“မပြောစကောင်း ပြောစကောင်း ဘယ်လိုပြောရင်ကောင်းပါ့မယ်“ (၃)

သူတို့တစ်တွေ အဆင်မပြေတာတွေလေးတွေကြားမိတော့ ကိုယ်ငယ်ငယ် ခပ်မိုက်မိုက်အရွယ်တုံးက ဖြစ်ခဲ့တာလေးကိုလဲ
ပြန်ပြီးသတိရလို့လာပါတယ်။
အဲဒီတုန်းက ကျနော်လည်းအိမ်ထောင်ကျခါစ။
လင်မယားနှစ်ယောက် ကို်ယ့်ဘဝကိုယ်ရုန်းကန်ပြီး တည့်မတ်အောင်မနည်းနေရပါတယ်။
နှစ်ယောက်လုံးက အစိုးရဝန်ထမ်းလခစား တွေပါ။
ဘယ်သွားသွား ဂျောက်ဂျက် ဂျောက်ဂျက်အသံတွေပေးနေတတ်တဲ့စက်ဘီးစုတ်ကလေးနဲ့ပေါ့။
အဲဒီနေ့က ပထမ မုန့်ဟင်းခါးစားမယ်ဆိုပြီး သွားကြပါတယ်။
မုန့်ဟင်းခါးဆိုင်ကလဲ အဲဒီတုန်းကနာမယ်ကြီး သူသားတွေနဲ့ကိုယ်နဲ့ကလဲ ငယ်ကတည်းက ကစားဖော် ကစားဖက်တွေပါ။
ရောက်တော့ မုန့်ဟင်းခါး ရိုးရိုး နှစ်ပွဲဆိုပြီးမှာလိုက်ပါတယ်။
အစုံဆိုရင် ငါးဖယ်တွေ ဘဲဥတွေပါမယ် ဈေးကလဲ ကြီးမယ်လေ။
တစ်ပွဲတစ်ရာ ရိုးရိုးဆိုရင် 60ဘဲကုန်မှာ။
အိမ်ထောင်ဦးဆိုတော့ အစစ အရာရာ တွက်ချက်ပြီးသုံးနေရတဲ့ဘဝပေါ့။
ကျနော်တို့ ထိုင်ပြီး မကြာခင်မှာမိသားစု ငါးယောက် ပါတဲ့ ကား တစ်စီးဝင်လာပါတယ်။
အဲဒီလူတွေရောက်လာတော့ “အန်တီအစုံငါးပွဲ ငါးဖယ် နှစ်တုံးစီ အပိုညှပ်ထည့်ပေး” ဆိုပြီး အော်မှာသံကြားရပါတယ်။
ခဏနေတော့ သူတို့ဝိုင်းကို မုန့်ပွဲချလိုက်တာကို မြင်လိုက်ရပါတယ်။
ဒါပေမယ့် ကျနော်တို့အတွက်တော့ လာချမပေးပါဘူး စိတ်ထဲမှာတော့ “ကိုယ်က လူရင်း သူတို့က တစိမ်းမို့ နောက်မှပြင်ပေးတာနေမှာ”ဆိုတဲ့အတွေးနဲ့စောင့်နေပါတယ်။
ဒါပေမယ့်တော်တော်လေးကြာတာတောင် လာမချတော့ “အန်တီ ကျနော်တို့ကိုပြင်ပေးအုံးလေ”လို့လှမ်းပြောလိုက်တော့မှ
“ကိုပေါက်ရယ် အားနာလိုက်တာ မုန့်ကကုန်သွားပြီ အန်တီက မေ့သွားတာ နောက်နေ့မှ စားတော့ “ဆိုပြီး ပြောတော့
ကျနော် အတော်လေးစိတ်တိုသွားပြီး ပြောမယ် လုပ်ဘို့ ပါးစပ်ပြင်တုံး လေဒီပေါက်က “ရတယ် အန်တီ နောက်နေ့ပေါ့ “လို့လှမ်းပြောရင်း ကျနော်လက်ကိုဆွဲပြီး အပြင်ထွက်လာပါတယ်။
မခံချင်စိတ်ကြီးတဲ့ ဒေါသကြီးတဲ့ ကျနော့် အကြောင်းကို သိတော့ ပြဿနာတက်မှာ အမြဲတွေ့နေတဲ့လူတွေဆိုတော့
မိန်းမပီပီအားနာတာလည်းပါ ပါတယ်။
ဒါတောင်ကျနော်က ခုံတစ်လုံးကို ခြေထောက်နဲ့ဆောင့်ကန်ခဲ့ပါသေးတယ်။
အမှန်ကတော့ တန်ဘိုးကြီးကြီးနဲ့စားမယ့်သူလွတ်သွားမှာကိုစိုးတော့ သူတို့ကိုဦးစားပေးပြီး
အရင်ရောက်တဲ့ကျနော်ကို မေ့ချင်ယောင်ဆောင်လိုက်တာပါ။

