ဘဝမှာ စဉ်းစားစရာအချက်များ

လင်းဝေJanuary 18, 20111min530

ခင်မင်ရသော လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်ကနေပို့ပေးထားတာပါ။
သူ့ကို ဘယ်သူပို့ပေးတာလည်းမသိရပါ။
စဉ်းစားစရာ အချို့အချက်တွေက လိုက်နာချင်စရာလေးတွေမို့ ဝေမျှပါရစေ

( ဉာဏ်စွမ်းရည် )

နားလည်သဘောပေါက်နိုင်စွမ်း ဉာဏ်မရှိသောသူကို ဘာတွေပြောပြော ဘယ်တော့မှ ထူးလာမှာ မဟုတ်ပါ။ နားမလည်သရွေ့ သဘောမပေါက်နိုင်ပါ။ သဘောမပေါက်လျှင်
ဘယ်တော့မှ အကြံဉာဏ်သစ်ကို ပြောင်းဖို့ လက်ခံမှာ မဟုတ်ပါ။ အချိန်ကုန်၊
ဒေါသထွက်ခြင်းသာ ကိုယ့်အတွက် ရလဒ်ဖြစ်သည်။

( ဝေဖန်မှု )

သူများကိုဝေဖန် သုံးသပ်နေလျှင် မပြေလည်မှုများ ပိုများလာမည်၊ ကိုယ့်ဖြစ်ရပ်များ ကိုယ့်ကိစ္စများကိုသာ အချိန်များများသုံးပြီး
အမှားများကို ဝေဖန် စိစစ်သုံးသပ်ပါ။ လမ်းမှန်ပေါ် ရောက်ရန် ကြိုးစားပါ။
သူများတွေနှင့်လည်း ပို၍ အဆင်ပြေလာမည်။

( အားလုံးနှင့် ပြေလည်လိုလျှင် )

ကျွန်မဘဝမှာ အားလုံးနှင့် အဆင်ပြေအောင်နေဖို့ ဒီလိုနေကြည့်တာ အောင်မြင်တယ်။ လုပ်ကြည့်စမ်းပါလား-ရှင်။ သူများမကြိုက်တာ ဆန့်ကျင်တာ
ဝေဖန်တာတွေကို မပြောမိအောင် နေတယ်။ ကိုယ့်အကြောင်း မကောင်းတာ၊
ကိုယ်မနှစ်သက်တာကို ကိုယ့်ရှေ့မှာပဲ ပြောပြော ဘာမှ ပြန်မပြောမိအောင်နေပြီး
ကြိုးစားနားထောင်ပေးလိုက်ပါတယ်။

သတ္တိမရှိ ကြောက်လို့ ပြန်မချေပဘဲ ငြိမ်နေတာမဟုတ်ပါ။ ပြောတတ်
ပြောချင်တဲ့စကားလုံးတွေ လျှာဖျားအထိ ရောက်လာပေမဲ့ ပြန်မျိုချထားလိုက်တယ်။
ခုလိုအောင့်အည်း သည်းခံလိုက်ရတဲ့ ဒုက္ခက ခဏလေးပါ။ သည်းမခံနိုင်လို့ လက်
နှုတ်နှင့်ပြန်ချေပမိလိုက်ရင် တွေ့ရမယ့် အရှုပ်အရှင်းပြဿနာက ပိုကြီးမယ်။
လုပ်ငန်း အလုပ်ဌာနမှာ ဆိုရင် အဆင်မပြေတာတွေ များလာပြီး အလုပ်လက်မဲ့
ဖြစ်နိုင်တယ်။ နှုတ်ပိတ်သည်းခံလိုက်ရတဲ့ ဒုက္ခက နောက်ထပ်
တွေ့ရမယ့်ပြဿနာတွေနဲ့ ဘာမှ မယှဉ်သာပါဘူးရှင်။
သည်းခံလိုက်ရတဲ့အကျိုးကြောင့် ပတ်ဝန်းကျင်နဲ့ အဆင်ပြေတာတွေလည်း
တိုးလာပါတယ်။

( ဘဝအဖြစ်အပျက်နှင့် ခံယူချက် အဆက်အစပ် )

လူတိုင်းရဲ့ ဘဝအဖြစ်အပျက်-အားလုံးဟာ သူခံယူထားတဲ့ ခံယူချက်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ ခံယူချက်-မပြောင်းသရွေ့ အခြေအနေ ဘယ်တော့မှ
မပြောင်းပါ။ မွေးစကလေးမှာ ဗီဇ-ပါလာတယ်လို့ ပြောကြပေမယ့်
သူ့ကိုယ်ပိုင်ဉာဏ်ကနေ ပတ်ဝန်းကျင်မှာ တွေ့ထိသမျှကို ဝေဖန်ပြီး
ခံယူချက်-အနေနဲ့ လက်ခံလိုက်တာပဲ။ အချိန်ကြာသွားလေလေ ခံယူချက်-က
ပြောင်းဖို့ ခက်လေလေပါပဲ။

