“မပြောစကောင်း ပြောစကောင်း ဘယ်လိုပြောရင်ကောင်းပါ့မယ်“ (၂)

ကိုမောင်လေးပြောပြတာကို ကြားရတော့ တစ်ခါက ကိုအောင်မောင်း ပြောဘူး တာလေးကိုလည်းကျနော်ပြန်သတိရလို်က်ပါတယ်။
မန္တလေးသား ကိုအောင်မောင်းက မနက် မနက်ဆိုရင် အလုပ်က 8နာရီလောက်ရောက်အောင် အပြေးအလွားသွားရတာများပါတယ်။
အိမ်ကထွက်လာ လမ်းက လက်ဖက်ရည်ဆိုင်ဝင်ပြီး မနက်စာ စားလေ့ရှိပါတယ်။
အိမ်နဲ့အလုပ်က သိပ်အဝေးကြီးတော့လဲ မဟုတ်ပြန်ပါဘူး။
ကိုအောင်မောင်းနေတဲ့ တောင်မြို့(အမရပူရမြို့)ကိုသွားတဲ့လမ်းက ကပ်ကျော်ဘုရားနားမှာနေပါတယ်။
သူ့အလုပ်ကတော့ 34လမ်း ကုန်စည်ဒိုင်နားမှာပါ။
ဆိုင်ကယ်နဲ့သွားလို့ ပုံမှန်လေးစီးသွားမယ်ဆိုရင်လမ်းရှင်းတယ်ဆိုရင် ဆယ်ငါးမိနစ် လမ်းရှုပ်တယ်ဆိုရင် နာရီဝက်နီးပါးလောက်တော့ ကြာတတ်ပါတယ်။
ဒါပေမယ့် သူမနက်အလုပ်သွားတဲ့ အချိန်ကလဲ အားလုံးဈေးသွားကျောင်းသွား ပျားပန်းခပ်သလို ပုရွက်အုံတုတ်နဲ့ထိုးသလိုအမြဲရှုပ်နေတာများပါတယ်။
သူသွားရတဲ့84လမ်းပေါ်မှာက စစ်ကိုင်းကားတွေရော အဝေးပြေးကားတွေရော ဆိုင်ကယ်ရော စက်ဘီးရော အမြဲတမ်းအလုအယက် သူ့ထက်ငါ မြန်သထက်မြန်အောင်သွားလာနေကြပါတယ်။
သူကလဲအူများနည်းတူ ဆိုင်ကယ်ကို မြန်မြန်စီး မစီးချင်ဘူးဆိုပြန်တော့ အလုပ်ချိန်မီအောင် အိမ်ကစောစော ထွက်ရပါတယ်။
တစ်ရက်တော့ သူက လဲ အိမ်ကထွက်လာခါနီးမှာ မိတ်ဆွေတစ်ယောက်က စကားလာပြောတော့ ခါတိုင်းထွက်တဲ့အချိန်ထက်နည်းနည်းလေးနောက်ကျနေပါသတဲ့။
အဲတော့အလုပ်မှီအောင်လောလော နဲ့သွားရတော့တာပေါ့။
လက်ဖက်ရည်ဆိုင်ရောက်တော့ ထတ္တရာတစ်ချပ်ရယ် လက်ဖက်ရည်တစ်ခွက်ရယ်မှာလို်က်ပါတယ်။
ခဏနေတော့ လက်ဖက်ရည်က ရောက်လာပေမယ့် သူမှာတဲ့မုန့်ကတော့ ရောက်မလာပါဘူး။
ဒါနဲ့ဘဲ “ဆိုင်လူကျနေလို့ နေမှာဘဲလေ”ဆိုပြီး စီးကရက်ကလေးဖွာရင်းစောင့်နေပေမယ့် စီးကရက်တစ်လိပ်သာကုန်သွားလို့ လက်ဖက်ရည် မုန့်ကရောက်မလာသေးဘူး။
