“ကုသိုလ်မရ ငရဲရ“

(၁)

မိုးတစိမ့်စိမ့်ရွာနေသည့်နေလည်ခင်းအချိန်တွင်ဖြစ်သည်။ သူနှင့် သူ့သူငယ်ချင်းတို့နှစ်ယောက်သည် သည်ကနေ့ အားလပ်ရပ် တနင်္ဂနွေနေ့ဖြစ်သောကြောင့် ဘုရားဖူးရန် ထွက်လာကြခြင်းဖြစ်သည်။ မိုးကလည်း သည်ကနေ့မှ ရွာနေလိုက်သည်မှာ တစ်နေကုန်ပင်။ မိုးအေးအေးကြောင့် အပြင်မထွက်ချင်သော်ညားလည်း အလုပ်ပိတ်ရက်ကို သည်အတိုင်း ကုန်လွန်သွားမည်ကို နှမြောမိသောကြောင့် ထီးဆောင်းကာ အပြင်သို့ထွက်လာမိခြင်းဖြစ်သည်။ အလုပ်ရှိရာရပ်ကွက်နှင့် မဟာမြတ်မုနိဘုရားကြီး ကိန်းဝပ်ဆံပါယ်ရာနေရာသည် သိပ်မဝေးလှ။ ဆယ့်ငါးမိနစ်ခန့်လမ်းလျှောက်လျှင်ရောက်သည်။ သို့ကြောင့်လဲ ထီးဆောင်းကာ စကားတပြောပြောနှင့် ထွက်လာလိုက်သည်။ မန္တလေးသို့ရောက်နေသည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်သော်လည်း ဘုရားကြီးသို့သွားရောက်၍ မဖူးမြော်ဖြစ်။ ခုတော့ ဆိုက်ဆိုက်မြိုက်မြိုက် ဖူးမြော်ရတော့မည်ဟူသော အတွေးနှင့် ၀မ်းသာကြည်နူးနေမိသည်။

မိုးရွာထဲ လမ်းလျှောက်လာခဲ့ရ၍လား မသိ သူစီးလာသော ကွင်းထိုးဖိနပ်ဖြူဖြူလေးမှာ ညစ်နွမ်းလို့နေသည်။ ဘုရားကြီးအရှေ့ဘက်မုဒ်သို့ရောက်တော့-

“ မောင်လေးတို့ရော့  ရော့ ကျွတ်ကျွတ်အိတ် “

“ ဗျာ“

“ ရော့ ဖိနပ်ထည့်ဖို့လေ ကြည့်ပါဦး ဖိနပ်တွေကလည်း ရွံ့တွေပေလို့ ကျွတ်ကျွတ်အိတ်နဲ့ထည့်ယူသွားလိုက် ဒီမှာ ဖိနပ် အပ်ခဲ့ရင်လည်းရတယ်“

“ ရတယ် မယူတော့ဘူး လက်ကပဲကိုင်သွားလိုက်တော့မယ်“ သူငယ်ချင်းက ၀င်ပြောသည်။

“ ယူပါမောင်လေးရဲ့ အလကားပေးတာ“

သူ က ကျွတ်ကျွတ်အိတ်ကိုလှမ်းယူလိုက်သည်။ ခုချိန်မှာ သူ ကျွတ်ကျွတ်အိတ် တစ်အိတ်လောက်လိုချင်နေသည်မှာအမှန်ပင်။ ရေငတ်တုန်း ရေတွင်းထဲကျသလို အဆင်သင့်လိုက်လေ ဟုပင် သဘောကျကျ တွေးမိလိုက်သေးသည်။ သူငယ်ချင်းကလည်း သူ ယူလိုက်သဖြင့် လိုက်ယူလိုက်သည်။ ပြီးနောက် သူတို့ ဆက်လျှောက်ရန် ခြေလှမ်းပြင်လိုက်သည်။ ထိုအချိန်မှာပင်-

