တခြားဘာသာအပေါ်

ashinindakaJanuary 9, 20111min1068

အသောကမင်းကြီး ကိုရင်နိဂြောဓကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်လာပါတယ်။
ဗုဒ္ဓဘာသာဝင်ဖြစ်လာပေမဲ့
အသောကမင်းကြီးဟာ တခြားဘာသာဝင်တွေကို နှိပ်ကွပ်မှု၊ ရှုတ်ချမှု၊
အထင်သေးမှု လုံးဝမရှိခဲ့ပါဘူး။
ဒါကလဲ ဗုဒ္ဓဘာသာဝင်ဖြစ်လာမှတော့
ဗုဒ္ဓဘုရားရှင်လမ်းစဉ်ကို လိုက်တဲ့သဘောပါဘဲ။
ဗုဒ္ဓဘာသာဝင်တွေရဲ့ ဉာဉ် ကူးစက်ကိန်းဝပ်လာတယ်လို့ ဆိုနိုင်ပါတယ်။

ဘုရားရှင်သက်တော်ထင်ရှားရှိချိန်
ဘုရားရှင်ပတ်ဝန်းကျင်မှာ အလွှာပေါင်းစုံက လူမျိုးပေါင်းစုံရှိပါတယ်။
ဘုရားရှင်နဲ့ ဘုရားရှင်ရဲ့ တရားတော်အယူအဆတွေကို
ယုံကြည်သူ၊ မယုံကြည်သူ မြောက်များစွာနဲ့ ဘုရားရှင် ပတ်သက်ခဲ့ရပါတယ်။

ဘာသာအယူအဆရေးရာမှာ တစ်ပွဲတစ်လမ်း အကဲစမ်းချင်လို့
ဘုရားရှင်ထံ လာကြတဲ့ တခြားဘာသာဝင်တွေလဲ ရှိခဲ့ပါတယ်။
ဒါမျိုးတွေကိုလဲ ဘုရားရှင်က ဘာသာအယူအဆရေးရာတွေကို
သဘောထားကြီးကြီးထားပြီး ဖြေရှင်းပေးခဲ့ပါတယ်။

ဒီလိုဖြေရှင်းလိုက်လို့ တခြားဘာသာဝင်တွေက
ကိုယ့်ဘာသာကို ကူးပြောင်းလာရင်တောင်
အရင်ယုံကြည်ခဲ့တဲ့ဘာသာရေးဆရာဘုန်းကြီးများကိုလဲ
ဝတ်ကြီးဝတ်ငယ်ပြုမြဲတိုင်း ပြုဘို့၊ ထောက်ပံ့ဘို့ ဘုရားရှင် ပြောခဲ့ပါတယ်။

ဥပမာတစ်ခုအနေနဲ့ပြောရရင်
ဘုရားရှင် နာလန္ဒဆိုတဲ့အရပ်ဒေသမှာ သီတင်းသုံးနေတုန်း
ဥပါလိ လို့ခေါ်တဲ့ ထင်ပေါ်ကျော်ကြားတဲ့ သူဌေးကြီးတစ်ဦး
ဘုရားရှင်ထံ ရောက်လာပါတယ်။

ဥပါလိဆိုတာ ဂျိန်းဘုရား မဟာဝီရရဲ့  ပစ္စည်းလေးပါးအားကိုးရတဲ့
ကျော်ကြားထင်ရှားတဲ့ တပည့်ကြီးတစ်ယောက်ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာမှာဆို အနာထပိဏ်သူဌေးတို့လိုနေမှာပေါ့။

ဂျိန်းဘုရား မဟာဝီရကိုယ်တိုင်က ဗုဒ္ဓဘုရားရှင်နဲ့ တွေ့ဆုံဘို့
ဒီတပည့်ကြီး ဥပါလိကို စေလွှတ်လိုက်တာတဲ့။