အဲဒါနဲ့ဘဲ လေဒီပေါက် က “တိုရှည်သွားစားရအောင် မစားတာကြာပြီ”ဆိုတော့ တိုရှည်ဆိုင်က ဆက်သွားကြပါတယ်။
အဲဒီတိုရှည်ဆိုတာကလဲ အတော်လေးစောင့်ရတဲ့မုန့်ထဲမှာပါ ပါတယ်။
အလွယ်ပြောရရင်တော့ အိန္ဒိယ မုန့်ပျစ်စလက်လု့ိပြောရမယ်ထင်ပါတယ်။
မုန့်ပျစ်စလက်ရေပါးလို့ ဆန်နဲ့လုပ်ထားတဲ့ မုန့်ကို မတ်ပဲကိုကြိတ်ပြီးထားတဲ့ ပဲဟင်းရယ်၊ပဲကုလားဟင်းရယ်၊နဲ့တို့ပြီးစားရတဲ့မုန့်ပါ။
နောက်အဲဒီမုန့်ကိုစားမယ်ဆိုရင် မကျီးသီးရယ် ပူဒီနာရယ်ကိုရောပြီးထောင်းထားတဲ့အချဉ်ရယ်တွဲစားရင်ပိုအရသာရှိပါတယ်။
ဒီလိုဟင်းသုံးလေးမျိုးနဲ့စားရတဲ့မုန့်ဖြစ်တော့ စားဘို့ မုန့်ကို အဆောင်ကျောင်သားတွေကို ထမင်းကျွေးရင် ထည့်ပေးတတ်တဲ့
ဟင်းထည့်ဘို့ အတွက် အချိုင့်လေးသုံးချိုင့်ကို ပုဂံအဖျားမှာထွင်းထားပြီး သူနောက်မှာ အပြားလိုက်ချိုင့်အကြီးကြီးရှိတဲ့ သတ္တုဒါမှမဟုတ်စတီးလင်ပန်းလေးနဲ့မုန့်ကိုထည့်ပေးပါတယ်။
နောက်ဒီမုန့်က မီးအေးအေးနဲ့ ဆန်မူန့်အရည်ကိုကျက်အောင် လုပ်ပေးရတဲ့မုန့်ဖြစ်တော့ မုန့်ကျက်အောင်လုပ်ရတာ နည်းနည်းတော့ ကြာပါတယ်။
မုန့်က ပူပူ ကြွတ်ကြွတ်လေးမှ စားလို့လဲကောင်းပါတယ်။
ဒီတော့ ဒီမုန့်ကိုစားမယ်ဆိုရင ်တစ်ဆက်တည်းစားလို့ရအောင် ကိုယ်စားချင်တဲ့မုန့်ကို ကြိုမှာထားရပါတယ်။
အေးသွားရင်ဖြစ်ဖြစ် မုန့်ကစားရင်းတန်းလန်းကုန်သွားလို့ နောက်တစ်ခုမရသေးရင် စားရတာ သိပ်ဖီလင်မလာတော့ပါဘူး။
ဒါနဲ့ဘဲ တိုရှည်ဆိုင်ရောက်တော့ တစ်ယောက်ကို နှစ်ခုစီစားမယ်ဆိုပြီး မုန့်လေးခုကို တစ်ခါတည်းမှာလို်က်ပါတယ်။
ကျနော်တို့မုန့်မှာပြီး မကြာခင်နောက်ထပ်စားတဲ့သူ ကောင်လေးကောင်မလေးတစ်အုပ်စုရောက်လာပါတယ်။
တစ်ယောက်တစ်ပေါက် သူက ဘယ်နှစ်ခု ငါက ဘယ်နှစ်ခုစားမှာဆိုပြီး ဝိုင်းအုံလို့မှာကြပါတယ်။