ပထမဆုံးလိုအပ်တာက အမှား-အမှန် ကောင်း-မကောင်း လုပ်သင့်-မလုပ်သင့်ကို
ဝေဖန်နိုင်စွမ်းရှိတဲ့ဉာဏ်။ ဒုတိယက ၎င်းဉာဏ်ဖြင့် မှန်သော၊ ကောင်းသော
လုပ်သင့်သော အချက်များကို လက်ခံနိုင်စွမ်းရှိတဲ့ အသိစိတ်၊။
တတိယအချက်က မှားနေသော လက်ခံယူထားပြီးသား ခံယူချက်များအစား မှန်သော
ကောင်းသော လုပ်သင့်သော ခံယူချက်-အသစ်များဖြင့် အစားထိုး
ပြောင်းလိုသည့်ဆန္ဒ-နဲ့ ပြောင်းနိုင်စွမ်းရှိတဲ့ စွမ်းရည်များ အဓိက
လိုအပ်ပါတယ်။

( မကျေနပ်မှုဖြစ်တိုင်း ဒီလိုမြင်ပါ )

လူတယောက်ကို မကျေမနပ် ကိုယ်စိတ်တိုင်းကျ ဖြစ်မလာတိုင်း စိတ်ဆိုးပြီး ဆုံးဖြတ်ချက် လွယ်လွယ်လေးနဲ့ အပြစ်မမြင်ပါနဲ့။ သူဘာတွေဖြစ်နေလဲ သူဘယ်လောက်
ဒုက္ခတွေ့နေလဲ ဆိုတဲ့ သနားတဲ့စိတ်နဲ့ သူ့နေရာကနေ နေပြီး
ခွင့်လွှတ်စိတ်အပြည့်နဲ့ တွက်တတ်ပါ။ ကိုယ်လည်း အခက်အခဲ
အများကြီးတွေ့ဖူးလို့ တခြားတယောက်က ကိုယ့်ချွတ်ယွင်းချက်ကို
ခွင့်လွှတ်ဆက်ဆံရင် ဘယ်လောက် ဝမ်းသာမလဲရှင်။

( အခက်အခဲ ပြဿနာများ၏ တရားခံ )

အိမ်ထောင်တိုင်းမှာ တွေ့ဆုံနေရတဲ့ အခက်အခဲ ပြဿနာတွေရဲ့ ၇၀%ဟာ ကိုယ့်ကြောင့်၊ ကိုယ်မဆင်ခြင်၊ ကြိုတင် မစီစဉ်လို့ ဖြစ်တာတွေ များပါတယ်။
ခက်နေတဲ့ကိစ္စကို ရှင်းဖို့ လမ်းရှာတာထက် လွယ်နေတာကို ရှုပ်အောင်လုပ်ပစ်ပြီး
နောက်ဆုံး အခြေအနေနဲ့ ပတ်ဝန်းကျင်-ကိုသာ အပြစ်တင်ကြတာ များတယ်။

( စိတ်ညစ်ချိန်မှာ )

စိတ်ညစ် စိတ်ရှုပ်စရာတွေ တွေ့ချိန်တိုင်းမှာ စိတ်ကို အေးအောင် ကြည်အောင် ရှင်းအောင် ထားပါ။ ခက်သွားအောင် မလုပ်ပါနဲ့၊ အပိုစိတ်ရှုပ်အောင်
အပူတွေ ထပ်မပေါင်းပါနဲ့။ ပို၍ စိတ်ညစ်စရာတွေ ရှုပ်ပြီး များလာလျှင်
ပြေလည်အောင် ဖြေရှင်းဖို့၊ အကြံဉာဏ်ကောင်းတွေ ဝင်လာဖို့ နေရာရှိမှာ
မဟုတ်တော့ပါ။ စိတ်အေးအေးထား ဆုံးဖြတ် အစီအစဉ်ဆွဲတတ်ပါစေ။

( အကောင်းဆုံးအမြင်-စိတ် )

