လွတ်လပ်ခြင်းဟူသည်

123456789January 4, 20111min1215

လွတ်လပ်ခြင်း ဟူသည် ……

၁၈၈၅ ခုနှစ် ကုန်းဘောင်မင်းဆက်သီပေါမင်းကိုဖမ်းဆီးပြီးနောက်ပိုင်း၊ မြန်မာနိုင်ငံလုံး ကိုလိုနီနယ်ချဲ့လက်အောက်ကျ ရောက်ခဲ့ရာမှ ၁၉၄၈ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ လွတ်လပ်ရေးရရှိခဲ့သည်မှာ ယနေ့ဆိုလျှင်နှစ်ပေါင်း (၆၃) နှစ်တိုင်ခဲ့ပြီဖြစ်သည်။ လွတ်လပ်ရေး(သို့တည်းမဟုတ်) လွတ်လပ်ခြင်း၊ မြန်မာဝေါဟာရအားဖြင့် လွတ်လပ်ရေးဟူသည် ဝေါဟာရ တစ်မျိုးတည်း သာရှိသော် လည်းအင်္ဂလိပ်စာလုံးးတွင်Independent ဆိုသည့်ဝေါဟာရတစ်မျိုး Liberty ဆိုသည့်ဝေါဟာ ရတစ်မျိုး၊ Freedom ဆိုသည့် ဝေါဟာရ တစ်မျိုးကို တွေ့ရှိရသည်။
Independent ဟူသည် အမှီအခိုကင်းခြင်း၊ မှီခိုမှုမှလွတ်မြောက်ခြင်း စသည့်အဓိပ္ပာယ်ဖြစ်သည်။ တနည်းအားဖြင့်တစုံတရာ (သို့မဟုတ်)တဦးတယောက်(သို့မဟုတ်)နိုင်ငံတစ်နိုင်ငံသည် ကိုယ်အားကိုယ်ကိုးမရပ်တည်နိုင်သည့်အခြေအနေတွင် တစုံတရာ(သို့ မဟုတ်) တဦးတယောက်(သို့မဟုတ်)နိုင်ငံတစ်နိုင်ငံအပေါ်တွင် မှီခိုအားထားနေရသည်ကို Dependent ဟုသုံးစွဲကာ၊ ထိုသို့မှီခိုခြင်းမှ ကင်းလွတ်သည်ကို Independent ဟုသုံးစွဲသည့်သဘောဟု ယူဆမိသည်။
Liberty ဟူူသည် နိုင်ငံရေးဒဿနအမြင် (သို့မဟုတ်) နိုင်ငံရေးအယူအဆ၊ အတွေးအမြင်များနှင့်သက်ဆိုသည့် ဝေါဟာရ ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီ၏လွတ်လပ်ခြင်းကိုကျင့်သုံးခြင်းနှင့်အသိအမှတ်ပြုခြင်းဖြစ်သည်။ ကျင့်သုံးခြင်းနှင့်အသိ အမှတ်ပြုခြင်းဟူသည့် ဝေါဟာရနှစ်ရပ်ကို ယှဉ်တွဲဖေါ်ပြမှသာလျှင် Liberty ၏အဓိပ္ပာယ်ကိုခြုံငုံမိမည်ဖြစ်သည်။ တစုံတဦးသည် မိမိ၏ လွတ်လပ်ခွင့်ဆိုသည့်အခွင့်အရေးကိုသိက္ခာရှိစွာဖြင့်ကျင့်သုံးခြင်းဖြင့် အခြားတပါးသူတို့၏ လွတ်လပ်ခွင့်တို့ကိုလည်း တာဝန်သိစိတ်ဖြင့် အသိအမှတ်ပြုခြင်း၊ မထိခိုက်စေခြင်းကိုဆိုလိုရင်းဖြစ်သည်။ လွတ်လပ်မှု၊တရားမျှတမှု၊တန်းတူညီမျှမှု လောကပါလတရားတို့နှင့်ဆက် နွယ်သည့် ပုဂ္ဂိုလ်တစ်ဦးတယောက်နှင့်အခြားတဦးတယောက်အကြား(သို့မဟုတ်) လူသားအချင်းချင်းကြားတွင် ပင်ကိုယ်သိစိတ် (သို့မ မဟုတ်) အသိတရားနှင့်ယှဉ်သည့် လူသားချင်းစာနာမှုဆိုင်ရာအသိအမြင်တရပ်ဖြစ်သည်။
Freedom ကိုမူ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာတွေးခေါ်ပိုင်ခွင့်၊ လွတ်လပ်စွာရေးသားပိုင်ခွင့်၊ လွတ်လပ်စွာထုတ်ဖေါ် ပိုင်ခွင့်၊ ကြောက်ရွံ့ခြင်းမှလွတ်လပ်ခွင့်၊ လွတ်လပ်သည့်သဘောဆန္ဒ၊ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် စီးပွားရေးလွတ်လပ်ခွင့် စသည့် လူ့အခွင့် အရေးဆိုင်ရာမျာတွင်သုံးနှုန်းထားသည်ကိုတွေ့ရှိရသည်။
အထက်ဖေါ်ပြပါ အသုံးအနှုန်းများကို မြန်မာဝေါဟာရအရ လွတ်လပ်ရေး၊လွတ်လပ်ခြင်း၊ လွတ်လပ်မှု ဟူသည့်အသုံးအနှုန်းကို သာသုံးနှုန်းသည်။ ထို့ကြောင့်မြန်မာဝေါဟာရအားဖြင့် လွတ်လပ်ရေး ဟူသည် အထက်ဖေါ်ပြပါ အင်္ဂလိပ်ဝေါဟာရ သုံးမျိုးစလုံး၏ အဓိပ္ပာယ်များ ပေါင်းစုပါဝင်အဓိပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်မှလွတ်မြောက်ခဲ့သည်မှာ ယနေ့ ဆိုလျှင် (၆၃)နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ယနေ့အချိန်ထိ လွတ်လပ်ရေး၏ အဓိပ္ပာယ်ကိုဆောင်ကျဉ်းပေးနိုင်သည့်အခြေအနေအရပ်ရပ်ဖြင့် ပြည့်ဝကုံလုံသည့် နိုင်ငံအဖြစ်တည်တံ့နေနိုင်ပါအံ့လောဟူသည်မှာမေးခွန်းထုတ်စရာဖြစ်လာသည်။ ယနေ့မြန်မာနိုင်ငံ၏အခြေအနေ အရပ်ရပ်ဖြင့်ချင့်ချိန်နှိုင်းဆပါမူအပေါ်ယံအားဖြင့်ယင်းမေးခွန်းကို မေးနေစရာလိုသေးလား ဟူသည့် အမေးဖြင့်သာပြန်လည် ဖြေဆိုကြ မည်ဖြစ်သည်။
