“ဆုံးဖြတ်ချက်လေး မှားခဲ့တယ်“

“ဆုံးဖြတ်ချက်လေး မှားခဲ့တယ်“

(1)

ဆုံးဖြတ်ချက်မှားပြီဟု သူမသိလိုက်ရသည်က နောက်မှပါ။ သည်တစ်ချက်လေး ဆုံးဖြတ်ချက်မှားယွင်းလိုက်သည်နှင့် သူမလက်လွတ်ဆုံးရှုံးခဲ့ရသည်က များလှပါသည်။ သူမသည် သည်လိုအမှားမျိုးကို ကျူးလွန်မိလိမ့်မည်ဟု ဘယ်တုန်းကမှမတွေးမိပေ။ သူမသည် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသော သူတစ်ယောက်။ အများက ရဲရင့်ဖျတ်လတ်သော သူမကို အားကျကြသည်။ သူမကတော့ အများအလည်မှာ ထင်ပေါ်ကျော်ကြားလှသည်ကို ဂုဏ်ယူပျော်မွေ့သည်။ ထို့အတူ အမှားတစ်စုံတစ်ရာမရှိအောင်လည်း ကိုယ့်ကိုကိုယ် ဂရုစိုက်သည်။ ခုလို အမှားမျိုးကို သူမ၏ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ သူမ ဘ.ယ်လိုထုတ်ဖော်ပြောပြရမည်လဲ။ လက်ရှိအလုပ်တစ်ခုကို လက်လွတ်ပြီး လက်ဦးဆရာဟူသော သူမ၏ သံယောဇဉ်ကြောင့် သူမ သည်အလုပ်ကိုလက်ခံဖြစ်သည်။ သူမ သည် လွန်ခဲ့သော နှစ်များဆီက ဘာမှမသိသော သူတစ်ယောက်။ သူမ ခုလို လည်လည်ဝယ်ဝယ်ရှိလာအောင်၊ သူမ ကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် နည်းပေးလမ်းပြခဲ့သူမှာ သူဌေး ဦးမြင့်သိန်းဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် သူမ ဦးမြင့်သိန်းလက်အောက်က အလုပ်ထွက်လိုက်ပေမယ့် သူမ ကုမ္ပဏီကို သံယောဇဉ်ရှိသည်။ ထို့ကြောင့်လည်း ခုချိန်မှာ ဦးမြင့်သိန်းတို့က ဆက်သွယ်လာတော့ သူမ ခဏသာ စဉ်းစား၍ လက်ခံဖြစ်လိုက်သည်။ သူမဘက်က သေချာအောင်သာ လစာ မည်၍မည်မျှရမည်။ ဘယ်နေရာမှာ လုပ်ရမည်ဆိုတာကိုတာ သူမ မေးဖြစ်ခဲ့ပါသည်။

ဦးမြင့်သိန်း၏ လက်ထောက်မန်နေဂျာက သူမကို ရန်ကုန်၊ မန္တလေးတွင် အလုပ်ဝင်လျှင်၂×××××ခွဲ။ နယ်မှာနေလျှင် ၅××××× ပေးမည်ဟု ဖုန်းနှင့်ပြောသည်။ သူမကလည်း ခေါင်းငြိမ့်သဘောတူခဲ့သည်။ နယ်၌ရောက်ပြီး တစ်လလောက်ရှိတော့ လစာထုတ်သည်။ သူမ အံ့ဩသွားပါသည်။ အဘယ့်ကြောင့်ဖြစ်ရသည်လဲပေါ့။ သူမကို ၂×××××ခွဲနှုန်းနှင့်ရှင်းပေးလိုက်သည်။ သူမ လက်ခံသဘောတူထားသည်အတိုင်းမဟုတ်တော့ သူမ စိတ်ထဲ ခံပြင်းပါသည်။ ထို့ကြောင့် သူမ သူဌေးဦးမြင့်သိန်းနှင့် တွေ့ခဲ့၏။

“ သူဌေး ကျမရဲ့ လစာနှုန်းမှားနေလားလို့“

ဦးမြင့်သိန်းက သူမကို မျက်လုံးထောင့်ကပ်ပြီးကြည့်သည်။

“ ဘယ်လိုဖြစ်လို့လဲ“

“ ကျမကို ဦးကိုလွင်ပြောတော့ ရန်ကုန် မန္တလေးနေရင် ၂×××××ခွဲ နယ်မှာနေရင် ၅××××× လို့ပြောတယ် ခု ကျမကို ၂×××××ခွဲနဲ့ပဲရှင်းပေးတယ်“

