“မခေါ်ပဲလာသည့် ဧည့်သည် မလှမ်းပဲလျှောက်ရမည့်လမ်း“

“မခေါ်ပဲလာသည့် ဧည့်သည် မလှမ်းပဲလျှောက်ရမည့်လမ်း“

(၁)

“မောင်မောင် ဆုံးပြီ“

ရုတ်တရက်ကြားလိုက်ရသော စကားကြောင့် သူ့နားပင် သူမယုံနိုင်လောက်အောင်ဖြစ်သွားရသည်။ လွန်ခဲ့သော သုံးရက်ခန့်ကပင် သူ့ကို မောင်မောင်က နုတ်ဆက်စကားဆိုခဲ့သည်ကို အမှတ်ရလိုက်သည်။ အဲသည်တုန်းကကို မောင်မောင်က ထူထူထောင်ထောင်နှင့် စကားတွေ ရယ်သွမ်း ဟာသဖောက်ခဲ့သေးသည်။ ခုတော့ ဆုံးပြီဟု သူသိလိုက်ရသည်။

“ ဘာဖြစ်လို့လဲ တကယ်ပဲပြောနေတာလား ဟိုနေ့က သူ့ကိုတွေ့တော့တောင် အကောင်းကြီးဟာ“

“ ပြောရင် မင်းယုံမှာတောင်မဟုတ်ဘူး ငါလည်း မနေ့ကမှသိရတာ မင်းကိုလာပြောမလို့ပဲ ငါလည်း ကိစ္စတွေရှုပ်နေတာနဲ့ ခုမှရောက်တာ ဒီနေ့ သဂြိုဟ်မှာတဲ့ မင်းလိုက်မှာမလား“ ဟု အောင်ခန့်ကပြောလာတော့ သူမနေနိုင်တော့ပြီ။

“ ဟ လိုက်ရမှာပေါ့ မောင်မောင်ဆိုတာ တစ်ခြားသူမှမဟုတ်တာ ငါ ရင်းရင်းနှီးနှီးကို သိတာ စိတ်မကောင်းလိုက်တာ ခဏလေး ငါအဝတ်လှဲလိုက်ဦးမယ်“

“ အေးအေး မြန်မြန်လုပ် တော်ကြာ ကားမမှီပဲရှိနေမယ်“ ဟု အောင်ခန့်က လောတာကြောင့် သူလည်း အဝတ်ကို မြန်မြန် ဆန်ဆန်လှဲလိုက်ရသည်။

ဖြစ်ပျက်ပြောင်းလည်းမှုများသည် မြန်ဆန်လွန်းလှသည် ဟု သူတွေးမိပါသည်။ ကြည့်လိုက်ရင် အကောင်းပကတိကြီးကနေ ရုတ်တရက် တိမ်းပါးသွားလိုက်ပုံများ ။ သေခြင်းတရားကို သူမျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့်နှယ်။ အရွယ် ငယ်ငယ် ကြီးကြီး ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ သေခြင်းတရားက ရောက်ရောက်လာတတ်သည်။ မောင်မောင်သည် ဖော်ရွေပျူဌာစွာ လူတိုင်းကို ဆက်ဆံတတ်သည်။ ပျော်တတ်သည်။ ရွှင်တတ်သည်။ လူချစ်လူခင်ပေါများသည်။ တစ်ခုပဲပြောစရာရှိသည်။ အရွယ် ငယ်ငယ်နှင့် အရက်ကို စွဲမြဲစွာသောက်တတ်ခြင်းပင်။ ခုလည်း သူ့အား တမလွန်သို့ အရက်က တနည်းတဖုံ ခေါ်ဆောင်သွားလေသည်လား။ သူမတွေးတတ်တော့။

