လောကီရေးသီချင်းလား လောကုတ္တရာ သီချင်းလား?

naywoon niJanuary 4, 20111min20224

နှစ်မကူးခင်ကပေါ့။ 26ရက်နေ့ကလား27 လားတော့ မှတ်မထားမိဘူး။ ငယ်သူငယ်ချင်း တစ်ယောက်ရဲ့ စာအုပ်ဆိုင်လေး ရွေ့တယ်။ ကိုယ်ပိုင်နေရာ မဟုတ်တော့ ပိုင်ရှင်က ဖယ်ခိုင်းတော့လဲ ရွှေ့ပေးရတာပေါ့။ ကျွန်တော်တို့ သူငယ်ချင်းတစ်စုလည်း ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ကူညီကာ ဝိုင်းမပြီး ရွှေ့ပေးကြတာပေါ့။ သိပ်ဝေးဝေးလံလံလည်း မဟုတ်ပါဘူး။ တစ်လမ်းပဲ ကျော်ရတာဆိုတော့။ ခဏလေးနဲ့ ပြီးပါတယ်။ ဆိုင်အသစ်လေး ရောက်တော့ ဟေ့ ဒီနေ့ ရွှေ့တာ ရက်ရွေးထားလို့လား ဆိုတော့ ဟာ အမှတ်တောင်မရလူးတဲ့။ ကိုကို့ တပြည့်ပဲတဲ့လေ။ ဟုတ်ပါတယ် ကျွန်တော်တို့ဆီမှာ ကိုကိုဆိုတဲ့သူက စာအုပ်ဆိုင်စဖွင့်တာ အင်္ဂလိပ်လရဲ့ 13 ရက်ပါ။ မြန်မာလို ပြဿဒါး ရက်ပါ။ ဒါပေသိ တမင်လုပ်လိုက်တာတော့ မဟုတ်ပါဘူးတဲ့။ ဗေဒင် ဘာညာ ယုံတဲ့ သူ့ဇနီးက ပြန်ကြည့်မှသိလိုက်တာပါ။ ခုထိလည်းရှိပါတယ်။ ရှိရုံမကပါဘူး။ ဒီတစ်မြို့လုံးရဲ့ ဦးဆောင်စာပေ ဖြစ်နေပါပြီ။ နံပါတ်ဝမ်း စာအုပ်ဆိုင်ပေါ့။ သူကနေပြီးတော့မှ တခြားစာအုပ်ဆိုင်လေးတွေကို ဖြန့်ချီတဲ့ နယ် ကိုယ်စားလှယ်လည်း ဖြစ်နေပါပြီ။ သူ့ရဲ့ဆောင်ပုဒ်က မသိသေးတဲ့သူကို မညစ်တာပါတဲ့။ မသိတဲ့သူကို လမ်းပြပေးရမဲ့အစား ညစ်တဲ့သူဟာ မကြီးပွားပါဘူးတဲ့။
နောက်တစ်ရက်ကြတော့ သူ့ဆိုင်မှာ ထိုင်ရင်းနဲ့ သီချင်းတွေအကြောင်းရောက်သွားတယ်။ ဘာတဲ့ လာဒ်တွေလာပါဆိုလား? အဲဒိအကြောင်း ပြောတော့ ရောထွေးရောထွေးဖြစ်နေလို့ ဒါဟာ ဓမ္မတေးလား ဘာလား ဝိဝါဒ ကွဲပြားနေလို့ ပြန်ရှင်းပြခဲ့ရပါသေးတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူဝါဒမှာ အဲဒိလိုသီချင်းတွေဖွင့်ရုံနဲ့ လာဒ်လာဘ ဝင်လာမယ်လို့ အယူမသည်းကြကြောင်း။ ကိုယ့်လုပ်သမျှ ကောင်းမှု ဆိုးမှု ကောင်းသောလာဒ် ဆိုးသောလာဒ်သာရောက်လာမှာဖြစ်ကြောင်း ။ အလုပ်မရှိရင် ကိုယ့်ဆီဘာမှမလာနိုင်ပါဘူး။ ဒီလို အယူအဆမျိုးနဲ့ ဒီလို ဟာတွေ နေ့တိုင်း ဖွင့်နေလို့တော့ နားငြီးရုံကလွဲပြီး ဘာလာဒ်မှလာမှာမဟုတ်ကြောင်းပြောခဲ့ရပါသေးတယ်။ လာဒ်လိုချင်ရင် လာဒ်ရမဲ့ အလုပ် အပြုအမူ မျိုး စိတ်ထားတတ် ဖို့လိုပါတယ်။ ဘာကိုပဲဖြစ်ဖြစ် အချောင်လိုချင်လို့မရပါဘူး ။ရလာလည်းမြဲမှာမဟုတ်ပါဘူး ။
ဒီလို သီချင်းတွေ ရေးကြ ဆိုကြတာဟာ ဘာကြောင့်ပါလဲ? ဘာသာရေးအသိ မပြည့်ဝလို့လား? နာမယ်လိုချင်လို့လား ။ လူတွေကို ဒီလို မှိုင်းသွင်းပေးနေတာ ဘာကြောင့်လဲ စဉ်းစားလို့တောင်မရဘူး ။
နောက်ရှိသေးတယ် ။ သာသနာ ဘယ်လောက်တည်ပါစေတဲ့။ သူကအဲဒိလို ဆုပေးနေရအောင် …….? ကျွန်တော်တို့ ဗုဒ္ဓဘာသာ ကိုက ကျင့်ကြမှုအပေါ်မှာအခြေတည်ထားတာ။ လက်နာကျင့်ကြံမှုမရှိရင် ကွယ်မှာပဲ။ ဆုတောင်းတာ ပါးစပ်သာသစ်ခေါင်းဖြစ်သွားမယ်။ အဲဒိလိုဆုတောင်းစားတွေ ရွတ်ဖတ်နေမဲ့အစား ဘုရားရှင်ဟောကြားခဲ့တာလေးတွေ လိုက်နာဖို့ ဆော်ဩ ပေးတဲ့စာသားလေးတွေနဲ့ သီချင်းလုပ်ဆိုရင် ဘယ်လောက်အကျိုးရှိမလဲ? ခုတော့ နားငြီးရုံ ကြားရတဲ့သူကို ဟိုလိုလို ဒီလိုလို ဒွိဟအတွေးတွေပေးရုံ ဒီသီချင်းဖွင့်မှပဲ ဘာသာရေး ဖြစ်မလိုလိုနဲ့……..စိတ်ကုန်ချင်စရာ

