မီးအိမ်ရှင်

manawphyulayJanuary 8, 20111min530

ဒီကဗျာလေးကတော့ မေမေတစ်ယောက်ထဲမဟုတ်ပဲ သားသမီးတိုင်းအတွက် မိဘဆိုတာ အမေနဲ့ အဖေ ပံ့ပိုးမှုကြောင့် လူလားမြောက်ခဲ့ရတဲ့ သားသမီးတိုင်းအတွက် မနော ရေးစပ်ခဲ့တာပါ။

မွေးမိခင်က အဦးစ၍
ကြီးစွာ မှောင်သော ငါ့ခရီးတွက်
မီးအိမ်တစ်လုံး ပေးလိုက်တယ်
မိခင်ဆွဲပေး မီးအိမ်လေးကို
ဝေးစွာကြာရှည် ထွန်းလင်းစေဖို့
ဆီဖြည့်ပြောင်းတပ် မီးစာမှန်မှန်
ထပ်ထပ်ပြင်ကာ လမ်းမှန်မြင်ဖို့
ဖခင်က ပြင်ဆင်ပေးလိုက်တယ်
သည်မီးအိမ်မှ အလင်းရအောင်
လမ်းမှကြိုကာ မြတ်ဆရာက
စောင့်ကြည့် သွန်သင်ပေးလိုက်တယ်
သည်အလင်းများ ကွယ်မသွားအောင်
ငါ့အား ငါ့အင် လုံ့လယှဉ်၍
အစဉ်စောင့်ကြည့် ဉာဏ်သတိနှင့်
ငါ့ရဲ့ဘေးမှာ မြဲမကွာဖို့
ငါလေ မြဲမြံစေခဲ့တယ်

ရှေ့ခရီးမှာ ဒုက္ခသုက္ခ
ကြုံဆုံရလည်း
ငါလေမမှု
နှိုင်းတုမရ မွေးမိဘနှင့်
မြတ်ဆရာ့ကျေးဇူး အထူးထူးကြောင့်
ဦးတည်လျှောက်လှမ်း အနာဂတ်ရဲ့
ခြေလှမ်းတိုင်းတွင် အားမာန်နှင့်မို့
ထာဝရမီးမမှိန် သည်မီးအိမ်က
ငါ့ဘဝပေတည်း…..