မခေါ်ဆောင်ပဲလာသည့် ဧည့်သည်သည် သေမင်းပင်ဖြစ်လိမ့်မည်။ ခေါ်ခေါ် မခေါ်ခေါ် သူကတော့ လာမည်။ ခု မောင်မောင်ကို ခေါ်သွားပြီ။ မောင်မောင့် အသက်က ရှိလှ နှစ်ဆယ့်ငါ်းနှစ်။ သူ့ထက်ပင် နှစ်နှစ်ငယ်သေးသည်။ စိတ်ထဲ၌ ဖြစ်တည်နေသော ဝေဒနာသည် စောစောစီးစီး ကြွေလွင့်သွားသည်ကို နှမြောတသသဖြစ်နေသည်လား ဝေခွဲမရ။ “ငါတို့တော့ ကျန်းမာရေးကောင်းနေတာပဲ မသေနိုင်သေးပါဘူး“ဟု မောင်မောင် ပြောခဲ့ဖူးသည်။ “လူ့ဘဝတွင် ပျော်ပျော်နေသေခဲ“ ဟု ကြုံးဝါးခဲ့ဖူးသည်။ ပျော်ပျော်နေတတ်တိုင်း သေခဲ သတဲ့လား မောင်မောင်ရာဟု သူ့ စိတ်ထဲပြောနေမိသည်။

နေရသည့် လူ့ဘဝ တိုတိုလေးတွင် မိမိသက်တမ်း ဘယ်လောက်ရှိသလဲလို့ ဘယ်သူများသိပါသလဲ။ မည်သူမျှ မသိနိုင်။ ရှင်သန်နေထိုင်ရာ လူ့ဘဝတွင် မသေခင် ငါတို့ ဘာလုပ်သင့်သလဲ?။ ငါတို့ ဘယ်လိုနည်းတွေနှင့် အသက်ရှည်အောင်နေမလဲ?။ သေပြီးနောက် ငါတို့နောက် ဘာတွေ သ.ယ်သွားရင်ကောင်းမလဲ?။ သူ့အတွေးထဲသို့ တန်းစီ ဝင်လာနေသည်။ သူ ရုတ်တရက် သေခြင်းတရားကို ကြောက်ရွံ့သွားသည်။ သူ့ မှ ကြောက်တာလား။ လူတိုင်းရော မကြောက်ကြဘူးလား။ ပုထုဇဉ်ပီပီ အနည်းနှင့် အများတော့ ကြောက်တတ်ကြလိမ့်မည်ဟု ထင်သည်။ ခုတော့ သူငယ်ချင်း အရင်းခေါက်ခေါက်ထဲမှ တစ်ယောက် တမလွန်သို့လျှောက်လှမ်းသွားပြီ။ သူတို့ရော နောက်မလိုက်ရတော့ဘူးတဲ့လား။ သေချာပေါက် တံခါးတစ်ခုကတော့ အချိန်တန်လျှင် သူတို့ ဖွင့်ဝင်ရလိမ့်မည်။ တံခါးကတော့ သေမင်းတမန် တံခါး။ မည်သို့ ဖွင့်ဝင်ရမည်ကို သူစဉ်းစားရလိမ့်မည်။

ရတုန်းရခိုက်ဘဝ မှာ ရှာထား၊ ဖွေထားသည်များကို သူသယ်သွားနိုင်မည်မဟုတ်။ လွန်ခဲ့သော နှစ်နှစ်ခန့်က သူလည်းသေခြင်းတရားကို လက်မတင်လေးရင်ဆိုင်ခဲ့ရဖူးသည်။ နေ့နေ့ညည စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်ဖြစ်ခဲ့ဖူးသည်။

ခု မောင်မောင် အကြောင်းကြားရလိုက်ရသည်တွင် ကြူံခဲ့ရသော ကြောက်လန့်ဖွယ် သေခြင်းတရားကို အမှတ်ရစေခဲ့ပြီ။ အဲဒီတုန်းက သူ မည်မျှကြောက်ရွံ့ခဲ့ရသည် ဟု မေးလာလျှင် ရုတ်တရက် မနေ့တနေ့က ဖြစ်ပျက်နေသလိုမျိုးပြန်ပြောပြနိုင်လိမ့်မည်။ဤသည်မရွေး ပြန်ပြောပြနိုင်လိမ့်မည်။

