ကိုအာလူး ရွှေ့သော အကွက်များ

susunosukiApril 16, 20101min1828


လူတွေဟာ ပစ္စည်း ပစ္စယာတွေကို ဝယ်ယူ အသုံးပြုကြတယ်။ လိုအပ်ချက်အရရော ၊ လိုချင်တာသက်သက်ကြောင့်ရော ပေါ့။

တန်ဖိုးအနည်းအများသင့်တော် သလိုပေးပြီး သုံးကြတာပေါ့။

ဒါကို ကျုပ်က အသုံးပြုတယ် လို့နာမည်ပေးတယ် ဗျ။

ကျုပ်တို့နေ့စဉ် အသုံးပြုကြတဲ့ ပစ္စည်း ပစ္စယာတွေက အများသားကလား။ စားသောက်ကုန်ဆို

လည်း ဆန် ဆီ ဆား ကအစ အဝတ်အထည်လည်း ပါသပေါ့။ ရေလာထည့်သူကို လည်း ရေဖိုးပေး ရသလို လျှပ်စစ်မီး အတွက်လည်း မီတာခပေးရတာပဲလေ။ လူပြောများတဲ့ စကားတစ်ခု လိုဆိုရရင် “ အလကားတော့ ဘာမှ မရဘူးဟေ့လူ” ပေါ့ဗျာ။

ဟုတ်တယ်မို့လား။

အဲ ဟုတ်ပြီ။ ဒီလိုမှ မဟုတ်ပဲ အပိုအမြတ်ထုတ်ချင်တဲ့ ထိုက်သင့်တဲ့ အခကြေးငွေ မပေးပဲ

အမြတ်ထုတ်တဲ့ ကိစ္စ မျိုးကို ကျတော့ အသုံးချတယ် လို့ ကျုပ်က မြင်တယ်။ကျုပ်တို့ ပတ်ဝန်းကျင်မှာ ဆို တွေ့ရတာများပါတယ်။ အချိန်ပိုကြေးမပေးချင်ပဲ ရုံးချိန်ကျော် ခိုင်းတတ်တဲ့ သဌေးတွေ ၊ အဓ္ဓမ လုပ်အားပေးစေ ခိုင်သူတွေဟာ  အသုံးချတတ်သူတွေပေါ့။

ကျုပ်တို့ရပ်ကွက် က ဆင်းရဲသားပေါတယ်ဗျ။ ရတဲ့ဝင်ငွေ နဲ့ကာမိအောင် ကျစ် ကြတာပေါ့။

သူတို့ကတော့ တမင်တကာ အမြတ်ထုတ်ချင် လို့မဟုတ်ပဲ တကယ့်ကို မရှိ လို့ ချွေတာရသူတွေ ပါ။ သူတို့ အတွက်တော့ အိမ်သုံးဖို့ထင်းဆိုလည်း ဝယ်တာတို့ ဘာတို့မရှိဘူး။

သစ်ကိုင်းခြောက် ချိုးလိုက်တာ ပဲ။ တစ်ခါ တစ်လေ ကြုံရင် ကြုံသလို အိမ်နီးခြင်း ခြံစည်းရိုးချိုးသူတွေလည်းရှိ တယ်။ အိမ်ရှင်သိတော့လည်း ပြသာနာ တတ်ကြတာပေါဗျာ။

ဟင်းစားဆိုလည်း အိမ်ရှေ့မြောင်းထဲက ကန်စွန်းရွက်တို့ ကနဖော့တို့က နေ့တိုင်းလိုလို ပါတတ်တယ် ။သူတို့တွေ မြိုသစ်မှာနေတာတော်တော် ဟန်ကျတယ်ဗျ။ လယ်ကွင်းထဲမှာ

