ကြက်သွန်နီဈေးတက်နေ

လင်းဝေJanuary 12, 20111min11810

မြန်မာဟင်းချက်ရင် မပါမဖြစ်၊ မုန်းဟင်းခါးချက်ရင် များများပါရတဲ့ ကြက်သွန်နီ ဈေးအတက်ကြမ်းနေပါတယ်။

ပြီးခဲ့တဲ့လက တစ်ပိဿာ ၆၀ဝ လောက်သာရှိတဲ့ ကြက်သွန်နီဟာ အခုလဆန်းကစလို့ ဒိုင်ဈေး ၁၄၀ဝကနေပြီး ပြီးခဲ့တဲ့အပတ်မှာ ဒိုင်ဈေး ၁၆၀ဝ နဲ့ ၁၈၀ဝအထိဖြစ်လာပါပြီ။ လက်လီဈေးကွက်မှာတော့ တစ်ပိဿာကို ၂၅၀ဝကျပ်အထိရောင်းနေကြပါပြီ။ အရင်နှစ်က တစ်ပိဿာ ၃၀ဝပဲဈေးရလို့ ကားခနဲ့ အလုပ်သမားခတောင်မကာမိလို့ ကြက်သွန်နီကို တူးပြီး သွန်ပစ်ခဲ့ရတဲ့အတွက် ဒီနှစ်မှာ အစိုက်နည်းပါတယ်။ အစိုက်နည်းတော့ အထွက်နည်းပါတယ်။ မြန်မာပြည်တွင်းမှာ အထွက်နည်းရတဲ့အထဲမှာ အိန္ဒိယမှာလည်း ကြက်သွန်နီပြတ်လို့ ဒီနားတဝိုက်မှာ ကြက်သွန်ရှားနေတော့ ဈေးတွေက မိုးထိုးထောင်တက်ကုန်ပါပြီ။ ပုံမှန်ဆိုရင် ဇန်နဝါရီလဆို ကြက်သွန်အဝင်များလို့ဈေးဆင်းရင်ဆင်း မဆင်းတောင်မှ ဈေးငြိမ်ရမှာကို အခုတော့ ဈေးက ထိုးတက်နေပါပြီ။

အခုလောလောဆယ် ကြက်သွန်ခင်းတွေကို မြေပေါ်ဈေးတောင် တစ်ပိဿာ ၁၈၀၀၊ ၂၀၀ဝ ထိ ပေးဝယ်နေတယ်လို့ ကြားရပါတယ်။ ကြက်သွန်ဈေး ဘယ်လောက်ထိတက်မယ်ဆိုတာ ပြောဖို့မှန်းဖို့ခက်နေပါတယ်။ ဒီလိုဖြစ်ရတာ အဓိကကတော့ ပြီးခဲ့တဲ့နှစ်က ဈေးမကောင်းလို့ ဒီနှစ်အစိုက်နည်းတာကြောင့်လို့ ပြောကြပါတယ်။