“ ကိုလွင်က ဒီလိုပဲပြောလား “

“ ဟုတ်ပါတယ် ဖုန်းဆက်မေးကြည့်လို့ရပါတယ်“

“ခဏ“

ဦးမြင့်သိန်းက ကောက်ခါ ငင်ခါ ဖုန်းဆက်လိုက်သည်။ ခဏနေတော့-

“ ကိုလွင်လား မင်း ကျော့ကျော့ခင်ကို လစာ ဘယ်လောက်လို့ပြောထားလဲ“

ဦးမြင့်သိန်းက ကျမရှေ့၌ပင် ဖုန်းစပီကာကိုဖွင့်ထား၍ သူမအတိုင်းသားကြားနေရသည်။

“ ကျော့ကျော့ကို ရန်ကုန် မန္တလေးမှာနေရင် ၂×××××ခွဲနဲ့နယ်မှာနေရင် ၅××××× လို့ ဆရာပဲပြောတယ်လေ“

“မင်းသေချာ နားမထောင်ဘူးလား ငါပြောတာ တစ်နှစ်ပြည့်မှ ပေးလို့ပြောလိုက်တာ လုပ်လိုက်ရင် တလွဲချည်းပဲ ခု ဘယ်လိုလုပ်မလဲ“

တဘက်က အသံတိတ်နေ၏။ သူမ သိလိုက်ပါသည်။ ဦးကိုလွင်လည်း ဘာမျှတတ်နိုင်တော့မည်မဟုတ်ဘူးဆိုတာကို။ သူမတို့ သူဌေး ဦးမြင့်သိန်းက ဒါဆို ဒါပဲရသည်ဆိုတာကို သူမကောင်းကောင်းကြီးသိသည်။ သူမက-

“ သူဌေး ကျမ မမှားဘူးနော် သူဌေးတို့ဘက်ကမှားတာ“

“ ငါမမှားဘူး ကိုလွင်မှားတာ “

သူမဘာပြောရမှန်းမသိတော့ပေ။ သူတို့မှားလိုက်ခြင်းသည် သူမကို ထိခိုက်လွန်းပါသည်။ သူမဘက်က သေချာအောင် အစစအရာရာ ပြည့်စုံအောင် မေးမြန်းခဲ့ပြီး လက်ခံခဲ့ပြီးမှ ခု လွဲချော်ခဲ့ပြီ။ သူမ လက်မခံနိုင်ပါ။ သူမ ခုအလုပ်ကို လက်မခံခင် သူNGO၌ အင်တာဗျူးထားသည်။ သူမက ဘာသာစကားနှစ်မျိုးကို ကောင်းမွန်စွာပြောနိုင် ဆိုနိုင် ရေးနိုင် ဖတ်နိုင်သည်။ လစာက ဒေါ်လာ ၃၅၀။

သူမ ထိုအလုပ်ကို လက်လွတ်ခဲ့ပြီးမှ သံယောဇဉ်ကြောင့်လက်ခံဖြစ်ခဲ့သည်မှာ ခုတော့ မဟာ အမှားမှန်းသူမသိလိုက်ရသည်။ သူမ မျောက် သစ်ကိုင်းလွတ်သည်ထက် အဖြစ်ဆိုးပါသည်။ သူမလျှင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။

“ သူဌေး ကျမမနက်ဖြန်ပဲ ရန်ကုန်ပြန်တော့မယ်“

“……………….“

ဘာမှမပြော။ ခေါင့်ငြိမ့်သည်လည်းမဟုတ်။ ခေါင်းခါသည်လည်းမဟုတ်။ ဆိတ်ဆိတ်နေခြင်းကြောင့် သူမ အကင်းပါးစွာဖြင့်ပင် ဖုန်းကောက်ဆက်လိုက်ပါသည်။

“ ဟယ်လို ဦးမျိုးဝင်းလား ကျမ ကျော့ကျော့ခင်ပါ လေယာဉ်လက်မှတ်တစ်စောင်လောက်စီစဉ်ပေးပါ ဘယ်နေ့ရနိုင်လဲ“

“……“

“ ဪ တနင်္လာနေ့ရတယ်လား ဟုတ်ပြီ ကျမ မနက်ဖြန်ပဲ (…….)ကိုဆင်းလာခဲ့မယ် ဟုတ်ပြီလား ဒီနေ့က စနေနေ့လေ မနက်ဖြန်က တနင်္ဂနွေဆိုတော့ ကျမတစ်ရက် ကြိုထွက်လာခဲ့မယ်“