အားလုံးက ကြက်ဥထည့်ပြီးလုပ်ပေးနော်လို့မှာကြပါတယ်။
ကျနော်ကတော့ ဒီမုန့်ကို ကြက်ဥထည့်မစားပါဘူး ဘာလို့လဲဆိုတော့ ကြက်ဥနဲ့လုပ်ထားတဲ့မုန့်က မကြွတ်တော့လို့ပါ။
ဒါနဲ့ကျနော်တို့အတွက် ပထမမုန့်တစ်ခုရောက်လာလို့ စကားပြောရင်း နောက်ထပ်လာချပေးမယ့် မုန့်ကို စောင့်ရင်းဖြည်းဖြည်းဘဲစားနေပါတယ်။
ဒါပေမယ့်မုန့်ကုန်သွားတာကိုနောက်တစ်ချပ်က ထပ်ရောက်မလာပါဘူး။
ခဏနေတော့ စားပွဲထိုးလေးက မုန့်ပန်းကန်တွေယူလာလို့ လက်လှမ်းမယ်လဲလုပ်ရော သူက ဟိုဘက်က ကောင်လေးတွေစားပွဲကို သွားချလိုက်ပါတယ်။
ဒါနဲ့ ကျနော်က “လိုက်ပွဲဆက်ချပေးလေကွာ ဒီမှာစားလက်စကြီး”လို့ပြောလိုက်တဲ့အခါ မုန့်လုပ်ပေးနေတဲ့ ဆိုင်ရှင်မိန်းမက
“ကြက်ဥနဲ့မှာတာတွေအရင်လုပ်ပေးပြီးမှ ရမှာလို့ ပြောလိုက်”ဆိုတာကိုလည်းကြားရော ကျနော်ဒေါသက အထွတ်အထိပ်ရောက်သွားပါတယ်။
“အရင်ရောက်တဲ့လူ အရင်လုပ်ပေးရမှာ“လို့ကျနော်ကပြန်ပြောတော့
“ကြက်ဥနဲ့ကို အရင်လုပ်ပေးလိုက်တာ သူတို့ က အများကြီးစားမှာ “လို့လဲပြန်ပြောရော
“နင်တို့ မုန့်စမှာကတည်းက ကြက်ဥနဲ့ဆိုရင် မြန်မယ် ရိုးရိုးဆိုကြာမယ်ပြောလိုက်ပါ့လား”လို့ကျနော်က ပြောတော့ အဲဒီမုန့်လုပ်နေတဲ့မိန်းမရဲ့
မထီတရီမျက်နှာပေးကိုလဲမြင်ရော ကျနော့် စားပွဲခုံပေါ်မှာရှိနေတဲ့ စတီးပုဂံနှစ်ချပ်ကို ဘေးနားက မြောင်းထဲကို ပစ်ချလိုက်ပါတယ်။
စိတ်တိုတိုနဲ့ “’ဒါမျုးိလူပါးလာမဝနဲ့ “လို့လဲပြောရော လေဒီပေါက်က ရှက်လွန်းလို့ ဇွတ်ဆွဲခေါ်ပါတယ်။
ကျနော်က မုန်ု့ဘိုးကို စားပွဲပေါ်ပစ်ချပြီး ထွက်လာကြပါတယ်။
အဲဒီဆိုင်ကလူတွေရော စားနေတဲ့လူတွေပါနည်းနည်းလေးတော့ လန့်သွားပုံရပါတယ်။
ဒါကကျနော်ငယ်ငယ်က စိတ်လိုက်မာန်ပါတုန့်ပြန်ခဲ့တာလေးပါ။