ထိုတုန်းက သူရုတ်တရက် သေခဲ့လျှင်ဟူသော အတွေးက ညစဉ် ကြီးစိုးမင်းမူပြီး သူ့စိတ်ကို နှိပ်စက်နေသည်မှာ သည်းသည်းမည်းမည်းပင်။ ငါငယ်သေးပါလားဆိုသည့်အတွေး၏ နောက်တွင် ငါလည်းသေနိုင်ပါလားဆိုသည့်အတွေးက ထပ်ကျပ်မခွာလိုက်သည်။ အမေ့ကို တသည်။ အဖေ့ကို တသည်။ နောက်……..ဂေါတမမြတ်စွာဘုရား။ သူ့စိတ်ထဲတွေးမိသည်က ထိုသုံးပါးမှလွဲ၍မရှိတော့။ ငါဘာအပြစ်တွေ လုပ်ခဲ့သလဲ။ ငါဘာမကောင်းမှုတွေလုပ်ခဲ့သလဲ။ ငါ့အတ္တတွေ ဘယ်လောက်ကြီးခဲ့သလဲ။ ငါ ဘယ်သူ့ကို ကောင်းကျိုး ဘယ်လောက်ပြုခဲ့ ပြီးပြီလဲ။ ငါ ဘာကောင်းမှုတွေလုပ်ခဲ့ပြီးပြီလဲ။ မေးခွန်းပေါင်းများစွာ အစီအရီ ပေါ်ခဲ့ မေးခဲ့ဖူးသည်။ ဒါသည်ပင် သူမေ့နေသည်မှာ ကြာပြီ။

လူဆိုတာ ကိုယ့်စိုက်ခဲ့သည့် သစ်ပင် ကြီးရင် ကြီးသလို အရိပ်ပြန်ခိုတတ်ရမည်။ အပင်သေးရင်သေးသလောက်အရိပ်ရမည်။ အပင်ကြီးရင် ကြီးသလောက် အရိပ်ရမည်။ ငါကော ဘာအပင်တွေ စိုက်ခဲ့ပြီးပြီလဲ။ စိမ်းလမ်းစိုပြေနေသော သစ်ပင်တစ်ပင်လား။ ခြောက်သယောင်းနေသော သစ်ပင်ကိုလား။ ပြီးခဲ့သည့် တစ်နှစ်ပတ်လုံး ငွေနောက်လိုက် ဝမ်းစားရေးအတွက်လုံးပမ်းနေရ၍ သူ လောဘတွေ ကြီးနေခဲ့သည်။ ရသမျှ အိတ်ထဲထည့်ရင်း ငါချမ်းသာမှ ဆိုသည့် အတွေးက ခေါင်းထဲ၌ အမြဲရှိနေခဲ့သည်။ လွတ်လပ်သော လူပျိုတစ်ယောက်ဖြစ်နေခဲ့သော်လည်း သူ့လောဘကို အခြားသူငယ်ချင်းတွေမမှီ။ သူ့ အတ္တတွေ အရမ်းကြီးထွားနေပြီဟု သူငယ်ချင်းတွေက ထောက်ပြလာသည့်တိုင် သူ့အတ္တကို သူမလျှော့ခဲ့။ လှူရကောင်းမှန်းမသိ။ အရွယ် ငယ်သေးတာပဲဟု တွေးမိပြီး ဘာသာတရားဆိုတာလည်း မိရိုးဖလာ ကိုးကွယ်ယုံကြည်မှုမှလွဲ၍ အခြားမလိုက်စားဖြစ်။ ညအိပ်စဉ် ပုဆိန်ပေါက်ရှိခိုးပြီ နဖူးပေါ်လက်တင် စဉ်းစားမိသည်က အလုပ်အကြောင်းတွေကသာ များခဲ့သည်။ သူ့ စိတ်ကို သူ့ရုတ်တရက် ပြန်မြင်လိုက်ရသည့်နောက်တွင်တော့ ဒီဘက်နှစ်တွေမှာ သူ ဘာသာတရားနောက် အပြေးလိုက်နေရသည်။ ခု သူ့အသက် နှစ်ဆယ့်ငါးဝင်လာပြီ။ ငယ်လွန်းလှသေးသည်ဟု သူမတွေးမိတော့။ သူ့စိတ်တည်ငြိမ်စ ပြုလာချိန်မှာတော့ သေဆုံးခြင်းကို ဟောတစ်ယောက် ဟောတစ်ယောက် ရင်ဆိုင်သွားခဲ့ရပြီ။