24 comments

  • koyinmaung

    January 4, 2011 at 8:47 am

    ဤကဲ့သို့မာလကာသီးတလုံးရေတခွက်လှူရသည့်အကျိုးအားကြောင့် တိုက်တလုံးကားတစီးရရပါလို၏အရှင်ဘုရား….

  • weiwei

    January 4, 2011 at 9:04 am

    ကျွန်မတော့ တော်တော်တုံးတယ်ပဲပြောရမယ် … ဦးနီ ဘယ်သီချင်းတွေကို ပြောနေမှန်းမသိဘူး … နဲနဲလောက် ဆိုပြပါလား 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 4, 2011 at 9:23 am

    တစ်ခြားတော့ မသိဘူးဗျို ့ အိုက်ဒီသီချင်းဖွင့်တာကတော့ တစ်ကယ့်ကွိုင်ဘဲ
    အထူးသဖြင့် နံနက်စောစောဖွင့်ရင် ဂွတ်စမောနီး ဖြစ်တယ်ဆိုဘဲ
    ကျက်သရေကိုရှိလို ့ပေါ့ (သူတို ့အပြော)
    တော်တော်ဂွကျတာကတော့ အစောကြီး ကိုယ်သဒ္ဓါ ရှိရာ တရားခွေတွေကို အကျယ်ကြီးဖွင့်ကြတာပါဘဲ (ပြောတော့ဘူးနော်)
    လမ်းကြောင်းပေးလိုက်တာ
    သူများပြောတာဘဲနားထောင်တော့မယ်

  • monmon

    January 4, 2011 at 12:43 pm

    မွန်ကတော့ ကုသိုလ်ရလို့တော့ မဟုတ်ပါဘူး… မနက်စောစောမှာ တရားသံလေး ကြားရရင် စိတ်ချမ်းသာလို့ပါ…
    အထူးသဖြင့် မေတာပို့ သီချင်းလေးဖွင့်တယ်… သီချင်းလေးကို နားထောင်ရင်းနဲ့ မေတာပို့မိနေလို့ပါ… ပရိတ်ခွေဖွင့်ထားရင်လည်း အလုပ်လုပ်ရင်းနဲ့ လိုက်ရွတ်မိတယ်လေ… စိတ်အေးချမ်းတာပေါ့…

    ဟိုလိုမျိုး သီချင်းကြီးတွေတော့ မကြိုက်ပါဘူး….

