ပဲခူးမြို့၏ ရွှေမော်ဓောဘုရား စတည်နှစ်

manawphyulayJanuary 11, 20111min1043

ရွှေမော်ဓောဘုရားသည် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်၍ သင်တိုင်းစေတီခေါ် မကိုဋ်စေတီမျိုးဖြစ်သည်။ ပဲခူးမြို့၏ အရှေ့ပိုင်း ဟင်္သာကုန်းအစုတွင် အနောက်ဖက်ဆုံးကျသော ပဲကူး၊ သုဒဿန၊ မြင်းသီတ၊ မရင်သိန္န၊ မဓဝါ ဟူ၍ ခေတ်အလိုက် အမည်ပြောင်းခဲ့သော ကုန်းငယ်ပေါ်၌ ရွှေမော်ဓောစေတီတည်ရှိသည်။ ယခုအခါ၌မူ ထိုကုန်းကို ရွှေမော်ဓောကုန်းဟု အခေါ်များသည်။
ရွှေမော်ဓောစေတီ တည်သည့်နှစ်များနှင့် ဌာပနာသည့် ပစ္စည်းအကြောင်းကို အမျိုးမျိုးဆိုကြသည်။ အချို့က ဘုရား ပရိနိဗ္ဗာန် မစံမီကပင် တည်သည်ဟု လည်းကောင်း၊ အချို့က ဘုရား ပရိနိဗ္ဗာန်စံပြီးမှ တည်သည်ဟုလည်းကောင်း၊ အချို့က ဘုရားဆံတော်ကို ဌာပနာသည်ဟုလည်းကောင်း၊ အချို့က သွားတော်ကို ဌာပနာသည်ဟု လည်းကောင်း ရေးသားကြသည်။ သို့ရာတွင် ဘုရားဒါယိကာမ ဟံသာဝတီ ဘုရင်မ ရှင်စောပုနှင့် သားမက်တော် ဘုရားဒါယိကာ ဓမ္မစေတီမင်းတို့ ၈၂၄ ခုနှစ်တွင် ထိုးခဲ့သော မော်ဓောသမိုင်း ပါဠိကျောက်စာအရမူ သထုံမင်းစူဠ သိရိမာသောကသည် သာသနာနှစ် ၂၃ရ ခုလောက်တွင် ဘုရားရှင်၏ သွားတော်ဓာတ်ကို ဌာပနာကာ ရွှေမော်ဓော ဂန္ဓကုဋိတိုက်ကို ရှေးဦးစွာ တည်ကြောင်း ထင်ရှားသည်။ ထိုတိုက်စေတီကို မဓဝါစေတီဟု သမုတ်ပြီးသော် သာသနာနှစ် ၂၃၈ ခုနှစ်တွင် ရေစက်ချ လှူဒါန်းသည်။
ယင်းသို့ တည်ပြီးနောက် မော်ဓောစေတီသည် ငလျင် အကြိမ်ကြိမ် မိ၍ ပြိုကျရာ အကြိမ်ကြိမ် ပြန်တည်ခဲ့ရသည်။ ရှင်ေဥယျဓမ္မ၏ ရွှေမော်ဓောသမိုင်းနှင့် သထုံရာဇဝင်အဆိုအရ သာသနာနှစ် ၃၄၇၊ ၄၅၄၊ ၅၃၂၊ ၅၆၆၊ ၆၀၈၊ ၆၉၇၊ ၇၇၅၊ ၈၄၃၊ ၉၃၁၊ ၁၀၀၄၊ ၁၀၇၁၊ ၁၁၅၉၊ ၁၁၉၆၊ ၁၂၈၀၊ ၁၃၅၇၊ ၁၄၁၉၊ ၁၅၃၀၊ ၁၆၀၃၊ ၁၇၀၅၊ ၁၈၁၃၊ ၁၈၃၀၊ ၁၈၉၂ ခုနှစ်များတွင် ၂၂ ကြိမ်တိုင်တိုင် ငလျင်ကြောင့် မော်ဓောတိုက်စေတီ ပြိုလေရာ မင်းအဆက်ဆက်တို့ ပြန်လည်တင်ပေးရလေသည်။ သက္ကရာဇ် ၇၅၈ ခုနှစ်တွင် နောက် ၂၃ ကြိမ်မြောက် ပြိုပြန်လေသည်။
ရွှေမော်ဓော ဘုရားသည် ငလျင်လှုပ်သော မြေကြောပေါ်တွင် တည်ခဲ့ဩဖင့် ၃၂ ကြိမ်တိုင်တိုင် ပြိုပျက်ခဲ့သောကြောင့် မြန်မာ့လွတ်လပ်ရေးခေတ် ရွှေမော်ဓော ပြန်လည်တည်ဆောက်ရေးအဖွဲ့က ငလျင်ဒဏ်မခံနိုင်သော အုတ်ရိုးသတ်သတ်စေတီမျိုးကို မတည်ဘဲ သံရိုးခံကျောက်ကျစ်အင်္ဂတေနှင့် အုတ်ရိုးဖက်စပ်၍ တည်ခဲ့သည်။
ရွှေမော်ဓော ဘုရားပွဲတော်ကို နှစ်စဉ်တန်ခူးလတွင် ကျင်းပြုလုပ်ရာ အထူးပင် စည်းကားသည်။

ကျမ်းကိုး။    ။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁ စာမျက်နှာ ၄၅ဝ – ၄၅၅

3 comments

  • char too lan

    January 11, 2011 at 9:45 am

    ကျေးဇူးတင်ပါတယ် မနောရေ…..
    အစဖော်မေးမြန်းထားတဲ့ ဘပုကိုလဲကျေးဇူးပါ

  • paukpauk

    January 11, 2011 at 11:58 am

    အန်ကောဝပ်လို ဓါတ်ပုံလေးတွေပါ တွဲတင်နိုင်ရင် ပိုကောင်းမယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 11, 2011 at 1:30 pm

    house house house
    ဒီလို ကျေးဂျူးတိတတ်တဲ့ တူဒွေကို
    ရတနာ မြေပုံ ချီးမြှောက်မယ်ဗျာ

Leave a Reply