“ မင်းဘာတွေတွေးနေတာလဲ လူဇော်“

“ ဪ ငါ ရုတ်တရက် စိတ်ထဲမှာ မောင်မောင် နဲ့ပတ်သတ်ပြီး ငါကြုံခဲ့ရတာတွေကိုတွေးနေမိတာပါ မင်းရော“

“ အင်း ငါကတော့ လူတိုင်းကြုံရမှာမို့ သိပ်ပြီးတော့ စိတ်ထဲမထားဘူးကွ အချိန်တန်ရင်တော့ ဒီလမ်း ကို မလွဲမသေလျှောက်ရမှာပဲလေ“

“ ဟုတ်တော့ ဟုတ်ပါတယ် ရုတ်တရက် သေသွားခဲ့ရင်ဆိုတဲ့ အတွေး မင်းမှာမရှိဘူးလား အောင်ခန့်“

“ အင်း ရှိပါတယ် ဒါပေမယ့် လူဆိုတာကလည်း သေခါမှသေရော မိုက်နေကြတာပဲလေ ငါလည်း အဲဒီ မိုက်တဲ့အထဲမှာပါတယ် လူဇော်“

“ မောင်မောင့်ကို ကြည့်ပြီးတော့ မင်း ဘာအတွေးရလဲ“

“ ဘာကိုဆိုလိုတာလဲ လူဇော်“

“ ဒီလိုကွာ မောင်မောင်က ငယ်သေးတယ်လေ ခုတော့ ဆုံးပြီ သူ့ဘဝမှာ သောက်စားပျော်ပါးနေခဲ့တာ မင်းလည်းသိ ငါလည်းသိတယ်လေ သူ သူ့အိမ်ကိုလည်း အကျိူးမပြုဘူး အများကိုလည်း အကျိုးမပြုဘူး နောက် ဘာကောင်းမှုမှလည်း သိပ်လုပ်တာမရှိဘူး သူသေသွားတယ် ခု ဘာပါသွားသလဲ“

အောင်ခန့် တည်ကြည်သွားသည်။ ဘာမှတော့ ပြန်မဖြေ။

“ငယ်သေးတယ်ဆိုပြီး ပေါ့ပေါ့နေလို့မရဘူးလို့ မင်းပြောလိုတာလား“

“ အဲဒီလိုပဲ ထားလိုက်ပါတော့ “

“ အနည်းနဲ့အများတော့ ကိုယ့်အတွက် ဒါမှမဟုတ် အများအတွက် တစ်ခုခုတော့ ကျန်ခဲ့ရင် ပိုမကောင်းဘူးလား“

“ မင်းပြောတာတော့ ဟုတ်ပါတယ်  ဒါပေမယ့် လူဇော်ရဲ့ ခက်တာက ငယ်ရွယ်တဲ့အချိန်မှာ နည်းပေးလမ်းပြကောင်းတဲ့ သူနဲ့ လက်ပွန်းတသီးနေခဲ့ရမှ ဖြစ်နိုင်တာပါ ဒါတောင် 75%ပဲ သေချာတာနော် လူတိုင်းရဲ့ စိတ်ကို အပိုင်တွက်လို့မရတာ မင်းလည်းသိပါတယ်“

“ အင်း ကိုယ့်ကိုကိုယ့် ပြင်တတ် သိတတ်ရင်တော့ အတိုင်းထက်အလွန်ကောင်းတာပေါ့ ကွာ ငါတော့ သေရင် ကိုယ်အကြောင်းကို သတင်းမွှေးမွှေးလေးပဲကြားချင်တယ် မင်းရော“