မြန်မာနိုင်ငံသားအချင်းချင်း မေးသူနှင့်အမေးခံရသူ နှစ်ဦးနှစ်ဖက်ကြားတွင်အရှက်ရစေသည်မှာယင်းမေးခွန်းပင်ဖြစ်သည်။ ယနေ့အချိန်တွင်လူသားတို့၏အသိတရားများတိုးကြွယ်မြင့်မားလာသည်နှင့်အမျှ၊လွတ်လပ်ခြင်းနှင့်သက်ဆိုင်သည့်အတွေးအခေါ်အယူအဆများလည်းတစထက်တစ တိုးတက်မြင့်မားလာခဲ့သည်။ အတွေးအခေါ်များတော်လှန်ပြောင်းလဲခြင်းနောက်တွင်လူသားဆိုင်ရာ အဆောက်အအုံများသည်လည်း တစထက်တစ ဖွံ့ဖြိုးတိုးတက်လာသည်။ တနည်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာတွေးခေါ်ယူဆချက် များ၏အခြေပြုလောင်စာစွမ်းအားတွင် လွတ်လပ်မှုအခွင့်အရေးများလည်းပါဝင်လျက်ရှိနေသည့်ယနေ့ကာလတွင် အထက်ဖေါ်ပြပါမေး ခွန်းကြောင့် အရှက်ရစေမည်မဟုတ်လျှင် မည်သည့်အချက်က နိုင်ငံ့သားကောင်းပီမှု၏ အဓိပ္ပာယ်ကိုဖေါ်ညွှန်းပြဆိုနိုင်ပါမည်နည်း။
အင်္ဂလိပ်နယ်ချဲ့လက်အောက်မှလွတ်မြောက်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးကျောက်တိုင်ကိုစိုက်ထူနိုင်ခဲ့သည်မှန်သော်ငြား၊ လွတ်လပ်ရေးကျောက်တိုင်ထက်အက္ခရာတင်ထားအပ်သည့် လွတ်လပ်ခြင်းဟူသည့်အဓိပ္ပာယ်ကို ဆက်လက်ထိန်းထားနိုင်ခြင်းငှာလည်း ကောင်း၊ စည်ပင်ဖွံ့ဖြိုးတိုးတက်အောင်မစွမ်းဆောင်နိုင်ခြင်းငှာလည်းကောင်း အထိုထိုသော နိုင်ငံသားတို့မှီတင်းနေထိုင်ရာတိုင်းပြည်နှင့် နိုင်ငံသားတို့ကို မည်သည့် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်နိုင်ငံသားတို့က လေးစားအသိအမှတ်ပြုကြမည်နည်း။
၂၁ ရာစုတွင် နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ခွင့်ဆိုင်ရာအခွင့်အရေးများဆုံးရှုံးနေခြင်းသည်လည်းကောင်း၊ မဖွံ့ဖြိုးမစည်ပင် မတိုး တက်ခြင်းသည်လည်းကောင်းမှီတင်းနေထိုင်ရာနိုင်ငံသားအားလုံးတွင်တာဝန်ရှိသည်ဆိုသည်မှာ ငြင်းဆိုနိုင်ဖွယ်မရှိသော်လည်း အဆိုပါ တာဝန်ကိုတိတိကျကျ ရုပ်သဏ္ဍာန်ဖြင့်ညွှန်းဆိုရန်အတွက်မှာမူ လွန်စွာ ခက်ခဲသည့်ကိစ္စဖြစ်သည်။ အစိတ်အပိုင်းပေါင်းများစွာပါဝင်နေ သည့်အတွက်တိတိကျ ရည်ညွှန်းပြဆို၍မရခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် –
(၁) မိမိ၏လွတ်လပ်ခွင့်အတွက်မိမိကိုယ်၌တာဝန်ရှိသည်။ (တနည်းအားဖြင့်) မိမိ၏လွတ်လပ်ခွင့်ကို မိမိကိုယ်တိုင်သာရယူပိုင် ဆိုင်နိုင်ပေသည်။
(၂) သူတပါး၏လွတ်လပ်ခွင့်ဆိုင်ရာကို အသိအမှတ်ပြုသကဲ့သို့ အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်ရေးလှုပ်ရှားသူများ၊ အစုအဖွဲ့ (သို့မဟုတ်) အဖွဲ့အစည်းများ၏ ဦးဆောင်မှုကိုမသိကျိုးကျွံပြုခြင်းသည် မိမိ၏လွတ်လပ်ခွင့်ကို ရယူလိုစိတ်မရှိသည့် အပြုအမူ ဖြစ်သည့် သဘောကိုဆောင်ကျဉ်းကြောင်း ကောင်းစွာသိရှိနားလည်ကြရမည်ဖြစ်သည်။
(၃) မိမိ၏လွတ်လပ်ခွင့်ကို မိမိကိုယ်တိုင်တန်ဖိုးထားလေးစားခြင်းမှတဆင့် မပျောက်မပျက်အောင်ထိန်းသိမ်းထားနိုင်သည်ဖြစ် ရာ မိမိ၏လွတ်လပ်ခွင့်ကိုမိမိကိုယ်တိုင်ရယူပိုင်ဆိုင်ရန်ပါဝင်ထမ်းဆောင်ခြင်းမရှိခြင်းသည်လည်းကောင်း၊ တန်ဖိုးထားလေးစားမှုမရှိခြင်း သည်လည်းကောင်း၊ မပျောက်မပျက်အောင်ထိန်းသိမ်းရန်မစွမ်းဆောင်ခြင်းသည်လည်းကောင်း စသည့်အကြောင်းတရားများ၏ အကျိုး ဆက်ကို ယနေ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ကြုံတွေ့ခံစားနေကြရသည့်အားလျှော်စွာ အပြန်အလှန်အားဖြင့် –
(၄) မိမိ၏လွတ်လပ်ခွင့်အတွက်မိမိကိုယ်တိုင်ပါဝင်ရန်၊ မိမိ၏လွတ်လပ်ခွင့်ကို မိမိကိုယ်တိုင်လေးစားတန်ဖိုးထားထိန်းသိမ်းရန် တို့မှာ မြန်မာနိုင်ငံ၏နစ်နာမှုအရပ်ရပ်ကို ကျရာကဏ္ဍမှ ကုစားနိုင်သည့် နည်းလမ်းများဖြစ်သည်ဟု အလေးအနက်ယုံကြည်မိစွာ ရေးသား လိုက်ရသည်။