“ နေဦးလေ“

“ ဗျာ ဘာဖြစ်လို့လဲ“

“ ပန်းဝယ်ရမယ် “

“ ဗျာ မ၀ယ်ပါဘူး ကျနော်တို့က မီးပဲပူဇော်မှာ“

“ မရဘူးလေ မင်းတို့ ကျွတ်ကျွတ်အိတ်တွေ ယူထားတာပဲ“

“ဗျာ ဒါက အလကားပေးတာမဟုတ်ဘူးလား“

“ ဘာကသာ ရမှာလဲ ပန်းရောင်းချင်လို့ ကျွတ်ကျွတ်အိတ်ပေးတာ ၀ယ်ရမယ်“

“ ပြောတော့ အလကားဆို “

သူနည်းနည်းတော့ စိတ်တိုလာပါသည်။ ပြောတော့တစ်မျိုး လုပ်တော့ တစ်မျိုးဖြစ်နေသည်။

“ မ၀ယ်ဘူးဗျာ “

“ မရဘူးဝယ်ရမယ်“ဟော ဟောစောစောက တစ်ယောက် ခုတော့ နှစ်ယောက် ။ နောက်တော့ သုံးလေးယောက် သူတို့နှစ်ယောက်အား ၀ိုင်းလာကြသည်။ ၀ယ်ရင်ဝယ် မ၀ယ်ရင် သတ်မယ် ဆိုသည့်အတိုင်းဖြစ်နေသည်။ သူ့ သူငယ်ချင်းက ရှက်နေသည်ထင်သည်။ ၀ယ်လိုက်ပါဟု တိုးတိုးလေးကပ်ပြောသည်။

“ မ၀ယ်ပါဘူးကွာ ဘာလို့ဝယ်မှာလဲ ကျွတ်ကျွတ်အိတ်ပြန်ပေးလိုက်“

“ ဘယ်ရမလဲ ဖိနပ်တောင် ထည့်ပြီးနေပြီ“

အခြေအနေက တင်းမာလာဟန်ရှိသည်။ သူငယ်ချင်းကလည်း ၀ယ်လိုက်ရန်သာ သွင်သွင်ပြောနေသည်။ နောက်တော့ သူငယ်ချင်းက

“ တစ်စီးဘယ်လောက်လဲ“

“ တစ်စီး ၅၀၀ “

“ ပေးတစ်စီး“

“ နှစ်စီးယူလေ နှစ်ယောက်တောင်လာတာ“

“ ကျနော်တို့ ဘယ်နှစ်စီးယူယူ ခင်ဗျားတို့ အပူမပါဘူးနော် ဒါတောင်မကောင်းတတ်လို့ဝယ်တာ ကုသိုလ်ရချင်လို့ ဘုရားလာပါတယ် ခုတော့ ဓားပြမတွေနဲ့တွေ့နေတယ် ဟေ့ကောင် မြန်မြန်လုပ်ကွာ“

“ သြော် အေးအေး“

သူငယ်ချင်းကလည်း မျက်နှာပူသည် ထင်ပါရဲ့။ ဘုရားပန်းစီးကို မြန်မြန်ယူပြီး ရှေ့က သုတ်ခြေတင်လစ်တော့သည်။ ဘုရားပန်းကိုကြည့်လိုက်တော့ မာကာလာပန်းတွေက ခပ်များများ။ နောက် ရွှေထီး၊ ငွေထီးတွေနှင့် နောက်ပန်းရယ်လို့ အမည်နာမမရှိသည့် အရွက်တွေ။ သည်လို ပန်းစီးမျိုးကို ၅၀၀ဆိုပြီးရောင်းသည်ကို အပြစ်မပြောလိုသော်လည်း သည်လို အတင်းကာရော လိုက်လံ လက်ဆွဲရောင်းသည်ကတော့ လွန်လွန်းသည်ဟု ထင်သည်။ နောက်လုပ်ပုံကိုလည်းကြည့်ကြဦး။ ကျွတ်ကျွတ်အိတ်တွေ အလကားပေးသလိုလိုနှင့် ဘုရားပန်းရောင်းရန် လောနေကြသည်။ တမင်သက်သက်ညစ်ပြီး ဘုရားဖူးတွေကို လိမ်ညာရောင်းနေကြသည်။ အစက သူ ဘုရားဖူးလာသည်မှာ စိတ်ကြည်နူးနေပါသေးသည်။့ စောစောက၀ယ်လိုက်သော ဘုရားပန်းကို သူငယ်ချင်းက လှမ်းပေးလာသည်။သူက-

“ ဘာလုပ်ဖို့လဲ“

“ ဘုရားကပ်ဖို့လေကွာ“

“ တော်ဘာကွာ ကိုယ်မကြည်ဖြူပဲ ၀ယ်လာရတဲ့ပန်းနဲ့ ဘုရားကိုကပ်ပြီး မင်းက ကုသိုလ်ယူချင်သေးတာလား ငါတော့ မကပ်ဘူး ဒီထဲပဲထည့်လိုက်မယ်“

ပြောပြောဆိုဆိုနှင့် ရှေ့၌တွေ့ရသော် အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။ သူနောက်လှည့်ကြည့်လိုက်တော့ စောစောက ပန်းသယ်တွေ ကြည့်နေသည်ကို လှမ်းမြင်လိုက်သည်။

