အချစ် နဲ့ ဘဝ

နွယ်ပင်January 14, 20111min924

အင်တာနက်ပေါ်က အချစ်နဲ့ဘဝကို ရှာဖွေပြီး နိုင်းနိုင်းစနေ ဘာသာပြန်သည်။

အချစ်

(၁) အချစ်အပေါင်းအချစ်က အရမ်းချစ်တာဖြစ်တယ်။
အချစ်အနုတ်အချစ်က အချစ်ရဲ့အစဖြစ်တယ်။
အချစ်အမြှောက်အချစ်က အဆုံးမရှိတဲ့အချစ်ဖြစ်တယ်။
အချစ်အစားအချစ်က အချစ်တစ်ခုတည်းဖြစ်တယ်။

(၂) တစ်ဖက်သတ် လွမ်းဆွတ်ခြင်းဆိုတာ သူ့ကို သင့်စိတ်ထဲထည့်ထားပေမယ့် သင့်ကို သူ့စိတ်အပြင်ဘက် ထားထားလို့ဖြစ်တယ်။

(၃) သူ့စကားကို တစ်ဝက်ပဲယုံတာကို လိမ္မာပါးနပ်တယ်လို့ခေါ်တယ်။
ဘယ်တစ်ဝက်ကို ယုံရမလဲလို့ သိတာကို ထက်မြက်တယ်လို့ခေါ်တယ်။

(၄) အချစ်ကို ရေလိုက်ငါးလိုက်ဖြစ်ချင်တာ ဇနီးမောင်နှံနှစ်ဦးရဲ့ အတောင့်တဆုံးဆန္ဒပါ။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကို ရေလိုသဘောထားပြီး တစ်ဘက်သားကို ငါးလို့သဘောထားတဲ့အမှားမျိုးကို သူတို့အလွယ်တကူ ကျူးလွန်ကြတယ်။

(၅) အချစ်ကို နာကျင်တယ်လို့ ထင်ရတာဟာ တစ်ဘက်လူက သူ့နှလုံးသားကို သူပြန်ရုတ်သိမ်းသွားပေမယ့် ကိုယ်က ကိုယ့်နှလုံးသားကို ပြန်မရုတ်သိမ်းနိုင်သေးလို့ဖြစ်တယ်။

ဘဝ

(၁) ပါးစပ်နည်းနည်း ချိုပါ၊ ဦးနှောက်နည်းနည်း ရှင်ပါ။ လှုပ်ရှားမှု နည်းနည်းမြန်ပါ။ အကျိုးနည်းနည်းမြင့်ပါ။ စကားပြော နည်းနည်းညင်သာပါ။ အပြုံးများများပြုံးပါ။ အလုပ်ပိုလုပ်ပါ။ ဒါဟာ အောင်မြင်သူတွေ အောင်မြင်ရတဲ့နည်းဖြစ်တယ်။

(၂) ပျော်ရွှင်ခြင်းတံခါးတစ်ချပ် ပိတ်သွားချိန်မှာ နောက်ထပ် ပျော်ရွှင်ခြင်းတံခါးတစ်ချပ်က ထပ်ဖွင့်လာတတ်ပါတယ်။ လူတွေက ပိတ်သွားတဲ့တံခါးအတွက် ဝမ်းနည်းနေပြီး ဖွင့်လာတဲ့တံခါးကို အလွယ်တကူ လျစ်လျူရှူမိတတ်ကြတယ်။

(၃) အောင်မြင်ဖို့ သူငယ်ချင်းလိုပါတယ်။ အရမ်းအောင်မြင်ဖို့ ရန်သူလိုပါတယ်။ တကယ့်တကယ်အောင်မြင်ဖို့ကတော့ သင့်ကိုယ်သင် အရင်အောင်နိုင်ရပါမယ်။

(၄) ဘာတွေကို ကိုယ်လုပ်နိုင်သလဲလို့ သိတာဟာ သင်တဖြေးဖြေး ကြီးပြင်းလာခြင်းပါ။
ဘာတွေကို ကိုယ်မလုပ်နိုင်သလဲလို့ သိတာဟာ သင်တဖြေးဖြေး ရင့်ကျက်လာခြင်းပါ။

(၅) ဘာမျှော်လင့်ချက် ကိုယ်ကျိုးမှ မကြည့်ဘဲ အလုပ်ကိုကြိုးစားလုပ်ပါ။
တစ်ခါမှ မနာကျင်ခဲ့ဖူးသလို လူတစ်ယောက်ကို စိတ်ရင်းမှန်နဲ့ချစ်ပါ။
ဘယ်သူ့မှမကြည့်နေဘူးလို့ သဘောထားပြီး စိတ်လွတ်ကိုယ်လွတ် ကပါ။
ဒါတွေဟာ သင့်ကို ပျော်ရွှင်မှုတွေ မုချပေးနိုင်ပါတယ်။

(၆) အိတ်ကပ်ထဲ ပိုက်ဆံမရှိဘူး၊ ဘဏ်ထဲမှာလည်း ပိုက်ဆံမရှိဘူး။ ဒါပေမယ့် စိတ်ထဲ ပိုက်ဆံအပြည့်ထည့်ထားသူတွေဟာ ပင်ပန်းသူတွေဖြစ်တယ်။

