အသစ်အဆန်း


လူတွေဟာ ကိုယ်နားမလည်တဲ့ အရာတွေနဲ့ ထိတွေ့ဆက်ဆံရတော့မယ်ဆိုရင် ဇဝေဇဝါ ဖြစ်စိတ်ကနေ စိုးရိမ်ထိတ်လန့်မှုအထိ အမျိုးမျိုး ဖြစ်တတ်ကြပါတယ်။ အသစ်တွေက သိပ်ခေတ်မှီ၊ အသုံးပြုသူကိုယ်၌က ရိုးစင်းလွန်းနေရင် ပိုဆိုးပါတယ်။ လူအများစုဟာ လက်ရှိကျင့်သားရနေတဲ့ နည်းပညာ၊ စည်းမျဉ်းဥပဒေ၊ ပတ်ဝန်းကျင် စတာတွေနဲ့ပဲ နေထိုင်သွားလိုကြပြီး အပြောင်းအလဲကို များသောအားဖြင့် အခြေအနေတရပ်က မဖြစ်မနေတွန်းပို့မှ ရွေ့ချင်ကြပါတယ်။ အပြောင်းအလဲ ပုံစံတွေထဲမှာ နည်းပညာ အပြောင်းအလဲက အသိသာဆုံး ဆန့်ကျင်ခံရမှု အနဲဆုံး ဖြစ်ပါလိမ့်မယ်။ ရုပ်ဝတ္တုဆန်တာကိုး၊ ဒါတောင် လုပ်ငန်းသုံး ပင်မဆော့ဖ်ဝဲလို့ စစ်စတမ်ပိုင်းဆိုင်ရာ ကြီးကြီးမားမား အပြောင်းအလဲမျိုးဆို ပြောင်းချင်သူ ဆရာများရော လက်တွေ့ထိတွေ့ရသူများပါ အတော်ခေါင်းစား ရပါတယ်။
မြန်မာပြည်မှာ ၂၀၀၀ခုနှစ်နောက်ပိုင်းမှ မိုဘိုင်းဖုံးလေးတွေ ခေတ်စားလာတာပါ။ အဲဒီအရင်က မရှိဘူးမဟုတ် ရှိတယ်၊ ဒါပေမဲ့ အရပ်ထဲရွာထဲမှာ ပေါပေါလောလော မတွေ့ရသေးပါဘူး။ တနေ့မှာ မြို့ထဲသွားတော့ ဆသရက ထုတ်ပေးကာစ ကုမ္မဏီပိုင် မိုဘိုင်းလ်ဖုံးကို ယူသွားပါတယ်။ အဲဒီတုံးက ဟန်းဖုန်းတွေက ကြီးပြီးလေးပါတယ်။ Nokia ဖုံးလို့ထင်ပါတယ်။ ကျနော်လည်း ဘဏ်စာရေးမတွေရှေ့ ဟန်းဖုံးလေးနဲ့ ပဲပေးတာပေါ့လေ။ ဖြစ်ချင်တော့ ဖုန်းမြည်လာပါတယ်။ ကျနော်လည်း မိုဘိုင်းလ်ဖုံးကို သူများ ပြောတဲ့အချိန် ဝင်ပြောဖူးတာကလွဲလို့ လက်တွေ့မသုံးဘူးတော့ ဝင်လာတဲ့call ကို ဘယ်လို လက်ခံရမှန်း မသိပါဘူး။ ဒါနဲ့ပဲ လူကြားထဲ တဂွီဂွီမြည်နေတဲ့ဖုန်းကို ဘောင်းဘီးအိတ်ထဲထည့်ပြီး ကိုယ် မဟုတ်သလို နေခဲ့ရပါတယ်။
ပိုဆိုးတာ မဆလခေတ်မှာ လိုင်းဖုံးတောင် အစိုးရအရာရှိ၊ လည်လည် ဝယ်ဝယ်ရှိသူများသာ သုံးနိုင်ကြလို့ တယ်လီဖုံး စကားပြောခွက်ကို စကားပြောရင် ဘယ်လိုသုံးရမယ် ဆိုတာကောင်ကောင်း မသိကြသူ အများအပြားပါ။ ခုနှစ်အိမ် ရှစ်အိမ်ကြား အော်ဟစ်ပြောသူနဲ့၊ စကားပြောခွက် ဖင်နဲ့ခေါင်း ပြောင်းပြန်ထားပြောသူ အစုံပါပဲ။ တလောက အမေစု ပြန်လွတ်လာတော့ မိုဘိုင်းဖုံးကို ကောင်းကောင်း မသုံးတတ်ဘူးလို့ ဝန်ခံပါတယ်။
နောက်တခုက ဓါတ်လှေခါးပါ။ ငယ်စဉ်က ဓါတ်လှေခါးဆိုတာကို ဆေးရုံကြီး၊ ရွှေတိဂုံဘုရားနဲ့ အချို့ အစိုးရရုံးများမှာသာ တွေ့ဖူးစီးဖူးခဲ့ပါတယ်။ အဲဒါတွေကလည်း အစောင့်မောင်းပေးမှ စီးခွင့်ရှိတဲ့ အများသုံး ဓါတ်လှေခါးတွေပါ။ နောက်ပိုင်း အဆောက်အဦးအချို့မှာ ကိုယ်ပိုင်ဓါတ်လှေခါး ပါလာတော့ ကိစ္စရှိလို့သွားရင် ဘယ်လို ဓါတ်လှေခါးစီးရပါ့မလဲလို့ တွေးပူခဲ့ပါသေးတယ်။