“ မင်းကလဲကွာ “

“ ဟာ မင်းကလဲမကွာနဲ့ ငါကောင် ဒီလို ဘုရားပန်းကို အတင်းအဓမ္မရောင်းနေကြတာ ငါတို့ချည်းကိုပဲ မဟုတ်နိုင်ဘူး အနယ်နယ်အရပ်ရပ်က ဘုရားဖူး ဧည့်သည်တွေကိုလည်း ဒီအတိုင်းပဲ လိမ်ရောင်းနေတာနေမှာ ဘယ်သူမှ ကြည်ကြည်ဖြူဖြူ ၀ယ်ချင်လို့ မဟုတ်နိုင်ဘူး အေး အစကတော့ ဘုရားပန်းကို ကြည်ကြည်ဖြူဖြူ ၀ယ်ဖို့ စိတ်ကူးချင်ကူးမယ် သူတို့ လုပ်လိုက်မှ ဘယ်သူမှ စိတ်ကြည်မှာမဟုတ်တော့ဘူး ကဲ ခုပဲ ငါ့ကိုကြည့် ငါ့စိတ် ဘုရားပေါ်မှာ ညစ်နွမ်းနေပြီ“

“ အေးပါ ငါလည်း ၀ယ်ချင်လို့မဟုတ်ပါဘူး အများက ၀ိုင်းကြည်နေတာ ရှက်လို့ပါ ငါလည်းမလှူတော့ဘူး မီးပဲပူဇော်ခဲ့တော့မယ် စိတ်လျှော့ သူငယ်ချင်းရေ ဘုရားပေါ်မှာ မကောင်းပါဘူး ငရဲ ကြီးပါတယ်“

“ ဟ ငရဲ့ကြီးအောင် သူတို့ပဲ ဘုရားပေါ်မှာ လုပ်နေကြတာလေ “

“ ကဲတော်ပါတော့ကွာ“

ဒီကိစ္စကို အများက လစ်လျှူရှူထားကြတာလား မသိကြဘူးလား။ သိတော့ သိကြမည်ဟု သူထင်ပါသည်။ သည်လို ဈေးသယ်မျိုးတွေရှိနေသည်ကိုတော့ သူအံ့သြမိပါသည်။ ကြည့်လေ ဘုရားမုဒ်ဝကနေ မသမာသည့်နည်းနှင့် ဈေးရောင်းနေလိုက်ကြသည်မှာ အုပ်လိုက်ကျင်းလိုက်။ ဒါဈေးရောင်းသမရိုးကျဈေးရောင်းနည်းမဟုတ်။ ညစ်ပတ်သည့်ဈေးရောင်းနည်း။ မလိမ့်တပတ် ဈေးရောင်းနည်း။

အများသူငါ ဘုရားဖူး နေ့တိုင်းဘုရားကြီးကိုလာကြသည်။ သည်လိုပဲ လိမ်ရောင်းသည်လည်းရှိမည်။ ရိုးရိုးရောင်းသည်လည်းရှိမည်။ ဘုရားသို့လာရာတွင် ဘုရားရောက်မှ ပန်းဝယ်လှူမယ် ဟု တွေးလာကြသည့်လူတွေကများသည်။ ဘုရားရောက်တော့ သည်လို စိတ်အနှောင့်အယှက်ဖြစ်စရာနှင့် ကြူံရသည့်အခါ မိမိတို့ယူချင်တော့ ကုသိုလ်မရတော့။ မ၀ယ်ချင်ပဲဝယ်လိုက်ရသည့် ဘုရားပန်းကို ဘုရားမှာ ကပ်လှူပူဇော်လျှင်ရော ကုသိုလ်ရပါတော့မည်လား။ စေတနာမပါပဲ ၀ယ်လိုက်ရသည့်ပန်း။ မလိုချင်ပဲ ၀ယ်လိုက်ရသည့် ပန်း။ စိတ်ထဲ၌ သူဒါကိုပဲ စွဲနေသည်။ သူတို့ ထို့နေ့က ကုသိုလ်မရခဲ့ပါ။ ဘုရားဖူးခဲ့ရသည့်တာ အဖတ်တင်ပါသည်။ ကုသိုလ်မရ ငရဲရခဲ့ရသည့် နေ့တစ်နေ့ပင်။ သူငယ်ချင်းကတော့ စကားတစ်ခွန်းပြောပါသည်။

“ နောက်အလုပ်ပိတ်ရက်ကျရင် ဘုရားမသွားတော့ဘူးကွာ အဆောင်မှာပဲ အေးအေးဆေးဆေးနေကြရအောင် ငရဲကတော့ မရချင်ပါဘူး ကိုယ့်ကိုကိုယ်နေတာကမှ စိတ်ချမ်းသာပါတယ်ကွာ“ဟု။

သော်ဇင်(လွိုင်ကော်)13-January-2011

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 192 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား