ညစာစားမှု ခုနစ်

ashinindakaJanuary 5, 20111min853

ညစာ စားမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ဒုတိယသံဂါယနာအကြောင်း ရေးဖြစ်တယ်။
ဘုရားရှင်သာသနာတော်ရေရှည်တည်တံ့ခိုင်မြဲဘို့
ဘုရားရှင်ရဲ့ တပည့်သားသံဃာတော်တွေ
ဘယ်လောက် ဘယ်လိုထမ်းဆောင်ခဲ့တယ်ဆိုတာ သိစေချင်လို့
ဗုဒ္ဓဘာသာသမိုင်းလေးတွေ ဖတ်မှတ်ပြီး ဖတ်လို့ အဆင်ပြေအောင်
အပိုမဆလာတွေထည့်ကာ ရေးတင်နေပါတယ်။

ဒီလိုရေးတင်နေတာကို စာဖတ်သူတော်တော်များများ
စိတ်ဝင်စားစွာ လာရောက်ဖတ်ရှုနေတာသိရလို့ ဝမ်းသာမိတယ်။

ဖတ်နေတဲ့သူတွေထဲက
နောင်နောင် ဆိုသူက ဒီလိုလေး comment ရေးထားတာတွေ့ရတယ်။

(ဒါအရင်ပို့စ်ထဲကဟာကို ကူးတာ)
သာသနာတော်နှစ် ၁၀၀၊ ခရစ်မပေါ်မီ ( ဘီ၊စီ ) ၃၈ရ အရောက်မှာဘုရားရှင်ဟောကြားခဲ့တဲ့ ပိဋကတ်တရားတော်တွေကို စုပေါင်းရွတ်ဖတ်တဲ့ပွဲကို
ကျင်းပရပြန်တယ်။

(ဒါလဲ အရင်ပို့စ်ထဲကဟာကို ကူးတာ)
ဘီစီ ၃၈ရ အရောက်မှာ (သာသနာနှစ် ၁၀၀) ခန့်အချိန်မှာ
ဝိနည်းလေးစားတဲ့ဘုန်းကြီးတွေက

(အဲ့ဒီအရင်ပို့စ်ထဲက ခုနစ်တွေနဲ့ပတ်သက်ပြီး သူမေးတာက ဒီလို)

သာသနာနှစ်ဆိုတာ ဘုရားပရိနိဗ္ဗာန် စံတဲ့အချိန်က စလို့ ရေတွက်တာမှတ်လားဘုရား၊
ဘုရားရှင်ကို ဘီစီ 623 မှာဖွားတယ်၊
ဘီစီ 588 မှာဘုရားဖြစ်တယ်၊
ဘီစီ 543 မှာ ဘုရားပရိနိဗ္ဗာန် စံတယ်လို့ မှတ်သားဖူးတော့
ဘီစီ 387 ဆိုတာ သာသနာနှစ်ပေါင်း 156 နှစ်ဖြစ်နေပြီ ဘုရား..
သာသနာနှစ် ၁၀ဝ ခန့်လို့ မဟုတ်ဘဲ ၂၀ဝ ခန့်လို့ရေးရင် ပိုသင့်တော်မလားလို့၊
ဒါမှမဟုတ်လည်း ဘီစီတွက်တာပဲ လွဲနေသလားမသိဘူး၊
တပည့်တော် မှားနေတယ်ဆိုရင်လည်း ပြင်ပေးပါဦးဘုရား။

ဒီလိုလေး ရေးပေးတဲ့ နောင်နောင်ဆိုသူကို ကျေးဇူးအထူးတင်ရှိကြောင်း အရင်ဆုံး ပြောပါရစေ။

ဒီပို့စ်ကို ရေးတုန်းက ရေစကြိုအရှင်ဧသိက ရဲ့
ထေရဝါဒဗုဒ္ဓဘာသာ စာအုပ်တစ်အုပ်ထဲကို ဖတ်ပြီး ရေးတင်လိုက်တာ။
သူ့စာအုပ်ထဲမှာ ဒုတိယသံဂါယနာနဲ့ပတ်သက်ပြီး ခုနစ်တွေကို ဒီလိုရေးထားတယ်။
သာသနာတော်နှစ် ၁၀၀၊ ခရစ်မပေါ်မီ ( ဘီ၊စီ ) ၃၈ရ အရောက်တွင်
ဝေသာလီပြည် ဝဇိ္ဇတိုင်းသား ရဟန်းတို့သည် ဝိနည်းတော်နှင့် မညီသော
အဓမ္မဝတ္တု ၁ဝ ပါး ( ဒသဝတ္တုက ) အကျင့် ကျင့်ကြံပြုမူလာကြသည်။

http://myanmarengineer.org/forums/showthread.php?2896-%E1%80%B1%E1%80%91%E1%80%9B%E1%81%80%E1%80%AB%E1%80%92%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%80%98%E1%80%AC%E1%80%9E%E1%80%AC/page2
(ဒီလင့်မှာ သွားဖတ်နိုင်ပါတယ်)

ရေစကြိုအရှင်ဧသိက ရေးတဲ့ ထေရဝါဒဗုဒ္ဓဘာသာ စာအုပ်က
ပြိုင်ပွဲမှာ ဆုရထားတဲ့စာအုပ်ဆိုတော့ ယုံကြည်စိတ်ချရမယ်လို့ ယူဆပြီး
မစဉ်းစားမဆင်ခြင်ပဲ ခုနစ်သက္ကရာဇ်တွေကို ကူးရေးထည့်မိသွားတာပါ။