မြင့်မြတ်အလင်း
၄.၁.၂၀၁၁

5 comments

  • bigcat

    January 4, 2011 at 6:57 am

    မြန်မာ့အလင်းကို ကြောင်ကြီးက ကြိုဆိုပါတယ်ခင်ဗျာ။

  • koyinmaung

    January 4, 2011 at 10:03 am

    တိုင်းပြည်တပြည်မှာသင့်တင့်တဲ့တရားဥပဒေ အောက်မှာအုပ်ချုပ်သူပြည်သူ လေးလေးစားစားလိုက်နာယင်လွတ်လပ်မှု့ ဆိုတာလုပ်ယူနေစရာမလိုပါဘူး ခုတော့ဥပဒေရဲ့အပေါ်မှာနေတဲ့လူတန်းစားတရပ်ရှိနေတော့ သူတို့ရဲ့လွတ်လပ်မှု့ဘဲရှိ တယ် ပြည်သူတွေရဲ့လွတ်လပ်မှု့ကတော့ ……

  • zaw min

    January 5, 2011 at 9:04 am

    ဗိုလ်ချုပ်တို့ရဲ့ အသက်သွေးနဲ့ရယူပေးခဲ့ လွတ်လပ်ရေးဆိုတာ ကျွန်တော်တို့ ပြည်သူတွေအတွက်မဟုပ်တော့ပါဘူး လူတစ်စုကောင်းစားရေးအတွက်ဖြစ်နေပါပီ။…..ဗိုလ်တေဇ…ဗိုလ်ဇော်ဇော်….

Leave a Reply