ကန်စွန်း တို့ ကနဖော့ တို့ က လယ်ကွင်းထဲမှာ ဖောဖောသီသီရနိုင်တာကိုး။

ဒီလိုလူတွေကြားထဲမှာ ငွေကြေးတတ်နိုင်ရဲ့သား နဲ့ ကျစ်တဲ့ လူတွေလည်းရှိရဲ့ ။

ကျုပ်တို့ရပ်ကွက် ထဲက လူတစ်ယောက် အကြောင်းပြောပြမယ်။

သူ့နာမည်က  ကိုအားလူး လို့ ဆိုပါတော့။ ခင်ဗျားတို့ ရပ်ကွက် မှာ လည်း ကိုအားလူး လိုလူများ ရှိရင် ပြော ကြစမ်းပါဗျာ။ ကျုပ် ညတိုင်း မေတ္တာ ပို့တဲ့ အထဲ မှာ စာရင်းတို့ချင် လို့။

ကိုအာလူး ဟာ တကယ်တမ်းတော့ ရပ်ကွက် ရဲ့ အကျိုးဆောင်တစ်ယောက်ဆိုလည်း မမှားဘူးဗျ။ အိမ် ခြံ မြေ ရောင်းဝယ် ငှားတင် ဘယ်က မလဲ ၊ ကြုံရင် ကြုံ သလို အပေါင်လည်း လက်ခံတယ်။ ကြံ ခိုင်ရေး မှာ လည်း တွေ့ရရဲ့ ၊ ရပ်ကွက်ကောင်စီမှာ လည်း ကိုအားလူးက စွမ်းစွမ်းတမံ ပါဝင်သူ တစ်ယောက်ဖြစ် တယ်ဗျ။ဒါတင် ဘယ်ကဦး မလဲ ၊ နွေရာသီ ကလေးတွေကို ုသင်ပေးတဲ့ ယဉ်ကျေး လိမ္မာ သင်တန်း ဆိုလည်း ဦးစီး ဦးဆောင် တစ်ယောက်ဗျ။ စာတောင်သင်ပေးသေးတယ်။

ဒီလောက်ရပ်ရေး ရွာရေးမှာ လက်မနှေးတဲ့ ကိုအာလူးဘယ်လို အကွက်တွေရွှေ့လဲ ဆိုတာ ခင်ဗျားတို့ သိချင်ကြပလား။ ပြောပြပါ့မယ်။ဖြေးဖြေးပေါ့။

ကိုအာလူး တင်မကပါဘူး။ ကိုအာလူး အဖေက လည်း ရပ်ကွက်ထဲ မှာ လူကြီးတစ်ယောက်ပဲ။

ဘာလူကြီးလဲတော့မမေးနဲ့ ၊ အရပ်ထဲက လူတွေသူ့နဲ့စကားပြောရင် “ဟုတ်ကဲ့ အဘဟုတ်ကဲ့ဧ

လို့ပြောရတယ်။ တကယ့်ကို စွမ်းတဲ့ အဘိုးကြီးပါ။ ဘယ်လိုစွမ်းလဲ ဆိုတော့ သူများတွေ လက်သိပ်ထိုးသာ ဖွင့် ရဲတဲ့ အပေါင်ဆိုင်ကို သူကခပ်တည်တည်ပဲ ဖွင့်တယ်။ လိုင်စင် တွေ ဘာတွေ မလိုဘူး။ အိမ် မှာ ဆိုလည်း ဓါတ်ဆီကို ပေပါ လိုက်ထားပြီး ရောင်းနိုင်သူပေါ့။ ရပ်ကွက်လူတွေအတွက်တော့ ဘယ်နေ့ မီးထလောင် မလဲ စိုးရိမ်နေရတယ်။ ခုထိတော့ မလောင်သေးပါဘူး။ မလောင်သေးတော့ ဆက်ရောင်းနေသေးတာ။

ကိုအာလူး ကရပ်ကွက် သူရပ်ကွက်သားတွေ အပေါ် ဂရုဏာ သက်ရှာ တယ်ဗျ။ ဘာလို့ဆိုတော့ ဆင်းရဲသားရပ်ကွက်လေ။ မီးများပျက်တဲ့ ရက်ဆို ဖယောင်းတိုင် တစ် တိုင်ထွန်းပြီး ငုတ်တုပ် ထိုင်နေရတာ။ ဘယ်အိမ် က မီးစက် နိုးနိုင်မှာလဲ။လမ်းတွေ ဆိုလည်း