အိတ်ကပ်ထဲမှာ ပိုက်ဆံရှိတယ်။ ဘဏ်ထဲမှာလည်း ပိုက်ဆံရှိတယ်။ ဒါပေမယ့် စိတ်ထဲမှာ ပိုက်ဆံတွေကို ထည့်မထားသူတွေဟာ ပျော်ရွှင်သူတွေဖြစ်တယ်။

(၇) ရှင်သန်ခြင်းဟာ အရာအားလုံးဖြစ်တယ်။ ရှင်သန်တာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ ရှင်သန်ခြင်းထဲမှာ ခါးသီးခြင်းတွေရှိတယ်။ ခါးသီးခြင်းထဲမှာလည်း ပျော်ရွှင်ခြင်းတွေရှိတယ်။ သစ်ရွက်လေးတစ်ရွက်လို ဖူးတံငုံတယ်၊ ရွက်နုဝေတယ်၊ သဏ္ဌာန်ဖော်တယ်၊ စိမ်းလန်းလိုက်တယ်။ ကြွေတဲ့အချိန်မှာ လှလှပပကြွေတယ်။ ကြွေသွားတဲ့ အကြွေရာလေးမှာ နောက်တစ်ရွက်တစ်ရွက်ကို ပေါက်စေပြန်တယ်။

(၈) ဘဝဆိုတာ ရှာဖွေတွေ့ရှိတဲ့ဖြစ်စဉ် မဟုတ်ဘူး။ ဘဝဆိုတာ ဖန်တီးတဲ့ဖြစ်စဉ်ဖြစ်တယ်။ သင့်ကိုယ်သင် ရှာဖွေနေတာ မဟုတ်ဘူး။ သင့်ကိုယ်သင် ဖန်တီးနေတာဖြစ်တယ်။ ဒါကြောင့် သင်ဟာ ဘယ်သူဘယ်ဝါဆိုတာကို ရှာဖွေတွေ့ရှိနိုင်ဖို့ မလောပါနဲ့။ သင် ဘယ်သူဘယ်ဝါဖြစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချဖို့ပဲ အရင်ကြိုးစားပါ။

4 comments

  • manawphyulay

    January 14, 2011 at 3:07 am

    သူလည်း အွန်လိုင်းမှာ နာမည်ရတော့ စာအုပ်လောက ဝင်တိုးကြည့်တာ သိပ်အဆင်မပြေဘူးနဲ့တူတယ်။

  • yuyu

    January 14, 2011 at 5:37 am

    စာသားလေးတွေအရမ်းသဘောကျတယ်

  • naywoonni

    January 14, 2011 at 9:23 am

    မနော ပြောတာသဘောကျတယ်။ ဘာမှန်းမသိရင်တော့ ယုပြောသလိုသဘောကျလောက်ပါရဲ့ ။စာသားလေးတွေက ဒါပေမဲ့ အွန်လိုင်းပေါ်မှာနာမယ်ရတာနဲ့ စာအုပ်လောက ကဘာမှမဆိုင်ဘူးဗျ မနောရ။ အွန်လိုင်းက လူငယ်တွေပဲ ဖတ်တာ 30ကျော်လောက်ဆိုရင် အွန်လိုင်းပေါ်မှာ နဲသွားပြီဗျ ။ စာအုပ်လောက ကျတော့ အရွယ်စုံတယ်။ ပြိးတော့ သူ့လိုင်းနဲ့သူ အွန်လိုင်းပေါ်က လူငယ်တွေက အပြင်မှာစာအုပ်ဖတ်တာရှားတယ်။ ဒီတော့ အွန်လိုင်းပေါ်မှာ နာမယ်ရတာနဲ့ စာအုပ်လောက ထဲမှာ အဆင်ပြေလိမ့်မယ်လို့ တစ်ထစ်ချ တွက်ထားလို့ မရပါဘူး

  • စာအုပ်လောက က ရှုပ်ထွေးပါတယ်။ ရတဲ့ငွေကလည်း မစို့မပို့။ စာသမားဆိုရင် နဂိုစိတ်အခံနဲ့ကို အထင်သေးပြီး ထုတ်ဝေသူအပေါင်းက တွန့်တိုတတ်ပါတယ်။ ငွေအင်အားသိပ်ကောင်းရင်တော့ စာအုပ်လောကထဲဝင်ပေါ့ဗျာ။ မဟုတ်ရင်တော့ စာအုပ်ရောင်းမလားလို့ အရင်အမေးခံရလိမ့်မယ်။ စာရေးနေတဲ့ အချိန်မှာ တခြားစီးပွားရေးတွေ ဘေးချိတ်ထားလိုက်ရတယ်။ အဲဒီအတွက် ဆုံးရှုံးမှုကို စာအုပ်က ပြန်မပေးဘူး။ အမြတ်မပြောနဲ့ အရင်းတောင်မကျေဘူးလို့ ဆိုလိုတာပါ။
    ကုန်ကုန်ပြောရင် စာရေးတုန်း သောက်တဲ့လက်ဖက်ရည်ဘိုးတောင် မကျေဘူး။

Leave a Reply