  • bigbird

    January 4, 2011 at 1:27 pm

    နည်းနည်းလေးတော့လွဲနေတယ်၊လွဲလွဲလေးလည်းကောင်းပါတယ်၊စိတ်ကျေနပ်ရင်ပြီးပြီကောင်းသားပဲ၊နေတက်ရင်အေးဆေးလေး….ထူးအိမ်သင်သီချင်းလိုပေါ့

  • bigcat

    January 5, 2011 at 2:37 am

    ဆြာနီက သီချင်းနာမည်နဲ့ဆိုသူကိုမပြောတော့ ရွာထဲကအပျိုကြီး အဖြေပေးသလို ဖြစ်နေမှာပေါ့။

  • weiwei

    January 5, 2011 at 5:42 am

    သီချင်းကို တော်တော်သိချင်လာပြီ …
    ဘွားတော်ဆူးကိုပဲ မေးလိုက်တော့မယ် … ရွာထဲမှာ မေးရတာ အောက်ကျတယ် .. ဘယ်သူမှ မပြောကြဘူး ..

  • bigcat

    January 5, 2011 at 5:48 am

    ဖွားလေးဆူး နတ်ပြည်ရောက်နေတယ် မသိဘူးလား။ နောက်ဆယ်ရက်လောက်ထိ မမျှေနဲ့အုံး။

  • weiwei

    January 5, 2011 at 5:57 am

    နတ်ပြည်ကိုလဲ မက်ဆေ့ လှမ်းပို့လို့ရတယ်လေ … 😛

  • moethidasoe

    January 5, 2011 at 6:48 am

    ထင်ရတာတော့ .. ပါဠိ လိုရယ် မြန်မာပြန်ရယ် ပါတဲ့ မေတ္တာပို့ ဆိုတာဖြစ်မယ် ..
    အဝေးပြေး ကား အတော်များများမှာ စထွက်တာနဲ့ ဖွင့်ကြတယ် ..
    ဘို အလိုက်လိုလို .. တရုတ် သံစဉ်လိုလို .. အိန္ဒိယ သံစဉ်လိုလို သံစဉ်ထဲကို စာသား သွတ်သွင်းထားတော့ .. နားထောင်ရတာ ကန့်လန့် ဝင်နေတယ် ..
    ပါဠိမှာ မထွက်တဲ့ အသံကို ကြားရတာ .. ဝတ်အဖွဲ့တွေ ရွတ်တာထက် ဆိုးပါတယ် ..
    ဝါရင့် သံဃာတော်တွေ ရွတ်သံကို ကြားနေရဖန် များတော့ အဲဒီအသံကို မခံစားနိုင်တာ ကြာပြီ ..
    ဘုရားက ဟောတာလားတော့ မသိပါ .. တရားတော်တွေ တေး သံဖြစ်သွားရင် သာသနာ အန္တရာယ် တဲ့ ..

  • zaw min

    January 5, 2011 at 8:52 am

    အင်း….သီချင်းဗဟေဒ ိအဖြေညှိရအောင် မောင်လေးကတော့ နင်္ဂါးနီလို့ ထင်ပါတယ် မမ…။

  • unclegyi1974

    January 5, 2011 at 3:37 pm

    ကိုနီရေ ဘာသာရေးဆိုသော်လည်းလူရဲ့စိတ်
    အခံကဂီတနှောထားတာကြောင့် သီချင်းသံ
    စဉ်ထည့်ပြီးလူအများစိတ်ဝင်စားအောင်ဆွဲဆောင်
    တယ်လို့မြင်ကြောင်းပါ
    မကောင်းရင်လဲ ပိုကောင်းအောင်အကြံပေးသင့်
    ကြောင်းပါ
    ကျွန်တော်ကတော့ကိုယ်မလုပ်နိုင်လို့
    သူများလုပ်သွားတာကိုဘာမှဝေဖန်လိုကြောင်းပါ