နောင်နောင် ပြောတာမှန်ပါတယ်။
သာသနာနှစ်ကို ဘုရားရှင်ပရိနိဗ္ဗာန်စံတဲ့နှစ်က စပြီး ရေတွက်တာပါ။
ဒါကို ဗုဒ္ဓဘာသာပညာရှင်ဖြစ်တဲ့ နာရဒဆိုတဲ့သီဟိုဠ်ဆရာတော်တစ်ပါးက
သူ့ရဲ့ The Buddha and His Teaching ဆိုတဲ့ စာအုပ်မှာ ဒီလိုရေးထာပါတယ်။

Unlike the Christian Era
the Buddha Era is reckoned from the death of the Buddha,
which occurred in 543 B.C. (in His 80th year),
and not from His birth. (P – 1)
ဆရာတော်ရေးတဲ့ အဲ့စာအုပ်မှာပဲ ဒုတိယသံဂါယနာနဲ့ပတ်သက်ပြီး
စာမျက်နှာ ၂၇၁ မှာ ဒီလို တွေ့ရပါတယ်။
Two other Councils of Arahants were held 100 and 236 years later respectively,
again to rehearse the Word of the Buddha
because attempts were being made
to pollute the pure Teaching.

ဒီမှာ Tow other Councils ဆိုတာ
ဒုတိယသံဂါယနာနဲ့ တတိယသံဂါယနာကို ပြောတာပါ။

ဆိုတော့ ပထမသံဂါယနာတင်ပြီး နောက်နှစ်ပေါင်း ၁၀ဝ မှာ
ဒုတိယသံဂါယနာတင်တယ်လို့ မှတ်ယူရမှာ ဖြစ်ပြီး
နောင်နှစ်ပေါင်း ၂၃၆ နှစ်မှာ တတိယသံဂါယနာတင်တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။

ဒီစာအုပ်ပါ အလိုအရ ဘုရားရှင်ပရိနိဗ္ဗာန်စံတာက ဘီစီ ၅၄၃ ဆိုတော့
အဲ့ထဲက နှစ် ၁၀ဝ နှုတ်လိုက်ရင် ဒုတိယသံဂါယနာတင်တဲ့နှစ်ကို ရပြီပေါ့။

ဆိုတော့ ဘီစီ ၄၄၃ ခန့်မှာ ဒုတိယသံဂါယနာတင်တယ်လို့ အကြမ်းဖျင်းပြောလို့ရမယ်။

2500 Years of Buddhism ဆိုတဲ့စာအုပ်ထဲမှာလဲ ဒီလိုဆိုထားပါတယ်။
The Second Council was held at Vaisali a century after the passing of the Master.
The time recorded should be taken as a round number. (P. 41)

ဆိုတော့ ဒုတိယသံဂါယနာကို ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၁၀ဝ လောက်မှာ
ကျင်းပတယ်ပဲဆိုပါတယ်။ အတိအကျတော့ မဟုတ်ဘူးတဲ့။
သီဟိုဠ်ဆရာတော်နာရဒနဲ့အတူတူပါဘဲ။

ဒါ့ကြောင့် သူတို့အဆိုအရာ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၁၀ဝ ခန့်
(သာသနာနှစ် ၁၀ဝ ခန့်၊ ဘီစီ ၄၄၃ ခန့်) မှာ
ဒုတိယသံဂါယနာတင်တာဖြစ်နိုင်ပါကြောင်း။
ဒီအတွက် နောင်နောင်ကို ကျေးဇူးအထူးတင်ပါကြောင်း ထပ်ပြီးပြောပါရစေ၊။

3 comments

  • bigcat

    January 6, 2011 at 4:19 am

    သာသနာကို ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးချိန်မှ စတင်ရေတွက်ခြင်းကို နားမလည်နိုင်ပါဘုရား။ ညဏ်မှီသလောက် သဒ္ဒတ္ထမင်းသား သဗ္ဗေညုတညဏ်တော်ရပြီး ဘုရားအဖြစ်သို့ ရောက်တော်မမူခင်အထိ ဓမ္မတာကံအလုပ်များသာရှိပြီး သာသနာဆိုတာ မပေါ်သေးပါ။ ထို့ကြောင့် သာသနာနှစ်ကို ဘုရားဖြစ်တော်မူသည်အချိန်ကစ၍ ရေတွက်သင့်သည်ဟု ထင်ကြောင်းပါ။

    • ashinindaka

      January 6, 2011 at 4:41 am

      ဟုတ်တယ်ဒကာကြောင်ကြီး။ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးမှ သာသနာနှစ်စရေတာ သိပ်တော့ ဘဝင်မကျမိဘူး။ ဒါပေမဲ့ တတ်နိုင်ဘူးလေ၊ ဗုဒ္ဓဘာသာနိုင်ငံတွေက ဒီလိုပဲ လက်ခံထားကြတာကိုး။

  • kai

    January 7, 2011 at 9:54 am

    ပြင်လိုက်ပေါ့ဗျာ..။
    လူတွေကလုပ်တာပဲ..။ မြန်မာသက္ကရာဇ်လဲ။..ဒီလိုနဲ့ဖြိုဖြိုချတယ်ပြောတာပဲ..။
    သာသနာနှစ်စအတိအကျတွက်ပေး..။

    ဆရာတော်တို့က ..ဥိးဆောင်ကန်င်ပိန်းလုပ်ပေါ့..။
    ဘယ်သူမှမပြင်ရင်ဒီလိုနဲ့.. သွားနေဦးမှာပဲ..။

Leave a Reply