“​ဘာလဲ မင်းက သေရမှာကိုကြောက်နေပြီလား“

“ ဟ အောင်ခန့်ရ မင်းပဲ ပြောတတ် ဘယ်သူကသေမှာကိုမကြောက်တာရှိလဲ မင်းပြောကြည့် ပြီးရင် လက်ညှိုးထိုးပြကွာ“

“ ဟားဟား ထားပါတော့ မင်းနဲ့ငါငြင်းခုန်နေကြတာ မောင်မောင့် အသုဘမှာနော် သတိလည်းထားဦး ရန်ထသတ်နေရဦးမယ်“

သူ အောင်ခန့်ရယ.်နေသည်ကို လက်ပိုက်ကြည့်နေရုံမှ တစ်ပါးခုချိန်မှာမရှိသေးပါ။ မကြာခင်ပဲ  အိမ်ဝိုင်းထဲမှ ထွက်ခွာတော့မည့် ကားတန်းကြီးကိုကြည့်ပြီး သူ ဝမ်းနည်းသလိုလို ခံစားလာရသည်။ တစ်ချို့က တရားနှင့်ဖြေပါလို့ပြောကြသည်။ ဖြေနိုင်ကြရဲ့လား ဟု သူမေးချင်ပါသည်။ ခုတော့ သူမောင်မောင် ၏ ခရီးဆုံးတစ်ခုကို လိုက်လံပို့ဆောင်နေရြ့ပီ။ သွားသည့်သူက သွားပြီ။ နေခဲ့ရသူကလည်း ကျန်ရစ်ခဲ့ရပြီ။ ဝမ်းနည်းပူဆွေးနေလို့ မပြီးသေး။ ကျန်ရစ်ခဲ့သူက ရှေ့ဆက် စခန်းသွားစရာ ခရီးကြမ်းက ရှိသေးသည်။ အောင်ခန့်ကိုလှမ်းကြည့်လိုက်တော့ တွေတွေ ကြီး ငေးစိုက်ကြည့်နေသည်။ သူဝမ်းနည်းနေတာလား။ သူသေချာစွာတော့မသိ။ အောင်ခန့်လည်း မောင်မောင့်ကြောင့် ခံစားချက်တစ်ခုတော့ ရှိပေလိမ့်မည်။

သူရော။ ဘာကြောင့်မှန်းမသိ။ ရင်ထဲ၌ ခံစားနေရသော ဝေဒနာက အကြောက်ရောဂါတစ်မျိုးလား။ ဘာကြောင့်ကြောက်နေရသည်လဲ။ ဘယ်လို ကုသမည်လဲ။ မျက်လုံးကို မှိတ်လိုက်တော့ အာရုံမှာ မြင်လာမိသည်က လွန်ခဲ့သော သုံးရက်က ရယ်သွမ်း ပျော်ရွှင်စွာ နုတ်ဆက်နေသော မောင်မောင်ကို ပြေးမြင်သည်။

ဘဝတစ်ခု မွေးဖွားရှင်သန်ပြီးနောက် သေဆုံးကြရသည်။ သည်ကာလအတွင်း သူဘာတွေ လုပ်သွားခဲ့သည်လဲ။ သူဘယ်သူ့ကို ကောင်းကျိုးပြုခဲ့သလဲ။ သူ့အိမ်ကိုလား။ သူ့ရပ်ကွက်ကိုလား၊ သူမြို့ကိုလား၊ သူ့ကိုသူလား။