စေလွှတ်လိုက်ရခြင်းအကြောင်းက
ကံ ကံရဲ့ အကြောင်းအကျိုးတရားနဲ့ ပတ်သက်လို့
ဗုဒ္ဓရဲ့ အယူအဆနှင့် မဟာဝီရရဲ့ ထင်မြင်ချက်တို့မှာ မတိုက်ဆိုင်ကြဘူး။
အမြင်မတူကြဘူးပေါ့။

ဒါနဲ့ ဗုဒ္ဓဘုရားရှင်ကို စကားစစ်ထိုးအနိုင်ယူဘို့
ဥပါလိကို စေလွှတ်လိုက်ရခြင်းဖြစ်တယ်။
ဒါပေမဲ့ ဂျိန်းဘုရား မဟာဝီရ ထင်ထား မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာဘူး။
အထင်နဲ့ အမြင်တခြားစီဖြစ်သွားတယ်။

တရားဆွေးနွေးပွဲအပြီးမှာ ဗုဒ္ဓဘုရားရှင်ရဲ့ အယူအဆတွေက မှန်ကန်နေပြီး
ဆရာ(ဂျိန်း)မဟာဝီရရဲ့ ယူဆချက်တို့မှာ လွဲမှားနေကြောင်း
ဥပါလိ ကောင်းကောင်း သဘောပေါက်သွားတယ်။
ဗုဒ္ဓဘုရားရှင်ကိုလည်း အကြွင်းမဲ့ သက်ဝင်ယုံကြည်သွားတယ်။
ယုံကြည်သူတို့ ပြုလုပ်လေ့ရှိတဲ့အတိုင်း သူ့ကို
တပည့်ဥပသကာတစ်ဦးအဖြစ်ဖြင့်
သွတ်သွင်းချီးမြှင့်ရန် ဘုရားရှင်ကို လျှောက်ပါတယ်။
တပည့်ရင်းအဖြစ်ဖြင့် သတ်မှတ်ပေးရန် တောင်းဆိုလာပါတယ်။

ဒါကို ဗုဒ္ဓဘုရားရှင်က
သေသေချာချာ  ပြန်လည်စဉ်းစားရန်နဲ့
“အသင်ကဲ့သို့ ထင်ရှား၍ လူသိများသောပုဂ္ဂိုလ်အတွက်
သေချာစွာစဉ်းစားရန်ကောင်းကြောင်း၊ အလျင်စလို မပြုလုပ်သင့်ကြောင်း”
ပြောပြပါတယ်။

ဥပါလိက ဘုရားရှင်ကို ထပ်တလဲလဲ ပန်ကြားတော့
“ကဲ၊ ဒီလိုဆို ဟုတ်ပါဘီ။ ဒကာတော့်ကို တပည့်ဒကာအရင်း
ဥပသကာအရင်းလို သဘောထား သတ်မှတ်ပါ့မယ်၊
ဒါပေမဲ့ အရင်ကိုးကွယ်ခဲ့တဲ့ ဘာသာရေးဆရာဟောင်းများကိုတော့
အရင်ကလိုပဲ ထောက်ပံ့မြဲ ထောက်ပံ့ပါ၊ ရိုရိုသေသေဆက်ဆံပါ၊
ရိုသေသမှု ဝတ်ကြီးဝတ်ငယ်ပြုစုမြဲပြုစုပါ၊
အရင်ကိုးကွယ်ခဲ့တဲ့ ဘာသာရေးကျောင်းများကို သွားမြဲတိုင်းသွားပါ၊
လာမြဲတိုင်းလာပါ၊ ဝင်ပါ၊ ထွက်ပါ” လို့
ဘုရားရှင်က မေတ္တာရပ်ခံခဲ့ပါတယ်။

ဒီတကယ့်အဖြစ်အပျက်ထဲမှာ ဘုရားရှင်ရဲ့
တခြားဘာသာဝင်တွေအပေါ်ထားရှိတဲ့သဘောထားကို
ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရမှာဖြစ်ပါတယ်။