ဒီအဖြစ်အပျက်လေးတွေကို ပြန်တွေးမိတော့ ရီချင်သလိုလို
စိတ်ဘဲတိုတာလိုလိုဖြစ်ပေမယ့် တကယ်ဖြစ်တာကတော့ အပြောမတတ်တဲ့သူရယ်
ဖြေရှင်းပုံမှားယွင်းတာရယ်
ကိုယ့်ဘက်တစ်ဘက်တည်းကိုဘဲကြည့်မိကြတာကြောင့်လို့ဘဲ ပြန်စဥ်းစားမိပါတယ်။
ဆိုင်ရှင်ဘက်ကလည်းများများသုံးနိုင်ဖြုန်းနိုင်ဈေးကြီးတာကို
မှာစားတဲ့လူမျုးိကိုဦးစားပေးချင်တယ်။

လာစားသူဘက်ကလဲ စိတ်ထဲမှာ “ဝယ်သူအမြဲမှန်တယ်”ဆိုတာလက်ကိုင်ထားပြီး
ဦးစားပေးရမယ်ဆိုတဲ့ အတွေးကိုဘဲလက်ကိုင်ထားတတ်ပါတယ်။
တစ်ခါတစ်ရံမှာ လာစားတဲ့သူ ကလည်း လက်ဖက်ရည်တစ်ခွက် မုန့်တစ်ခုလောက်စားပြီး
လိုတာထက်ပိုတဲ့ဝန်ဆောင်မူ့မျုးိကိုလိုချင်တာ
အခွင့်အရေးယူချင်တာမျုးိရှိတတ်ပါတယ်။
ဒါပေမယ့် ဆိုင်တော်တော်များများက ပိုင်ရှင်တွေ စားပွဲထိုးတွေကလည်း
သူတို့ဆိုင်က သတ်မှတ်ထားတဲ့ ပုံစံအတိုင်းဝယ်စားတာမှန်ပေမယ့် လည်း
ဈေးသက်သာတာစားရင် သိပ်မနှစ်သက်တဲ့ အမူအရာတွေ
ပြတတ်ကြ မှာပေးတာကို က စိတ်မပါလက်မပါပုံစံတွေပြကြတာကိုလည်းစိတ်ပျက်စရာကြုံဘူးပါတယ်။
ဥပမာပြောရရင် မကုန်မှာစိုးလို့ ပွဲသေးဘဲလုပ်ပေးပါတို့ မုန့်ဟင်းငါးစားရင်
အကြော်ပါရင် ကျန်တာတွေပါရင် ပါးစပ်ထဲရှုပ်တယ်ထင်လို့
ရိုးရိုးဘဲစားမယ်ဆိုရင် စားပွဲထိုးလေးတွေက မှာမပေးချင်သလိုပါဘဲ။
နောက်ဆိုင်ရှင်တစ်ချို့ကလဲ ရောင်းကောင်းတယ်ဆိုရင် နည်းနည်းလေး
ကြီးကျယ်ပြီး လာမစားလဲရတယ်ဆိုတဲ့ပုံစံဖမ်းပြီးပြောတာဆိုတာကြုံရဘူးပါတယ်။
ကဲ မိတ်ဆွေတို့ရောကျနော်တို့ ကိုအောင်မောင်းတို့ ကိုမောင်လေးတို့ လိုများ
ဘယ်နှစ်ခါကြုံဘူး ပါသလဲ ?
ကြုံများကြုံခဲ့ရင် ဘယ်လိုများ ပြောမလဲ ဘယ်လိုဖြေရှင်းမလဲ ?
တကယ်လို့များ ကိုယ်တိုင်က ဆိုင်ရှင်နေရာ ရောက်နေရင် ဘယ်လိုများ
ဘယ်လိုပြောပြီး ဖြေရှင်းမလဲ ?
ဆိုတာကို သိချင်စမ်းပါ့ဗျာ။
(ပြီးပါပြီဗျာ)
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

2 comments

  • bigcat

    January 8, 2011 at 2:40 am

    တက္ကသိုလ်က ကန်တင်းမှာ ဆီချက်မှာစားတယ်။ မှာလိုက်တာ ကြက်သားနဲ့ လာချပေးတော့ ကြက်ရယ်ဝက်ရယ် ရောထားတယ်။ မင်္သကာလို့ စစ်လိုက်တော့ အသားက နှစ်မျိုးဖြစ်နေမှ ရောထားမှန်းသိလိုက်တာ။ ကျနော်က ဝက်သားစားလိုက် မစားလိုက်ဆိုတော့ ဒေါကန်လိုက်တာ ဘယ်ပြောကောင်းမလဲ။ ဆိုင်ရှင်က ကြက်သားပါရင်ပြီးရောပေါ့တဲ့။

  • MaMa

    January 8, 2011 at 3:30 am

    အဲဒါမျိုးတော့ မကြုံဖူးဘူး။ ကြုံလာရင်လည်း ပြင်းပြင်းထန်ထန် မတုန့်ပြန်ချင်ဘူး။ ဒါပေမယ့် အဲဒီဆိုင်ကို နောက်ဘယ်တော့မှ သွားမစားတော့ဘူး။ ဆိုင်တစ်ဆိုင်မှာ ရေးထားတာတွေ့ဖူးတယ် `သင်စားကောင်းလျှင် သင့်မိတ်ဆွေတွေကို ပြောပါ၊ သင်စားမကောင်းလျှင် ကျွန်ုပ်ကို ပြောပါ။´ တဲ့။ မကောင်းဘူးလား။ ကိုယ်တိုင်ဆိုင်ရှင်ဖြစ်ရင်လည်း အဆင်မပြေတဲ့ ဝန်ဆောင်မှုမျိုး မဖြစ်ရအောင် ကြိုးစားမယ်။ ကြုံဖူးတာတော့ တချို့ဆိုင်တွေဆို ကိုယ့်ဆိုင်မှာ မရှိတဲ့မုန့်ကို ကိုယ့်ဆိုင်မှာစားတဲ့လူအတွက် အခြားဆိုင်က မှာပေးတာတောင်ရှိပါတယ်။ မုန့်ဟင်းခါးဆိုင်က လက်ဖက်ရည် မှာပေးသလိုပေ့ါ။

Leave a Reply