ဒါဟာ ကြက်သွန်နဲ့ ပတ်သက်လို့ မူဝါဒ မမှန်တာ၊ အပြောင်းအလဲများတာကြောင့် အခုလို ဖြစ်ရတာပါ။ ကြက်သွန်ကို ပုံမှန် တင်ပို့ခွင့်ပြုတာမျိုးမရှိပဲ ပို့ခွင့်ပြုလိုက် ပိတ်လိုက်နဲ့ဆိုတော့ တောင်သူတွေအတွက်လည်း စိုက်ရမလား မစိုက်ရမလားဆိုတာ တွက်ချက်ရခက်ပါတယ်။ တကယ်တော့ အမြဲတမ်း တည်ငြိမ်တဲ့မူဝါဒ ရှိမှသာ ကြက်သွန်စိုက်တောင်သူများအတွက် ဆွဲဆောင်မှုရှိမှာဖြစ်ပြီး အထွက်နှုန်းလည်းတည်ငြိမ်မှာ ဖြစ်ပါတယ်။ အခုတော့ incentive လို့ခေါ်တဲ့ အရာက ကြက်သွန်နီစိုက်တောင်သူတွေအတွက် ပျောက်ဆုံးနေတော့ ဒီလို အထွက်နည်းလာတာဖြစ်ပါတယ်။ ကြက်သွန်ကို ဘာဖြစ်လို့ ပိတ်သလဲဆိုတဲ့ မူဝါဒက တကယ်တမ်းစဉ်းစားကြည့်ရင် လူမွဲအတွေးအခေါ်တော်တော်ဆန်ပါတယ်။ ပြည်တွင်းဈေးသက်သာစေချင်လို့ဆိုတာက ဒီနေ့ခေတ်ကြီးမှာ ကမာ္ဘနဲ့ ပတ်သက်စက်ယှက်နေလို့မရတဲ့အချိန် သူများပေးသလို ဈေးလိုက်မပေးနိုင်ပဲ လူမွဲဆန်ဆန်အောက်ဈေးနဲ့ စားဖို့လောက်သာ စဉ်းစားတဲ့ အတွေးကနေလာတာပါ။ ကုန်သွယ်မှုလုပ်ရင် Purchasing Power Parity ဆိုတာ ရှိပါတယ်။ တရုပ်မှာပေးတဲ့ ပန်းသီးတစ်လုံးဈေးကို မြန်မာမှာလည်းပေးရမှာပါ။ အဲသလိုပဲ မြန်မာပြည်က ဖရဲသီးတစ်လုံးဈေးနဲ့ တရုပ်ပြည်က ဖရဲသီးတစ်လုံးဈေးလည်း ကွာမှာ မဟုတ်ပါဘူး။ ကုန်သွယ်မှုကို ပိတ်ထားရင်တော့ ဈေးကွာနေမှာပေါ့။ ကုန်သွယ်မှုကို ပိတ်ဖို့ဆိုတာ ပြဿနာတွေအများကြီးရှိပါတယ်။ ကုန်သွယ်မှုကို ပိတ်ရင် ဒီပစ္စည်းကိုတော့ ဈေးသက်သာစွာ စားရပေမယ့် ကုန်သွယ်မှုကနေ ငွေမဝင်လာလို့ သူများထက် ဝင်ငွေနည်းတာမျိုးလည်းဖြစ်လာတာပါပဲ။ သူများနဲ့ ဝင်ငွေတူအောင် လုပ်ပြီး၊ မတူတာတောင် ဝင်ငွေရှိအောင်လုပ်ပြီး သူများပေးတဲ့ဈေးနဲ့ လိုက်ပေးနိုင်စားနိုင်အောင်လုပ်ကြရမှာက ယနေ့ နိုင်ငံများရဲ့ကုန်သွယ်မှု မူဝါဒ ဖြစ်ပါတယ်။ အရင်လို သူတောင်းစားတွေးနဲ့ ဈေးသက်သာအောင်လုပ်ချင်လို့မရပါဘူး။ နိုင်ငံတစ်ခုရဲ့လိုအပ်ချက် က တစ်မျိုးတစ်မည်တည်းမဟုတ်တာကြောင့် ပိတ်ထားဖို့မလွယ်ပါဘူး။ အခုဆိုရင် မြန်မာပြည်သူတွေဟာ စားသုံးဆီဈေးနှုန်းကို မလေးရှားက လူတွေထက် ဈေးကြီးပေးပြီး စားနိုင်တယ်။(မစားမဖြစ် စားနေရတာကိုး ၊ မြန်မာပြည်ကလည်း ကိုယ့်ဖာသာကိုယ် ဆီသွင်းတာကို ပိတ်ထားတာကိုး )။ အဲသလိုပဲ အခြားသော ကုန်ပစ္စည်းများစွာကိုလည်း ထိုင်းက ပြည်သူတွေထက် ပိုပြီး ဈေးကြီးပေး စားနိုင်ပါတယ်။ ဒီလို အခြေအနေမှာ ကြက်သွန်ပိတ်လိုက် ဆန်ပိတ်လိုက်နဲ့ ပြည်တွင်းဈေးတက်မှာ ကို ရေတိုမှာ ကြောက်နေတဲ့အတွက် ကမောက်ကမတွေက ရေတိုမှာ ပဲ ချက်ချင်းပြန်ဖြစ်လာပါတော့တယ်။

