လက်တစ်လုံးခြား

အခုကိစ္စကတော့ လူလည်ကျတယ်ပဲ ပြောရမယ်။ သိလျက်နဲ့ မသိချင်ယောင်ဆောင်ပြီး လူလည်လုပ်တာပါ။ တရုတ်ပြည်မှာ ခရီးသွားရင် ခရီးစရိတ်ထက် ၀င်ကြေးတွေက ပိုဈေးကြီးလေ့ရှိပါတယ်။ ၀င်ကြေးပေးရတိုင်း ကျွန်မကတော့ ရင်ထဲမှာ နှမြောစိတ်အမြဲဖြစ်ပါတယ်။ တစ်နေရာဝင်ကြည့်ရင် ဗမာငွေ တစ်သောင်းကျော် နှစ်သောင်း တစ်ချို့နေရာဆို သုံးသောင်းခန့်ပေးရပါတယ်။
သူတို့ဈေးနှုန်းမှာ တစ်ဝက်ဈေးနဲ့ ၀ယ်နိုင်တဲ့ လူစာရင်းရှိပါတယ်။ အဲဒီလူတွေကတော့ အသက် (၆၀) အထက်၊ စစ်မှုထမ်း၊ ကျောင်းသား (သူငယ်တန်းကနေ တကသိုလ်နောက်ဆုံးနှစ်) အထိဖြစ်ပါတယ်။ ကလေးကိုတော့ အရပ် ၁.၂ မီတာအောက်ဆို ပိုက်ဆံမပေးရပါဘူး။ မာစတာကျောင်းသားနဲ့ တခြားဘယ်ကျောင်းသားမဆို တစ်ဝက်ဈေးမရပါဘူး။ ဆိုလိုတာကတော့ ကျွန်မမှာကိုင်ထားတဲ့ ကျောင်းသားစာအုပ်လေးက တစ်ဝက်ဈေးမရပါဘူး။ အဲဒါလေးပြ၀ယ်ရင် အပြည့်ပဲ ပေးရပါတယ်။
အဲဒီကိစ္စကြောင့် ရင်ထဲမှာ တော်တော်ကသိကအောက်ဖြစ်ရတယ်။ တစ်ခါကျတော့ ကျွန်မသူငယ်ချင်းက လက်မှတ်ဝယ်ရင်းနဲ့ အကြံထုတ်လိုက်တယ်။ အဲဒီအကြံကတော့ ကျွန်မတို့မှာ ကျောင်းသားစာအုပ်အပြင် ကျောင်းတွင်းမှာသုံးတဲ့ (xiaoyuanka) (校园卡)ကတ်တွေရှိပါတယ်။ အဲဒီကတ်မှာ နံမည်ရယ် ဓါတ်ပုံရယ် ကျောင်းနံမည်ရယ်ပဲပါတယ်။ ဘယ်အတန်းကဆိုတာမရေးထားပါဘူး။ အဲဒါနဲ့ သူကစမ်းကြည့်ရအောင်တဲ့။ အဲဒီကတ်ပြပြီး တစ်ဝက်ဈေးနဲ့ဝယ်မယ်တဲ့။ ဒါပေမယ့် ပြသနာက ကျွန်မတို့အသက်က ကျောင်းသားအသက်ထက် အများကြီးကျော်နေပြီလေ။ ရန်ကုန်မှာသာ အဲဒီလိုသွားပြရင် ဒီရုပ်တွေနဲ့ ကျောင်းသားလားဆိုပြီးတောင် အမေးခံရနိုင်တဲ့အရွယ်တွေလေ။
ဒါပေမယ့် ကျွန်မသူငယ်ချင်းက ယုံကြည်ချက်အပြည့်နဲ့ပဲ။ ကျွန်မကို လက်မှတ်ဝယ်ခိုင်းတယ်။ ခပ်တည်တည်နဲ့ ၀ယ်လိုက်တဲ့။ ကျွန်မလဲ ခပ်တည်တည်နဲ့ ကျွန်မကတ်နဲ့ သူ့ကတ်နဲ့ကိုပြပြီး ကျောင်းသားလက်မှတ် ၂ စောင်ဆိုပြီး ၀ယ်လိုက်တယ်။ လက်မှတ်ရောင်းတဲ့ကောင်မလေးက ကျွန်မမျက်နှာကိုကြည့်လိုက် ကတ်ကိုကြည့်လိုက် ၂ ခါလောက်လုပ်ပြီး ဘာမှမပြောပဲ လက်မှတ် ၂ စောင်ထုတ်ပေးလိုက်လို့ ကျွန်မတို့ ၂ ယောက်ပေါင်း တရုတ်ငွေ ၁၅၀ သက်သာသွားပါတော့တယ်။ အထဲကိုဝင်တဲ့အပေါက်မှာလဲ လက်မှတ်စစ်က ကတ်ကိုကြည့်လိုက် မျက်နှာကိုကြည့်လိုက် ၂ ခါလောက်လုပ်ပါတယ်။ ပြီးတော့လဲ ဘာမှမပြောပဲနဲ့ ၀င်ခွင့်ပေးလိုက်တယ်။
နည်းသိသွားပြီဆိုတော့ အဲဒီအတိုင်းပဲ နောက်နေ့တွေလဲ လုပ်ပါတော့တယ်။ အဆင်ကိုချောလို့ပဲ။ တကယ်တော့ ကျွန်မက သူတို့ကိုလိမ်တာမဟုတ်ပါဘူး။ သူတို့ကိုက အလို့ ခံရတာဖြစ်ပါတယ်။ ကျွန်မကို အသက် ၂၀ အောက်လို့ထင်ရလောက်အောင် လူကဲခတ်ညံ့တာကတော့ သူတို့အပြစ်နဲ့ သူတို့ခံသင့်တယ် မဟုတ်ဘူးလား ?

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....