မှောင် နေတာပေါ့။

ဒီတော့ ကိုအာလူးက ကိုယ့်ပိုက်ဆံ နဲ့ကိုယ် မီးစက်ကြီးတစ်လုံးဝယ်တယ်။ ဝါယာကြိုးတွေသွယ်ပြီး မီးစက် ကမီးလိုချင်တဲ့ အိမ်တွေကို နှစ်ပေ မီးချောင်းတစ်ချောင်းစီ

လိုက်သွယ်ပေးတယ်။ ကိုအာလူးကျေးဇူးကြောင့်သာ ကျုပ်တို့ရပ်ကွက် မီးလာမီးပျက် မရှိတော့ဘူး။ ညမှောင်ဆို ကိုအာလူးမီးနဲ့လင်းနေတာ။ လမ်းတွေဆို လည်း ခပ်လှမ်းလှမ်း ဆို နှစ်ပေ တစ်ချောင်း လောက်စီ လိုက်ထွန်းပေးထားတာ။

တော်တော် ကိုအဆင်ပြေသွားတာပေါ့။သူ့ကျေးဇူးပါပဲ။

အဲ အဲ တစ်နေ့ကို တစ်ရာ ပေးရတာတော့ရှိတာပေါ့လေ။ ကျုပ်တို့ က မီးမလာရင် ပေးရတာတန်ပေမယ့် မီးလာရင် အပို ဖြစ်နေတာတော့ရှိပါတယ်။ဒါပေမယ့် မီးပျက်ရက် မှောင်

တဲ့ ဒုက္ခကို မခံနိုင်ကြတော့ လျောလျောလျှူလျှူ ပဲပေးလိုက်ကြပါတယ်။

ဒါပေမယ့် လူဆိုတာ ကျေးဇူးကို မသိတတ်သူ အများသားကလား။ ကိုအာလူးကို ကျေးဇူးကန်းသူ တွေက တစ်စုသပ်သပ်ရှိတယ်ဗျ။

ကျုပ်လည်း အစကတော့ မသိပါဘူး။ တညသား    ကျုပ်ဦးလေးအိမ်ကို အလည်ရောက်သွားတယ်။ မီးပျက်ရက် ဆိုပေမယ့် ကိုအာလူးရဲ့ လမ်းမီးတွေကြောင့် အဆင်ပြေသားပဲ။ကျုပ်ဦးလေး အိမ်ရောက်သွားတော့ မီးပျက်ရက် ဆိုပေမယ့် အိမ်ထဲမှာ

ဆွေမျိုးတသိုက် စုနေတာကိုထူးထူးခြားခြားတွေ့တယ်ဗျ။ သူတို့က တိတ်တိတ်လေး ကိုရီးယား ဇတ်လမ်းခွေကို ကြည့်နေတာတွေ့ရတယ်။အသံလည်း မထုတ်ဘူး။ ငြိမ် ချက်သားကောင်းနေတာ။

ကျုပ်လည်း မီးပျက်ကြီးထဲမှာ အပေါ်စက် အောက်စက် ဖွင့်ပြီးကိုရီးယား ကားထိုင်ကြည့်နေတဲ့

အိမ်ကို တအံ့တဩစူးစမ်းကြည့်တာ မီးစက်လည်းမတွေ့ရ ဘက်ထရီလည်း မတွေ့ရဘူးဗျ။

နောက်တော့ မအောင့်နိုင်တာနဲ့ ကျုပ်မေးတာအသံ နည်းနည်းကျယ်သွားတယ်။

အဲတော့ ဦးလေးက မျက်လုံးကို အစွမ်းကုန်ပြူးပြီးတိုးတိုးပြောဖို့ အချက်ပြတယ်။သူပြောပြတာက မီး   ခိုးသုံးနေတာတဲ့။ တစ်ရာတန် ကိုအာလူးမီးကို အပို အသုံးချကြတာပေါ့။တစ်ရာပေးရုံနဲ့ အောက်စက် တီဗွီ အကုန်လျှောက်ဖွင့်တော့ ကိုအာလူးက မသိဘူးလား လို့မေးပါတယ်။ သူပြန်ပြောတဲ့စကားကြောင့် “ဟိုက်ရှားပါး” ဖြစ်သွားရတယ်။