  • MaMa

    January 6, 2011 at 12:04 am

    ဆရာလုပ်တယ်လို့မထင်ပါနဲ့။ `လာဒ်´ မဟုတ်ဘူး။ `လာဘ်´ လို့ ပေါင်းရမယ်ထင်ပါတယ်။ ၈တန်းတုန်းက မြန်မာစာဆရာမက မနက်ဖြန် ဥပုသ်နေ့မို့ ဥပုသ်နေ့အကြောင်း စာစီစာကုံးရေးခဲ့လို့ ခေါင်းစဉ်ကိုပြောလိုက်တယ်။ နောက်နေ့ကျတော့ ဥပုသ်နေ့အကြောင်း စာစီစာကုံးမှာ ဆရာမက ဥပုသ်ကို ဥပုပ်၊ ဥပုတ်၊ ဥပုဒ်လို့ အသတ်အမျိုးမျိုးသတ်လာလို့ ဒါလားဗုဒ်ဓဘာသာတွေဆိုပြီး ဆူလိုက်တာ။ အမှန်က ဆရာမက သူ့တပည့်တွေရဲ့ သတ်ပုံအခြေအနေသိချင်လို့ စာစီစာကုံးခေါင်းစဉ်ကို ရေးမပြလိုက်တာ။ အဲဒီနောက်ပိုင်း စာလုံးပေါင်းသတ်ပုံကို သေသေချာချာသင်ပါတယ်။ ခုချိန်မှာ တွေးပြီးအရမ်းကျေးဇူးတင်ရပါတယ်။

  • စီးရီး အမည်က “ရွှေလာဘ်တံခါးကြီးဖွင့်ပါဦး”။ သီဆိုသူများက
    ရွှေလာဘ်ပွင့်ပွားနမောငါး – တင်တင်မြ
    ရွှေလာဘ်တံခါးကြီးဖွင့်ပါဦး – ရာဇာဝင်းတင့်
    ရွှေလာဘ်ပွင့်စေသား – ရီရီသန့်
    အောင်စေနို်င်စေခိုင်စေပိုင်စေ – စုိုးစန္ဒာထွန်း
    ခေတ်သစ်သူဌေးဝါဒ – ရာဇာဝင်းတင့်
    အောင်နိမိတ် – ရီရီသန့်
    လက်တွေ့သူဌေးဝါဒ – သုမောင်
    သီရီရတနာ – ဖိုးသောကြာ၊ ပန်းအိမ်စံ
    ္က္ကက္ကစ္ဆာသယငွေ – သုမောင်
    အလှူပေးသူဌေးဖြစ် – သည်းနုဆည်းဆာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 6, 2011 at 2:11 am

    ( ဒါလားဗုဒ်ဓဘာသာတွေဆိုပြီး ဆူလိုက်တာ။ )
    ဟုတ်ပါတယ် မမရယ် ဆရာမဆူမယ်ဆိုလဲ ဆူစရာပါဘဲ
    ဗုဒ္ဓဘာသာဝင်တွေဆိုတာ ဗုဒ္ဓဘာသာဝင်တွေရဲ ့ဥပုသ်နေ ့ဆိုတဲ့ သတ်ပုံလေးကိုတော့ မှန်အောင်ရေးနိုင်သင့်တာပေါ့နော်
    ဆရာမက တပည့်တွေကို ဗုဒ္ဓဘာသာဝင်တွေရဲ ့ ဥပုသ်နေ ့သတ်ပုံကို မှန်အောင်ရေးတတ်စေခြင်တဲ့
    ဆရာမတစ်ယောက်ရဲ ့စေတနာတွေပေါ့ဗျာ။ 🙂

  • naywoonni

    January 6, 2011 at 8:30 am

    ဘဂဝါ ဂီတ ပေါ့လေ အဲဒါ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မှာ မရှိဘူးနော်
    စာလုံးပေါင်းအမှန်ကိုထောက်ပြသွားတဲ့ ဆရာမမ ကိုလည်းကျေးဇူးတင်ပါကြောင်း
    ကျွန်တော့ရဲ့ ခုလို မဖြစ်ညစ်ကျယ် ပို့စ်လေးကို ဝိုင်းဝန်း ဆွေးနွေးပေးကြတာ ဂုဏ်ယူမိပါကြောင်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ခင်ဗျား