ဗုဒ္ဓဘုရားရှင်ရဲ့ ဒီလိုသဘောထားကြီးမှု၊ စာနာမှုတို့ကို စံနမူနာယူပြီး
အသောကမင်းကြီးက သူ့နိုင်ငံမှာ မှီတင်းနေထိုင်နေတဲ့
လူမျိုးအသီးသီး ဘာသာအသီးသီးကို တန်းတူထားခဲ့ပါတယ်။
လေးစားသမှုပြုခဲ့ပါတယ်။ ချီးမြှင့်ထောက်ပံ့ပေးခဲ့ပါတယ်။

အသောကမင်းကြီးရဲ့ စိတ်နေစိတ်ထား ရင်တွင်းသဘောထားတွေကို
ဒီကနေ့အထိ ဖတ်လို့ရနေတဲ့ အသောကမင်းကြီးရေးထိုး ကြေငြာခဲ့တဲ့
ကျောက်စာတွေထဲမှာ တွေ့ရပါတယ်။

သူရေးထိုးကြေငြာခဲ့တာက

“မိမိကိုးကွယ်သည့်ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍
အခြားဘာသာကို ဖိနှိပ်ရှုတ်ချခြင်းကို မပြုလုပ်ရုံသာ မဟုတ်သေး။
ဤအကြောင်း ထိုအကြောင်းများကြောင့် အခြားဘာသာဝါဒများကို
လေးစားချီးမြှင့်ကြရပေမည်။
ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် မိမိဘာသာကို ကြီးပွါးတိုးတက်စေပြီးလျှင်
အခြားဘာသာတို့အားလည်း ကူညီထောက်ပံ့လေသည်။
ဤကဲ့သို့ မလုပ်မူ  မိမိဘာသာ၏ သင်္ချိုင်းကို မိမိတူးရာရောက်၍
အခြားဘာသာများကိုလည်း အန္တရာယ်ပြုရာ ရောက်ပေမည်။
မိမိကိုးကွယ်သည့်ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍
အခြားဘာသာများကို ဖိနှိပ်ရှုတ်ချသူများသည်
မိမိဘာသာကို ကြည်ညိုစိတ်ဖြင့်
“ငါ့ဘာသာဂုဏ်သိန်ထွန်းတောက်စေမည်” ဟု တွေးတောယူဆပြီး
ပြုလုပ်ကြခြင်းအမှန်ဖြစ်ပေသည်။
သို့ရာတွင် ဤကဲ့သို့ ပြုမူဆောက်ရွက်ခြင်းကြောင့်
၎င်း၏ဘာသာကို ပိုမိုလေးနက်စွာ အကျိုးယုတ်ပျက်ပြားစေပါသည်။
ထို့ကြောင့် သာယာညီညွတ်ခြင်းသည် မွန်မြတ်ပေသည်။
လူအပေါင်းတို့ မှတ်သားလိုက်နာကြလော့။
အခြားသူများ၏ဘာသာဝါဒများကို လေးစားကြားနာကြကုန်လော့။”
တဲ့။