ဘယ်သူ့မှ မပို့ဆောင်ပါပဲ သူ သွားခဲ့ရသည်။ မည်သူကရော သူ့ကိုခေါ်ပါသည်လဲ။ အချိန်တန်မှလာခေါ်သည်လား။ အချိန်ဆိုတာကရော သက်တမ်းတစ်ခုကို ဆွဲဆန့် နိုင်သည်လား။ မေးခွန်းပေါင်းများစွာ ခေါင်းထဲ၌  စာရိုက်သလို ပြေးလွှားလုပ်ရှားနေသည်။ သူခေါင်းခြောက်လာသည်။ မကြာမီပဲ သူတို့တွေ မောင်မောင်ကို ထားခဲ့ရတော့မည်။ သည်နေရာ သည်လမ်းကို ဘယ်သူကမှ ခဏခဏ မလာကြ။ လာကောင်းသည့်နေရာမဟုတ်ဘူး ဟု လူတိုင်းကပြောကြသည်။ သို့ပေမယ့် လူတိုင်းလာနေကြရသည်။ ခုတော့ သူတို့ မောင်မောင့်ကိုပို့ကြသည်။ နောက်တော့ ငါတို့ကို ဘယ်သူတွေက လိုက်ပို့ကြမည်လဲ။ ငါတို့ရော ဘယ်အချိန်ထိလိုက်ပို့နေရဦးမည်လဲ။

သူ လက်ကိုဆန့်တန်းလိုက်သည်။ ပြီးနောက် ပြန်ကွေးကြည့်လိုက်သည်။ အောင်ခန့်က ကြောင်တောင်တောင်နိုင်စွာ သူ့ကို စိုက်ကြည့်သည်။ ပြီးတော့ မေးငေါ့ပြသည်။ မင်း ဘာလုပ်နေတာလဲ ဟု မေးသည့်သဘော။ သူက ပြန်ပြီး လက်ကို ကွေးချည် ဆန့်ချည် လုပ်ပြလိုက်သည်။ ပြီးနောက် သူ နာရီကို လက်ညှိုးထိုးပြလိုက်သည်။ အောင်ခန့် သဘောပေါက် ပါလိမ့်မည်။

သူတို့ စီးနှင်းလိုက်ပါလာသောကားသည် အလာတုန်းကနှင့်မတူတော့ ခုတော့ လည်း လျှင်မြန်စွာဖြင့် မြို့ကလေးရှိရာသို့ အပြေးလေးနှင်နေသည်။ အလာတုန်းကတော့ မသွားချင် သွားချင်ဖြင့် သရွေ့ရွေ့။လမ်းမကြီးကတော့ ကွေ့လိုက် ကောက်လိုက် ဖြောင့်လိုက်။ သည်လိုပါပဲ လေ သူတို့လည်း ဘဝခရီးကို ကွေ့ဝိုက်စွာဖြင့် မောမောပန်းပန်း ခရီးနှင်နေကြသည်။ သေခြင်းတရားက မခေါ်ပဲလည်း လာမည့် ဧည့်သည် မလှမ်းပဲလည်းလျှောက်ရမည့်လမ်းပင်။ ပြီးနောက် ပန်းတိုင်တစ်ခုကိုရောက်မည်။ အောင်မြင်ခြင်းပန်းတိုင်ကို စိုက်ထူနိုင်မှာလား။ ဒါမှမဟုတ် …နိဂုံးချုပ် အဆုံးသတ်ရမည့် သေခြင်းတရားကိုလား……။

သော်ဇင်(လွိုင်ကော်)6-January-2011

မှတ်ချက်။      ။ http;//itfriendships.co.cc/ တွင် တင်ပြီးဖြစ်ပါသည်။

One comment

  • manawphyulay

    January 13, 2011 at 3:13 am

    သွားတာချင်း တူတူ ရှေ့နဲ့နောက်နဲ့ပဲ ကွာပါတယ်။ အရင်ခေါ်တဲ့သူ အရင်သွားကြရတာပေါ့။ မသွားခင်လေးမှာ စိတ်ကောင်းထားပြီး ကောင်းမှုကုသိုလ်များများလုပ်ပြီး အရာအားလုံးကို နားလည်ခွင့်လွှတ် သည်းခံခြင်းများနဲ့ ပြည့်စုံနေဖို့ပဲ လိုပါတယ်။ လူ့ဘဝဆိုတာ ဒီလိုပါပဲ။ ခဏတာ ဧည့်သည်တွေပဲပေါ့။

Leave a Reply