  • phantom

    January 7, 2011 at 6:26 am

    ဟုတ်တယ် မနက်မနက် ကြားနေရတဲ့ ရွှေလာဘ်တံခါးကြီး ဖွင့် ဖွင့် ဆိုတဲ့သီချင်း ဒီသီချင်းကို ဖွင့်ရင် လာဘ်ရကြေးဆိုလို့ကတော့ ဟွင်း ပြောတော့ဘူး တကယ်စိတ်ကောင်းတော့ မထားနိုင်ကြပဲနဲ့

  • ဆူး

    January 8, 2011 at 2:42 pm

    အဘနီ ပြောတဲ့ လာဘ် ဆိုတဲ့ သီချင်းထက်တောင် ဆိုးတဲ့ သီချင်းတောင် ရှိသေးတယ်။ တနေ့က မနက် ၆နာရီလောက် အက်ဖန် ရေဒီယိုလေး ဖွင့်မိပါတယ်။ မနက်ချိန်ခါ တေးသံသာ မေတ္တာပို့ မဟုတ်တဲ့ မင်္ဂလာသုတ် ပရိတ်ကြီးကို သီချင်း လုပ်ဆိုနေတယ်။ စိတ်သိပ်ညစ်တာဘဲ.. လူတွေ တရား သိပ်ဖျက်တာဘဲ။

  • naywoonni

    January 8, 2011 at 3:52 pm

    သိရက်နဲ့မှားတာရယ် မသိလို့မှာတာရယ် သိသိကြီးနဲ့ မှားတာရယ်(သူများခိုင်းလို့ လုပ်ပေးလိုက်ရတာ) ဘာမှမကောင်းတာတော့အမှန်ပဲ ။သူငယ်ချင်းကတော့ပြောပါတယ်။ သူ(ဘုရားရှင်)ဟောခဲ့တဲ့ တရားတွေဟာတစ်ချိန်မှာ သီးချင်းတွေဖြစ်ကုန်လိမ့်မယ်လို့ ဟောခဲ့တာရှိတယ်တဲ့ ဘယ်ထဲမှာလည်းတော့ သူလည်းမမှတ်မိတော့ဘူးတဲ့ ။ တံခါးကြိးဖွင့်ခိုင်းနေတာနဲ့စာရင်တော့ တော်ပါသေးတယ် ချူးမရာ-

  • ဆူး

    January 8, 2011 at 4:01 pm

    တံခါးကြီး ဖွင့်တာ သူဟာသူ အော်ချင်တာ အော်ဆိုနေတယ် လို့ သဘောထားလို့ရတယ်။ အလေးထား ရွတ်နေတဲ့ ပရိတ်ကြီးတွေကို သီချင်းတီးလုံးနဲ့ ကုလားသံစဉ် လိုလို ဘာလိုလိုနဲ့ ဆိုနေတာ.. တော်တော် စိတ်ပျက်ဖို့ကောင်းတယ် မကြားဘူးသေးလို့ပါ။ ကြားဖူးရင် သိလိမ့်မယ်။

  • naywoonni

    January 8, 2011 at 4:42 pm

    အေးဟေ့ မကြားဖူးသေးဘူး ရေဒီယ်ိုမရှိလို့နားမထောင်ရဘူး နားထောင်ချိန်လဲမရှိလ်ို့ မနက်5နာရီအိပ်ယာကထ ဈေးခင်း 8နာရီထိုးရော ပြီးတာနဲ့ လ္ဘက်ရည်သောက် ပြိးရင်ဈေးပြန်ဝင်ထိုင်
    12နာရီလောက်အထိသွားရော… ထမင်းစားနား ခဏတစ်ဖြုက်နက်ဆိုင်လာထိုင် ဒါနဲ့ သံသရာလည်နေတော့ ……

  • windtalker

    September 12, 2011 at 8:58 pm

    လွှတ်ကောင်း ဗျာ
    ဒီပို ့စ် ကို တော့
    တော်တော်လေး ကြိုက်သွားပြီ ။
    ဘိုနီ ရေ

  • padonmar

    September 12, 2011 at 10:49 pm

    ကိုင်ဇာဆိုတဲ့ နေထွက်နေဝင်ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမယ်နဲ့စတဲ့ သီချင်းလေးကတော့ ကောင်းပါတယ်၊

Leave a Reply