8 comments

  • koyinmaung

    January 9, 2011 at 4:12 am

    ဗဟုသုတရပါတယ်ဘုရား ဆက်လက်ရေးတော်မူပါအုံးဘုရား။။

    • ashinindaka

      January 9, 2011 at 5:09 am

      ကျေးဇူးပဲ ဒကာကိုယဉ်မောင်ရေ။ ဆက်လက်ရေးသား ဖြန့်ဝေပေးပါ့မယ်

  • bigcat

    January 9, 2011 at 5:54 am

    ဥပါလိသူကြွယ်အကြောင်းကို ဆရာတော်များရေးတဲ့ စာတွေထဲမှာ မကြာခဏဖတ်ရပါသည်။ တပည့်တော် သိချင်တာ ဂျိန်းဘုရားမဟာဝီရသည် ဥပါလိသူကြွယ်ကို လက်လွတ်သွားပြီးနောက် သောကကြီးစွာဖြစ်ပြီး နှလုံးသွေးအန်သေသွားသည်လို့ ပြောကြပါသည်။ ဂျိန်းဘာသာမှာရော အဲဒီအဖြစ်အပျက်ကို ညွှန်းတာရှိပါသလား။ အယူဝါဒ ရှုံးသွားတယ်လို့မပြောတောင် သူတို့ဆရာကြီး သေဆုံးရပုံ၊ အကြောင်းအရင်း စတာမျိုးတွေ တွေ့ရပါသလား။
    တပည့်တော် ကျောင်းတက်တုန်းက အတန်းထဲက အိန္ဒိယကျောင်းသားတဦး ပုဂံဘုရားရပ်တော်မူပုံဆွဲပြား ဆွဲထားလို့ ဗုဒ္ဒဘာသာလားလို့မေးကြည့်တော့ ဂျိန်းဘာသာဝင်မှန်း သိရပါသည်။ သူတို့ဘုရားပုံကလည်း လူပုံဆိုတော့ ဗုဒ္ဓဘရားပုံနှင့် အတော်ဆင်တူပါသည်။

    • ashinindaka

      January 9, 2011 at 8:04 am

      ဟုတ်တယ်။ ဂျိန်းဘုရားရုပ်တုနဲ့ ဗုဒ္ဓဘာသာဘုရားရုပ်တုက ရုပ်တရက်ကြည့်ရင်တူတယ်။ သေချာကြည့်မှ ကွဲပြားတာ။ သင်္ကန်းမတူဘူး။ ဂျိန်းဘုရားပုံက Almost naked လို့ ပြောရမလားပဲ။ သေချာထပ်ကြည့်ပါအုံး။ အိန္ဒိယမှာ ဂျိန်းဘာသာဝင်တွေက သိရသလောက်တော့ သူဌေးတွေများတယ်။ ဗုဒ္ဓဘာသာဝင်တွေက ဆင်းရဲသားတွေများတယ်။ အခုခေတ် အိန္ဒိယမှာ တွေ့ခဲ့တာ ပြောတာနော်။

  • bigbird

    January 9, 2011 at 7:13 am

    လိုက်နာမှက်သားသွားပါသည်ဘုရား၊။

  • zaw min

    January 9, 2011 at 9:23 am

    တင်ပါ့ဘုရား..တပည့်တော်တို့အတွက်အသိတစ်ခုထပ်တိုးစေပါတယ်ဘုရား…အရှင်ဘုရားမိန့်ဆိုတော်မူသည့်အတိုင်း ဆရာတော်တစ်ပါးကလည်း သွန်သင်မိန့်ဆိုတော်မူဘူးပါတယ်ဘုရား…အဲဒါကတော့..တပည့်တော်တို့လို သူတစ်ပါးတိုင်းပြည်များတွင်နေထိုင်ကြသော ဗုဓ္ဒဘာသာဝင်တိုင်းဟာ မိမိတို့ပြောဆိုပြုမူ နေထိုင်မူအားလုံးတို့သည် တစ်ခြားသောဘာသာခြား၊လူမျိုးခြားတို့၏ အတုခိုးစရာမှတ်ယူစရာဖြစ်အောင် နေထိုင်ကျင့်ကြံရမယ်လို့ မိန့်တော်မူဘူးပါတယ်ဘုရား……တပည့်တော်တို့တွေကလည်း အာမဘန္ဒေပါဘုရားပေါ့…..အင်း…ဒါပေမယ့်လည်း ဒီအတိုင်းပါလဲဘုရား…

  • ဆူး

    January 9, 2011 at 1:55 pm

    သရက်ဖြူကုန်းနောက်ပိုင်း ရေထဲ ခုန်ချ သတ်သေတာ ဂျိမ်းခေါင်းဆောင်လား ဘယ်ဘာသာ ခေါင်းဆောင်လဲ

Leave a Reply