လူ့ဘဝ “သုံးခု”

စေနJanuary 2, 20111min732

လူ့ဘဝ “လိုအပ်ချက်သုံးခု”

တရုတ်စာရေးဆရာမ Bing Xin(冰心)က ပြောခဲ့တယ်။

“ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် သူ့ဘဝတစ်သက်ဟာ ပန်းတစ်ပွင့်နဲ့တူသင့်တယ်။ ပန်းမှာ အရောင်၊ အနံ့၊ အရသာရှိသလို လူ့ဘဝမှာလည်း အရည်အချင်း၊ ခံစားချက်နဲ့ ပျော်ရွှင်ခြင်းတွေရှိသင့်တယ်။ ဒီသုံးချက်မှာ တစ်ခုခုလျော့နေလို့ မဖြစ်ဘူး”

လူ့ဘဝ “ဆေးသုံးလက်”

ပါမောက္ခ Hu Shih(胡适) က ဘွဲ့ရကျောင်းသားတွေကို စကားတစ်ခွန်း လက်ဆောင်ပါးခဲ့တယ်။ အဲဒီစကားက လူ့ဘဝမှာ “အမေးဆေး”၊ “ဝါသနာဆေး”နဲ့ “ယုံကြည်မှုဆေး”ဆိုတဲ့ “ဆေးသုံးလက်” ရှိသင့်တယ်ဆိုတာဖြစ်တယ်။

လူ့ဘဝ “ကျောက်ဆောင်သုံးခု”

ပြင်သစ်နာမည်ကြီးစာရေးဆရာ (Honoré de Balzac)က လူငယ်တွေကို သတိပေးစကားပြောခဲ့တယ်။ “မိမိကိုယ့်ကိုယ်အထင်ကြီးခြင်း”၊ “စိတ်ကြီးဝင်ခြင်း” နဲ့ “အယုံလွယ်ခြင်း”ဟာ လူ့ဘဝရဲ့ ကျောက်ဆောင်သုံးခုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

လူ့ဘဝ “ဖိုခုံလောက်သုံးချောင်း”

ပန်းချီဆရာ Feng Zikai(豐子愷)က လူ့ဘဝကို ဖိုခုံလောက်နဲ့ နှိုင်းယှဉ်ပြခဲ့တယ်။

ပြည့်ဝတဲ့ပင်ကိုစရိုက်က ဖိုခုံလောက်တစ်ခုနဲ့တူတယ်။ တည့်မတ်မှန်ကန်ခြင်း၊ ကြင်နာခြင်း၊ တင့်တယ်ခြင်းက ဖိုခုံလောက်ခြေထောက် သုံးချောင်းနဲ့တူတယ်။ မှန်ကန်ခြင်းက အရိုးအဆစ်တွေဖြစ်တယ်။ ကြင်နာခြင်းက သွေးကြောတွေဖြစ်တယ်။ တင့်တယ်ခြင်းက အရေခွံအသားတွေဖြစ်တယ်။ ဒီသုံးခုက “လူ”ကို ဒေါက်ထောင့်ထားတယ်။

လူ့ဘဝ “ဦးနှောက်သုံးလုံး”

ရုရှားနာမည်ကြီးစာရေးဆရာ (Аnton chekhov)က သူ့ရဲ့အောင်မြင်မှုအတွေ့အကြုံကို ခုလိုပြောသွားခဲ့တယ်။

“လူ့ဘဝတစ်သက်မှာ ဦးနှောက်သုံးလုံးရှိတယ်။ မွေးရာပါ ဦးနှောက်တစ်လုံး၊ စာအုပ်စာပေကရတဲ့ ဦးနှောက်တစ်လုံးနဲ့ ဘဝကရတဲ့ဦးနှောက်ဆိုပြီး ဦးနှောက်သုံးလုံးရှိတယ်”

လူ့ဘဝ “ဓလေ့စရိုက်သုံးခု”

ရုရှားစာရေးဆရာ Nikolay Gavrilovich Chernyshevskyက “နက်နဲတဲ့အသိပညာ”၊ “တွေးတောတဲ့အလေ့အထ”၊ “မြင့်မြတ်တဲ့စိတ်ဓာတ်”တွေက လူ့ဘဝရဲ့ဓလေ့စရိုက်သုံးခုလို့ သတ်မှတ်ခဲ့တယ်။

လူ့ဘဝ “သော့သုံးချောင်း”

ပြင်သစ်စာရေးဆရာ Victor-Marie Hugoက “လူတွေရဲ့အသိဉာဏ်ကို ထိန်းချုပ်တဲ့ သော့သုံးချောင်းရှိတယ်။ တစ်ချောင်းက ကိန်းဂဏန်းတွေကိုဖွင့်ဖို့၊ တစ်ချောင်းက စာတွေကိုဖွင့်ဖို့၊ ကျန်တစ်ချောင်းက (ဂီတ)သင်္ကေတတွေကိုဖွင့်ဖို့ဖြစ်တယ်။ အဲဒီထဲမှာ အသိပညာ၊ အတွေးအခေါ်၊ စိတ်ကူးအတွေးတွေပါတယ်”လို့ ဆိုခဲ့တယ်။