“ ခါတိုင်းဆို နင့်ဂျီးတော်က ပန်ကာဖွင့်ပြီး မီးပူပါတိုက်တယ် ဟကောင်ရ ”

“အင်း”

အဲသလို ခပ်ဆိုးဆိုးတွေကြောင့် ကိုအာလူး ကို သနားမိတာပေါ့။

xxx

xxx

xxx

တစ်နေရုံးအားရက်ပေါ့။ကျုပ်တို့မိသားစု အိမ်မှာ စုကြတယ်။ အဝတ်တွေစုလျှော်သူကလျှော်။

အိမ်ရှင်းသူက ရှင်းပေါ့။ကျုပ်လည်း အိမ်ရာက နိုးတော့ မီးပူတိုက် ဖို့ မီးပူထုတ်တယ်။ အမေက

လှမ်းမြင်တော့……

“နင့်မီးကညထဲက ပျက်တာကို”

ကျုပ်လည်း မီးပူလေးအသာချတုန်း မကြာဘူးဗျ။ မီးပြန်လာတယ်။

xxx

အဲဒီကျမှ ပဲ ကိုအာလူး ကံဆိုးတာပေါ့။

မီးပြန်လာရင် ညဦးက ဖွင့်ထားတဲ့ မီးတွေ လာတတ်တာပေါ့။ ဓါတ်မီးတိုင်က မီးတွေလည်း မပိတ်မိရင် ဒီလိုပဲပွင့်နေတတ် တာပဲ။ ဒါပေမယ့် ကိုအာလူးရဲ့ တစ်ရာတန် ညမီးဟာ လာစရာမလိုဘူးလေဗျာ။ အဲ…..ဘယ်လိုကဘယ်လို ဝါယာတွေ ငြိကုန်တယ်မသိပါဘူး။

ကိုအာလူးရဲ့တစ်ရာတန်မီးတွေရော လမ်းက ကိုအာလူးမီးချောင်းတွေရော တရပ် လုံး လင်းလိုက်တာဗျာ။ နေ့လည်ဘက်ကြီး မို့ မျက်လုံးတောင်ကျိန်းတယ်။

xxx

xxx

xxx

ခဏနေတော့ သူ့မီးစက်ရှိ တဲ့ တဲကို အလောသုံးဆယ် စက်ဘီးနဲ့ အပြင်းနင်းရှာတဲ့ ကိုအာလူးကို တွေ့ လိုက်ရတယ်ဗျ။ တော်တော်ကြာတော့ တစ်ရာတန်မီးတွေ ပြန်မှိတ်သွားတယ်။

xx

xxx

အင်း…..ကြာတော့ကြာပြီဗျ။

၃ လလောက်ရှိတော့မယ်။

ကိုအာလူးရဲ့တစ်ရာတန် မီးတွေ ခုဆို ပုံမှန်လာဆဲ ပါပဲ။ ကိုအာလူး ကအစိုးရမီးကို မီးလာတဲ့ရက်တွေမှာ စီးပွားဖြစ်ရောင်းစားတာ ရပ်ကွက်လူကြီးတွေ ပြောင်ပြောင်ပဲ မေ့လိုက်ကြပြီဗျ။ မမေ့လို့လဲ မရဘူးလေ။ သူတို့အိမ်တွေ ကို   ညည ကိုအာလူးစေတနာနဲ့ အခမဲ့ပေးတဲ့ အလင်းရောင်လေး ပျောက်မှာ စိုးတယ် မို့လား။

xxx

xxx

ကျုပ်တို့ရပ်ကွက်က အဲသလိုကို အသုံးချတတ်ကြတာဗျ။

8 comments

  • susunosuki

    April 16, 2010 at 3:22 pm

    ကျွန်တော် စာဆက်ရေးဖို့က စာဖတ်သူများရဲ့ ဝေဖန်ချက်က အရမ်းကို အရေးပါတယ် ဆိုတာကို
    ထပ်မံပြောချင်ပါတယ်