သူ့ဘေးနားကခုံမှာ သူနောက်မှ ရောက်လာတဲ့လင်မယားစုံတွဲက ထတ္တရာတွေအားရပါးရတီးနေတာမြင်တော့နည်းနည်းတော့ စိတ်တိုသွားပါတယ်။
အဲဒီအချိန်မှာ မုန့်လုပ်တဲ့နေရာကို လှမ်းကြည့်တော့ မုန့်ဆရာက ဘာမှ မလုပ်ဘဲ ရပ်နေတာကိုတွေ့တဲ့အခါ
” မင်းတို့ထတ္တရာက ညရောက်မှစားရမှာလား” လို့ ခပ်ငေါ့ငေါ့လေးမေးလိုက်တော့
စားပွဲထိုးလေးကလည်း မုန့်ဆရာကို ဒီအတိုင်းပြန်ပြောလိုက်တဲ့ အခါ မုန့်ဆရာက လည်း စိတ်ဆိုးသွားတဲ့လေသံနဲ့
“ဘယ်တုန်းက မှာထားသလဲပြန်မေးလိုက်”
ပြောလိုက်တဲ့အခါ စားပွဲထိုးလေးကလည်းအဲဒီအတိုင်းကိုအောင်မောင်းကို ပြန်လာမေးပါတယ်။
ကိုအောင်မောင်းကလဲ
“မင်းတို့ဆိုင်မုန့်မှာရင် အချိန်မှတ်ထားရမှာလား ”
လို့ပြန်ပြောလိုက်တဲ့အခါနည်းနည်းကြီးတဲ့စားပွဲထိုးလေးက
” လေးလေးဘယ်သူ့ကိုမှာလိုက်လဲ “လို့
တစ်ခါထပ်လာပြီးမေးပြန်တဲ့အခါမှာ ကိုအောင်မောင်းကပိုစိတ်တိုသွားပြီး
“ဟ မုန့်စားချင်လို့ မှာတာဘယ်သူ့ကိုမှာလိုက်တယ်ဆို အလကားနေရင်းမှတ်ထားမလား ကွ “လို့
ပြောလိုက်ပါတယ်။
အဲဒီအခါမှာ ကောင်တာက မန်နေဂျာက သူ့စားပွဲထိုးလေးကို ခေါ်ပြီး မေးနေပါတယ်။
နောက် ကျနော်ဆီလာပြီး စောစောက စားပွဲထိုးလေးမေးသလိုဘယ်သူကိုမှာလိုက်လဲဆိုပြီးထပ်မေးပြန်ပါရော။
အဲဒီမှာ ကိုအောင်မောင်းလဲ စိတ်တွေတို ဒေါသတွေဖြစ်ပြီး
“မင်းတို့ဆိုင် မုန့်တစ်ချပ်မှာမိတာ မုန့်မစားရဘဲ အင်တာဗျုးနဲ့ မိနေတယ် ရောင်းချင်ရင် မုန့်လာချ နောက်ထပ်တစ်ခွန်းမှ လာမမေးနဲ့ ”
ဆိုပြီးအော်လွှတ်တော့ မှ ထတ္တရာတစ်ချပ်ကိုလာချပါတယ်။
ကိုအောင်မောင်းလဲ လာချတဲ့ မုန့်ပူပူကြီးကို စိတ်တိုတိုနဲ့ ပလုပ်ပလောင်းစားပြီး ပိုက်ဆံရှင်း ပြီးထွက်လာပါတယ်။
နောက်နေ့တွေမှာ အဲဒီဆိုင်ကို ဘယ်တော့ မှသွားမထိုင်တော့ တာ ခုဆိုလေးငါးနှစ်လောက်တောင်ရှိသွားပါပြီ။
မုန့်လေးတစ်ခုစားရမှာနဲ့ မေးခွန်းတွေဖြေရတာ မတန်ဘူးလို့ ထင်လာလို့ ပါဘဲ။