တည်ငြိမ်တဲ့ ကုန်သွယ်မှု မူဝါဒကသာ တည်ငြိမ်တဲ့ ကုန်ပစ္စည်း အထွက်နှုန်းနဲ့ ဈေးကွက်တည်ငြိမ်မှုကိုဖြစ်စေတာဖြစ်ကြောင်း ကြက်သွန်နီ ဇာတ်လမ်းကို ဥပမာထား ပြောလိုက်ပါရစေ။

10 comments

  • Angelic Pricess

    January 12, 2011 at 9:38 am

    ဟုတ်ပ ဟုတ်ပ
    ဟင်းထဲတောင် ကြက်သွန်များများ မထည့်ရဲ့တဲ့ ဘဝ
    ဒါတွေကို မသိဘူးထင်တယ် အထက်တစ်ရာတွေက
    စိတ်ပျက်ပ

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 12, 2011 at 1:22 pm

    လွန်ခဲ့တဲ့အချိန်တွေက ဈေးတွေ အရမ်းကျလွန်းလို ့ချောင်းထဲကိုတောင်သွန်ပြစ်ရတယ်လို ့
    သတင်းတွေမှာ သိရတယ်
    ဒါကဒီလိုရှိပြန်ရောဗျ
    ကျုပ်တို ့ယူအက်မှာဆို တစ်ကယ်စိုက်ပျိုးတဲ့တောင်သူတွေတွက် ခိုင်လုံတဲ့
    ကူညီပံ့ပိုးမှုတွေရှိရတယ်လေ
    ဒီနေရာမှာ အကြမ်းဖျင်းပြောနိုင်တာက အဝယ်ဒိုင်ပွဲစားတွေဘဲ
    သူတို ့က ဘယ်ဈေးဖြစ်ဖြစ် အရှုံးရှိဘို ့ခဲယဉ်းတယ်လေ
    ဆိုလိုတာက ဝယ်ဈေးနဲ ့ရောင်းဈေးကို တွက်ထားပြီးသားဘဲ
    ပြဿနာက တောင်သူတွေ
    အငယ်ခံ အထွေထွေစရိတ်တွေအတွက် အနည်းဆုံး အရင်းပြန်ရဘို ့ဘဲလေ
    ဒီလို ဈေးကျလို ့ကတော့ ယူအက်မှာဆိုရင်
    မီဒီယာတွေကနေ တိုင်းပြည်ကို ကြေငြာပေးမယ် ပွဲစားဝယ်လက်တွေကို ဖိအားပေးမယ်
    ပြည်သူတွေကိုယ်တိုင်က မိသားစုတိုင်း ကြက်သွန်ကို ဝယ်ယူဘို ့အသိပေးမယ်
    တစ်အိမ် တစ်ကေဂျီဘဲဝယ်ဗျာ သန်းနဲ ့ချီတဲ့မိသားစုတွေက ဝယ်လိုအားကို ဖြည့်ပေးလိုက်တယ်
    ခင်ဗျားတို ့ဗမာပြည်စကားနဲ ့ပြောရင် ဝိုင်းပြီးရှယ် လုပ်ပေးလိုက်တာပေါ့ဗျာ
    ယူအက်စ်မှာပြောပါတယ်
    ဟုတ်တယ်ဟုတ် တဂျီး ??

    • weiwei

      January 13, 2011 at 8:47 am

      ကိုအောင်ပုကို သဂျီးက စာတော်ပြန်ရာထူး တိုးထားပေးပုံရတယ် …

  • လင်းဝေကျော်

    January 13, 2011 at 8:15 am

    တဂျီးကို နောက်တာလွန်လာရင် ထိပ်တုံးခတ်ခံရမယ်နော…

  • weiwei

    January 13, 2011 at 8:45 am

    ဒီလိုသတင်းတွေကို စိတ်ဝင်စားတယ် … တခြားကုန်ပစ္စည်းဈေးနှုန်းအခြေအနေတွေလဲ သိရင်တင်ပေးပါအုန်း …