ဘာအကြောင်းကလေးပဲဖြစ်ဖြစ် ကောင်းတဲ့ရှုထောင့်က တွေးပါ။ မြင်ပါ။ သနားခွင့်လွှတ်နိုင်တဲ့ စိတ်ကို အခြေခံထားပါ။ ကိုယ့်နေရာ
ကိုယ်ဖြစ်ချင်တဲ့ပုံ၊ ဆန္ဒတွေနဲ့မြင်ပြီး မကျေမနပ်ဖြစ်ပြီး စိတ်တိုင်းမကျ
အပြစ်တင်နေသရွေ့ ဘယ်သူနဲ့မှ ဆက်ဆံမှု ပြေလည်မှာ မဟုတ်ပါ။ သူ့နေရာကနေ
ကိုယ်ချင်းစာပြီး တွက်ပါ။ သူ့ရဲ့အဖြစ်မှန် အခြေအနေကို ဘာမှသေချာမသိဘဲနဲ့
ကိုယ်လိုချင်တဲ့ဆန္ဒ အတိုင်းအတာအတိုင်း ဖြစ်မလာတာကို
ဝေဖန်အပြစ်တင်တတ်တာမျိုး ရှောင်ပါ။ ဒီလိုအကောင်းဆုံး-အသိ-အမြင်-စိတ်
အားလုံးအပေါ် ထားနိုင်ရင် လူတိုင်းနဲ့ ပြေလည်ပါမယ်။

( ဒေါသ နှင့် မေတ္တာ )

တခုတည်းသော ချွတ်ယွင်းချက် မရှိ၊ ထာဝရမှန်နေသည့် နိယာမမှာ ဤသို့ဖြစ်ပါသည်။
ဒေါသတိုင်းမှရသော ရလဒ်သည်-ဘာကောင်းကျိုးမှ မပေး။ ဆုံးရှုံးမှုနှင့် အဆုံးသပ်သည်။
နှစ်သက်မြတ်နိုးသူ မရှိ။ ဒေါသကို ပိုင်ထားသူတိုင်း အပူသောကနှင့်
စိတ်ဆင်းရဲနေရသည်။

မေတ္တာတိုင်းမှရသော ရလဒ်သည်-
အမြဲကောင်းကျိုးပေး၏။ အောင်မြင်မှုနှင့် အဆုံးသပ်သည်။
လူတိုင်းနှစ်သက်မြတ်နိုး၏။ မေတ္တာကို ပေးတတ်သောသူနှင့် လက်ခံရသူ
နှစ်ဦးစလုံး စိတ်ချမ်းမြေ့ အေးချမ်းမှုကို ရယူနိုင်ကြသည်။

( ကုန်ကျမှု နှင့် ဝင်ငွေ )

အသက်ရှင်နေသော အသက်အရွယ်ရောက်သူတိုင်းမှာ စားဝတ်နေထိုင်မှု ကုန်ကျစရိတ် ကာမိအောင် ဝင်ငွေရတဲ့ အလုပ် ရှိကိုရှိရမည်။ လောကမှာ အလုပ်က နှစ်မျိုးပဲ
ရှိသည်။ သန့်ရှင်းသောအလုပ်က ရသော ငွေနှင့် မဖြောင့်မတ်သောလမ်းနှင့်
ရှာ၍ရသော ငွေ။

( ချမ်းသာလိုလျင် )

ချွေတာမှ စုနိုင်မည်။ စုနိုင်မှ ချမ်းသာမည်။

( သုံးသပ်ခြင်း )

သူများအကြောင်း အခြေအနေကို အချိန်များများယူ သုံးသပ်ဝေဖန်နေလျှင် သူများနှင့် အဆင်မပြေလည်မှု ပိုများလာမည်။ ကိုယ့်ကိုယ်ကို
များများသုံးသပ်ဝေဖန်ပြီး မှားနေတာတွေကို ပြင်နိုင်လျှင် သူများတွေနှင့်
ဆက်ဆံရတာ ပို၍ အဆင်ပြေလာမည်။

( မှတ်သားလိုက်နာခြင်း )

သင်ခန်းစာအဖြစ် မှတ်ယူသင့်သည့်စကားလုံး စာကြောင်းစာတန်းများကို အခွင့်အခါကြုံတိုင်း ရေးယူ မှတ်သားခြင်းတို့သည် အလွန်ကောင်းသောအကျင့်ပင်။
ရေးထားသမျှ မှတ်တမ်းတွေကို စာအုပ်အဖြစ်ရေးဖို့ တခုတည်းသာ ရည်ရွယ်လျှင်
စာဖတ်ပရိသတ်အတွက် တန်ဖိုးရှိသော စာအုပ်ရေးတတ်သည့် စာရေးဆရာပင်
ဖြစ်သွားနိုင်သည်။ ကိုယ်ရေးမှတ်ထားသော စာတွေထဲက တန်ဖိုးရှိသော
စာသားတွေအတိုင်း ကိုယ်ကြိုးစား လိုက်နာနိုင်ဖို့လည်း မမေ့သင့်ပါ။