  • Bagyi

    April 16, 2010 at 8:38 pm

    အေးကွယ်။ ဒို့ဗမာတွေစိတ်ထားသိရတဲ့ဇတ်လမ်းလေးပေါ့
    ဒီမိုးဒီလေဒီလူတွေနဲ့ ဟုတ်တော့နေတာပဲ
    ကောင်းတယ်ကွယ့်။အားပေးနေပါတယ်

  • talker

    April 17, 2010 at 6:20 am

    စာရေးကောင်းသူတစ်ယောက်လို ့ သတ်မှတ်မိပါတယ်။

  • kai

    April 17, 2010 at 9:28 am

    ကျုပ်ပဲ..တော်တော်ပိန်းသလားမသိဘူး..
    နားလည်သလိုလိုနဲ့..မလည်ဘူးဗျ…
    တခုခုတော့..တခုခုပဲတော့ သိတယ်..။
    ဘယ်နေရာမှာ..လည်သွားသလဲဆိုတော့..(ကိုအာလူး ကအစိုးရမီးကို မီးလာတဲ့ရက်တွေမှာ စီးပွားဖြစ်ရောင်းစားတာ) ဆိုတဲ့ အောက်ဆုံးပိုင်းကနေရာမှဗျ..
    ကိုအာလူးက…မီးမလာတဲ့ရက်မှာ ရောင်းတာမဟုတ်လား..
    ဒါမှမဟုတ်..မီးလာလာကြီးကို မီးခိုးဖြတ်ပြီး..သူ့မီးရောင်းတာလား..
    ဒါမှမဟုတ်…အစိုးရမီးကို…ဘတ်ထရီထဲထည့်ပြီး…မီးမလာမှ…သူ့မီးကို..ရောင်းတာလား..

  • susunosuki

    April 17, 2010 at 9:33 am

    kai ကိုပြောချင်ပါတယ်
    မီးကိုရောင်းစားတယ်ဆိုတာက မီးလာတဲ့ရက်မှာ သူ့မီးစက်ကို ဟန်ပြနှိုးပြီး
    အစိုးရ ကပေးတဲ့မီးကို အင်ဗာတာနဲ့ စုပြီးလွှတ်တာကို ဆိုလိုတာပါ
    ကျွန်တော့်အရေးအသား မရှင်းတာကို ခွင့်လွှတ်ပေးပါ
    သူ့မီးစက် ကဆီနဲ့မောင်းကတော့ မီးလာတဲ့ရက်မှာ မီတာခ နည်းနည်းသာပေးရတဲ့ အစိုးရမီးကို တစ်ညခင်းကို
    တစ်ရာနဲ့ရောင်းစားခြင်းဖြစ်ပါတယ်

  • nayphonehlan

    April 18, 2010 at 5:56 am

    susunosuki ok ဆက်ရေးပါ ရေးလေ တက်လေဘဲ….ပြည် တွင်းထဲ ကပြည်ပမှာရောက်နေ တဲ့လူတွေ အတွက်
    လူတိုင်းခံစားနေရ တဲ့ ပြသနာတွေ ကို ပိုသိအောင် ကိုအာလူးအကြောင်းရေးပြီးရင် ဗူးသီးခရမ်းသီးကြောင်းလဲရေးပါဦး
    ဥပမာပေး တာ နော်……အားပေးပါတယ်များများ ရေးဖို့……….။

  • etone

    April 29, 2010 at 5:25 am

    ဖတ်ရင်းနဲ့နားမလည်ပါလားနော် ။ အီလည်လည်နဲ့ အဆုံးကျတော့ဘယ်လိုကြီးမှန်းမသိဘူး ။

  • narziparty2009

    May 2, 2010 at 3:36 am

    ကောင်းပါတယ်ဆက်ရေးပါနော်။
    ဗဟုသုတလည်းရတာပေါ.ဗျာ။ကျေးဇူးတင်ပါတယ်အခုလိုဗဟုသုတလေးတွေပေးလို.။

    ဆက်ပြီးတောင်းဆိုရအုံးမယ် အရူး လူတော် ပညာရှိ ဆိုတဲ.စာတွေကိုဖတ်ချင်နေပြီဗျာ။မြန်မြန်တင်ပေးပါနော်

Leave a Reply