လူ့ဘဝ “လိုအပ်ချက်သုံးခု”

ပြင်သစ်သိပ္ပံပညာရှင် Louis Pasteurက “ရည်မှန်းချက်၊ အလုပ်အကိုင်နဲ့ အောင်မြင်ခြင်းက လူ့ဘဝရဲ့လိုအပ်ချက်သုံးခုဖြစ်တယ်။ ရည်မှန်းချက်က အလုပ်အကိုင်ရဲ့တံခါးမဖြစ်တယ်။ အလုပ်အကိုင်က အမြင့်ကိုတက်လှမ်းတဲ့ ခရီးစဉ်ဖြစ်တယ်။ ဒီခရီးစဉ်ရဲ့အဆုံးမှာ သင့်ကြိုးစားမှုကို ကောင်းချီးပေးမယ့် အောင်မြင်ခြင်းက စောင့်ဆိုင်းနေတယ်”လို့ ဆိုခဲ့တယ်။

လူ့ဘဝ “သင်ယူခြင်းသုံးခု”

တရုတ်ပြည် ဟန်မင်းဆက်ခေတ်မှာ Liu Xiang(劉向)က “ငယ်ရွယ်စဉ် သင်ယူခြင်းက ထွက်စ နေနဲ့တူတယ်။ လူငယ်ပိုင်း သင်ယူခြင်းက နေ့လယ်နေနဲ့တူတယ်။ အရွယ်အိုချိန် သင်ယူခြင်းက ဖယောင်းတိုင်းအလင်းနဲ့တူတယ်”လို့ဆိုပြီး လူ့ဘဝရဲ့သင်ယူုခြင်းရလဒ်ကို သုံးပိုင်းခွဲပြခဲ့တယ်။ လူတွေကို အရွယ်ကောင်းချိန်ကို ဖမ်းဆုပ်ပြီး ကြိုးစားသင်ယူသင့်ကြောင်းပြောခဲ့တယ်။

လူ့ဘဝ “မှန်သုံးချပ်”

လူတွေဟာ မိမိကိုယ့်ကိုယ် ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ မှန်သုံးချပ်လိုအပ်တယ်။ အဲဒီမှန်သုံးချက်က အဏုကြည့်မှန်၊ အကြီးချဲ့မှန်နဲ့ မျက်နှာပြင်ညီမှန်ဖြစ်တယ်။

အဏုကြည့်မှန်နဲ့ မိမိရဲ့လိုအပ်ချက်ကို ကြည့်ရမယ်။
အကြီးချဲ့မှန်နဲ့ သူတစ်ပါးရဲ့ကောင်းကွက်ကို ကြည့်ရမယ်။
ပြင်ညီမှန်နဲ့ မိမိရဲ့အဆင့်အတန်း၊ ဂုဏ်ကို ကြည့်ရမယ်။

လူ့ဘဝ “လူသုံးမျိုး”

လူ့တစ်သက်မှာ “မိဘဆွေမျိုး၊ ဆရာသမား၊ သူငယ်ချင်း”ဆိုတဲ့ လူသုံးမျိုးပိုင်ဆိုင်တဲ့ဘဝထက် ပိုပြည့်စုံတဲ့ဘဝဆိုတာ မရှိနိုင်တော့ဘူး။ မိဘဆွေမျိုးတွေဟာ နွေးထွေးခိုလှုံရာနေရာနဲ့တူတယ်။ ဆရာသမားတွေက ဦးခေါင်းထက်က နေအလင်းရောင်နဲ့တူတယ်။ သူငယ်ချင်းတွေက အောင်မြင်ခြင်းဆီသွားတဲ့ ရွှေတံတားနဲ့တူတယ်။ ဘဝမှာ ဒီလိုလူသုံးမျိုးနဲ့ ဆုံတဲ့အခါ ကွေ့ရှောင်မသွားပါနဲ့ တန်ဖိုးထားမြတ်နိုးလိုက်ပါ။

လူ့ဘဝ “လိုအပ်ချက်သုံးခု”

လူ့ဘဝရဲ့ လိုအပ်ချက်သုံးခုက “ရိုးသားခြင်း၊ လုံ့လရှိခြင်း၊ ရိုသေကိုင်းရှိုင်းခြင်း” ဖြစ်တယ်။ ဒီလိုအပ်ချက်သုံးခုရှိမှ လူ့ဘဝက လင်းလက်တဲ့ရောင်ခြည်တွေနဲ့ လင်းဖြာနိုင်မှာဖြစ်တယ်။

http://www.meiwenzhan.com/renshengzheli/mingyan/20090719/1137.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။ (ဘာသာမပြန်တတ်တဲ့ စာနှစ်ကြောင်းကို ချန်လှပ်ထားပါသည်)

2 comments

  • bigcat

    January 2, 2011 at 6:04 pm

    တပ်ရှုပ်ကြီးကတော့ ဒို့တာဝန်အရေးသုံးပါးတဲ့။

  • naywoonni

    January 3, 2011 at 7:49 am

    စီးပွားရေး ယက်တည်ချက် လေးချက်တဲ့
    ကိုယ့်အိတ်ထဲကိုယ် ယက်ထဲနေတာ

Leave a Reply