  • kai

    January 13, 2011 at 10:06 am

    မြန်မာပြည်မှာက …ကြက်သွန်နီက ပိစိညှောက်တောက်ဆိုတော့ … တအိမ်ကို အလုံးတော်တော်များများ စားကြရတယ်..။
    တကယ်တော့ အဲဒီအမျိုးက .. ဈေးပိုကြီးတယ်..။
    တိုးတက်ပြီးနိုင်ငံတွေတော့ ..ကြက်သွန်ဆိုတာ .. တလုံးတလုံး… ကလေးလက်သီးဆုပ်လောက်အသာလေးပဲ..။
    ဆိုတော့..
    တအိမ်မှာ.. တရက် တလုံးဆို ..တော်တော်များနေပြီ..။
    မြန်မာပြည်မျာ..အဲဒီမျိုးကို များများဖြန် ့ပေးပြီး စိုက်ကြဖို့ကောင်းတယ်..။

    ယူအက်စ်မှာ .. ကြက်သွန်နီ ဥကြီးဈေးက .. ပေါင်၅ဝကို ၁၃.၄၃ ဒေါ်လာတဲ့..
    http://www.costco.com/Browse/Product.aspx?Prodid=11385280&search=onion&Mo=25&cm_re=1_en-_-Top_Left_Nav-_-Top_search&lang=en-US&Nr=P_CatalogName:BD_564&Sp=S&N=5000097&whse=BD_564&Dx=mode+matchallpartial&Ntk=Text_Search&Dr=P_CatalogName:BD_564&Ne=4000000&D=onion&Ntt=onion&No=25&Ntx=mode+matchallpartial&Nty=1&topnav=bdoff&s=1
    တပိဿာ = ၃.၆ပေါင်ဆိုတော့..။ အဲဒီဈေးနဲ့ဆို … တပိဿာမှ ..၁ဒေါ်လာကျော်ရုံလေးပဲကျတယ်..။

  • လင်းဝေကျော်

    January 13, 2011 at 10:43 am

    ကြည့်လေ မြန်မာပြည်မှာ ကြက်သွန်ကို အမေရိကထက်ဈေးပိုပေးစားနေရတယ်။
    ကြက်သွန်ဥ အကြီးကြီးတွေက ဒီအနီးအနား တရုပ်ပြည်ကစလို့ မလေး၊စကာင်္ပူ အထိ စသုံးနေကြပြီ။ ဒါပေမယ့် မွေးမြူရေးကြက်တောင် မကြိုက်တဲ့မြန်မာတွေက အဲဒီအရသာနဲ့ ဆီသတ်နံ့ကို မကြိုက်ကြပါ။

  • naywoonni

    January 13, 2011 at 3:16 pm

    ဈေးကိုသာပြောနေကြ စိုက်ရတဲ့တောင်သူတွေကြ ရေလောင်းရ ပိုးသတ်ရ မြေဩဇာထည့်ရ ဘာညာသာရကာက ရှိသေး ဈေးမကောင်းရင် သွန်ပစ်ရနဲ့ စိတ်ကုန်ပါတယ် ဘာမှမစိုက်တော့ဝူး နောက်နှစ် ပဲတီစိမ်း စိုက်မယ်

  • kopauk mandalay

    January 13, 2011 at 4:20 pm

    တော်ပြီဗျာ ဘာမှမစိုက်ဘူး လှောင်လဲမလှောင်ဘူး။
    ငွေတိုးဘဲပေးစားတော့မယ်။
    ပြန်မဆပ်လို့ ဆုံးကာမှ ဆုံးရော ။
    လာခဲ့စမ်း။
    အိမ်ကိုဘဏ်မှာပေါင်
    ရလာတဲ့ငွေကိုအတိုးချ။
    ဘယ်လောက်သက်သာလဲ့နော်
    တိန် တိန့် တိန် ………………ဒိန်

  • လင်းဝေကျော်

    January 14, 2011 at 3:50 am

    ဈေးတွေတက်ရတာ တောင်သူ၊ ကုန်သည် ကို အပြစ်ဖို့နေတာမဟုတ်ပါဘူး။

Leave a Reply