အလုပ်ထဲမှာ အာရှဓနဘဏ်က ထုတ်ပေးတဲ့ အကြွေးဝယ်ခွင့်ကတ်အကြောင်း ပြောကြတော့ မယုံပါဘူး။ ATM ကတ်လို အကောင့်ထဲ ကိုယ့်ငွေထည့်ပြီး လက်ငင်းသုံးပဲသိပြီး ခရက်ဒစ်ကတ်လို သူများငွေသုံး သတ်မှတ်ကာလအတွင်း ပြန်ပေးရင် အတိုးမရှိဆိုတာ မဖြစ်နိုင်လို့ ထင်ခဲ့တာပေါ့လေ။ ကိုယ်ကလည်း နိုင်ငံခြားထွက်ခါနီးဆိုတော့ ဘယ်လိုဆိုတာ စိတ်ဝင်တစား မစုံစမ်းမိခဲ့ပါဘူး။ နိုင်ငံခြား ရောက်တော့မှ စားသောက်ဆိုင်မှာကျွေးပြီး ငွေရှင်းတဲ့အခါ ခရက်ဒစ်ကတ် သုံးပုံသုံးနည်းတွေ့ရတော့ တယ်ဟုတ်ပါလားလို့ သိရပါတော့တယ်။ ခရက်ဒစ်ကတ်သုံးရင် ပိုက်ဆံလည်းနောက်မှပေးရ၊ ကိုယ့်ရဲ့ ခရက်ဒစ်မှတ်တမ်းလည်းကောင်း၊ သုံးသမျှလိုက်လို့ တက်လာတဲ့ပွိုင့်တွေကိုစုပြီး ကိုယ်လိုတာဝယ်လို့ ရတာမို့ အတော်ဟန်ကျပါတယ်။ ချက်ချင်းငွေသားနဲ့မထွက်တော့ လို၏မလို၏ မစဉ်းစားဘဲ နင်းကန် ဝယ်မိလို့ အကြွေးပိကြသူတွေလည်း အများကြီးရှိပါတယ်။ အကောင်းအဆိုး ရောနေတာပေါ့လေ။
အင်တာနက် သုံးနည်းကြတော့ အလုပ်ထဲ သုံးခွင့်ရှိတဲ့ ကွန်ပြူတာဆရာကို မေးကြည့်ပါတယ်။ သူက တဂွီဂွီတဂွမ်ဂွမ်နဲ့ ဖုံးလိုင်းကနေ ဆာဗာကို လှမ်းချိတ်နေရင် မယောင်မလည် အနားသွား စပ်စု ပါတယ်။ သူကဟောသည်လိုသွား ဟောသည်လိုနှိပ် တနေရာပြီး တနေရာသွားတာ ပြပါတယ်။ ကလစ် ကလစ်နဲ့မို့ ကိုယ်လိုက်မမှီလေ သူဒေါကန်လေပါပဲ။ အင်တာနက်ဆိုတာ မုဆိုးဆိုင်သင် လုပ်ရင်းနဲ့မှ တတ်တာမျိုးပါ။ အင်တာနက်သုံးတတ်ကာစ တိုင်းပြည်တွေမှာတော့ မသိသူများကို သင်တန်းဆိုပြီး ရိုက်စားကြပါတယ်။
နိုင်ငံခြားရောက်တော့ အသိအိမ်က ကွန်ပြူတာနဲ့ အင်တာနက်ကို သုံးပါတယ်။ ချက်ခြင်းပဲ ဘယ်လိုဆိုတာ နားလည်သွားပါတယ်။ နားမလည်တာ အင်တာနက်ကွန်နက်ရှင်ကိုပါ။ ကွန်ပြူတာကို သူများနဲ့ မျှသုံးရတော့ ကိုယ်ပိုင် လိုချင်လာပါတယ်။ သူငယ်ချင်းရဲ့ ကွန်ပြူတာကို ဝယ်မယ်ပြောတော့ သူကလည်း လိုလိုလားလား သဘောတူပါတယ်။ ကျနော်က ကွန်ပြူတာရှိရင် အင်တာနက်သုံးလို့ ရပြီ လားလို့မေးတော့ အင်တာနက်အတွက် ဖုံးလိုင်းချိတ်ရမယ်။ (အဲဒီတုန်းက ကွိကွိကွကွနဲ့သံစုံမြည်တဲ့ dial up ကွန်နက်ရှင်ပဲ ရပါတယ်)။ ကျနော်က ကွန်ပြူတာနဲ့အင်တာနက် အတူတူဆိုတော့ သိသလိုလို မသိသလိုလိုနဲ့ နားမလည်ခဲ့ပါဘူး။ အဲသည်လို မရှင်းလို့ မဝယ်ဖြစ်ခဲ့တာကို ကျေးဇူးတင် ရပါတယ်။
ကိုယ်လို ခေတ်မှီအိုင်တီ ရုံးသုံးပစ္စည်းတွေ သုံးခဲ့သူတောင် ဆန်းသစ်တဲ့အရာတွေနဲ့တွေ့ရင် နားမလည် ပါးမလည် ဖြစ်သေးရင် လုံးဝမသိသူများအဖို့ ဘယ်လောက်တောင် ကို့ယို့ကားယား ကသိကအောက် ဖြစ်ကြမလဲဆိုတာကို တွေးကြည့်ခံစားနိုင်ပါတယ်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး