ထိုနတ်သားက မသိခြင်းကို ပြောလိုခြင်းဖြစ်ပါသည်။
    အရှင်ဘုရား၏ ကိုယ်ပိုင်အယူအဆကို သိလိုပါသည်ဘုရား။

    • ashinindaka

      January 1, 2011 at 10:30 pm

      စတုတ္ထသံဂါယနာကို သီဟိုဠ်မှာ လုပ်တာပါ။ ဆက်ရေးနေပါတယ်။ မဟာစည်နဲ့ နတ်သားစကားပြောခန်းကိုတော့ (ကိုယ့်အယူအဆပြောရရင် မှန်သော်ရှိ၊ မမှန်သော်ရှိ) လံကြုပ် လို ယူဆပါတယ်။

  • zaw min

    January 1, 2011 at 8:25 pm

    ကျေးဇူးကြီးလှပါပေတယ်အရှင်ဘုရား….တပည့်တော်တို့ရဲ့ အတိတ်ကပြုခဲ့ဘူးသောကောင်းမူကံကြောင့် ယခုဘဝမှာ အလွန်ရခဲလှပါသော လူ့ဘဝကိုရရှိပြီး တန်ဖိုးရှိလှသော ဗုဒ္ဒ၏အဆုံးအမ တွေကိုနာကြားခွန့် ရရှိခြင်းမှာ အမှော်အမြင်ကြီးလှသော သံဃာတော်အရှင်မြတ်တို့၏ အနိူင်းမဲ့လှသော ကျေးဇူးတော်ပါအရှင်ဘုရား….

Leave a Reply