သူမ စိတ်ထဲ၌ တနုံ့နုံ့ဖြစ်နေသည်။ သူမကြောင့်မဟုတ်ပါပဲ သူမခေါင်းငုံ့ထွက်လာခဲ့ရပြီ။ သူမ၏ လုပ်ဖော်ကိုင်ဖက်တွေကို ရန်ကုန်ရောက်လျှင် ဘယ်လို မျက်နှာပြရမည်လဲ။ သူမ အထုတ်တွေကိုပြင်ဆင်နေလိုက်သည်။ သူမ မည်သူ့ကိုမျှ နုတ်မဆက်ချင်တော့ပါ။ ယုံကြည်မှုတစ်ခုကို အလွဲသုံးစားလုပ်ရက်လိုက်လေခြင်းဟု သူမတွေးမိသည်။ သူမ၏ အမှားက သံယောဇဉ်ထားမိခြင်းပင်။ ခုတော့ သူမကို သံယောဇဉ်က ဒုက္ခပေးသွားသည်။ သူမ ခြေလှမ်းနောက်တစ်လှမ်း လှမ်းရပါဦးမည်။ ခုလို အသက် ၃၅နှစ်မှ ခြေလှမ်းပြန်စရမည်ဆိုတော့ သူမအတွက် အချိန်ရှိပါဦးမည်လားဟု သူမ စိုးရိမ်ပူပန်နေမိပါသည်။ သို့ပေမယ့် သူမအတွက်အလုပ်အကိုင်သည်မရှားနိုင်ပါ။ အလုပ်လုပ်ချင်စိတ်ရှိသူတစ်ယောက်အတွက် အလုပ်တစ်ခုကတော့ ကြိုလင့်နေမည်မှာ အမှန်ပင်။

သူမ၏ ပင်ကိုယ်အရည်အချင်းနှင့် သူမ၏ ပင်ကိုဗီဇစိတ်ကိုက အလုပ်အတွက်ဆိုလျှင် အမြဲတက်ကြွနေတတ်သည် မဟုတ်ပါလား။ သူမ၏ စိတ်ခဏလွတ်မှုသည် တောင်ကျောင်းမမှီ မြောက်ကျောင်းမမှီပဲ အလယ်ခေါင်တည့်တည့်၌ ဆွမ်းငတ်နေရသည် အဖြစ်မျိုးနှင့် ခပ်ဆင်ဆင်တူနေလေတော့သည်။ နားထဲ၌-

“ ကျော့ကျော့ခင်တို့များ လည်တယ် လည်တယ်နဲ့ ချေးပုံတက်နင်းမိပါရောလား “ ဆိုသည့်စကားကို သူမ ကြိုတင်ကြားယောင်လျှက် ။ထို့အတွက် သူမ ခံနိုင်ရည်ရှိအောင် လေယာဉ်ပေါ်၌ အားမွေးသွားရပါဦးတော့မည်မှာ သေချာလွန်းလှပါတော့သည်။

သော်ဇင်(လွိုင်ကော်)

16-January-2011

9 comments

  • nyimalay

    January 16, 2011 at 1:25 pm

    သေသေချာချာမေးမြန်းပြီးမှသွားတာတောင် ဒီလိုဒုက္ခကကြုံရသေးတယ်………. မလွယ်ပါလားနော်……….. Local သူဌေးတွေက တော်တော်လူလည်ကျတယ်……………..

  • ကြယ်လေး

    January 16, 2011 at 1:55 pm

    တ ကဲ့ အဖြစ် ပျက်လား ဟင်

    ကံကောင်း ပါ စေ လို့ ဆု တောင်: ပါ တယ် အောင်မြင်ပါစေ

  • nyimalay

    January 16, 2011 at 2:04 pm

    ကိုသော်ဇင် မှော်ပန်းပွင့်…. အပိုင်း 3 က မလာသေးဘူးလားဟင်…… ပိစိကွေးလေးက ကြိုက်လို့ စောင့်နေတာ နောက်တပတ်ဆိုပြီး ခုထိလည်းမလာသေးဘူး………………….

    • Thaw Zin Loikaw

      January 17, 2011 at 11:34 am

      ဟုတ်ပါတယ် ပိစိကွေးလေးရေ မော်ပန်းပွင့်အပိုင်း(၃)ကို ဆက်မရေးဖြစ်သေးလို့ပါ ရေးတော့ရေးနေပါတယ် ရေးရင်းတင်နေရလို့ပါ လက်စသတ်ပြီးရင် တင်ပေးလိုက်ပါ့မယ် ခုလို အားပေးလို့ ကျေးဇူးတင်ပါတယ်….မကြာမှီလာမည်မျှော် ပါခင်ဗျာ

  • kopauk mandalay

    January 16, 2011 at 3:06 pm

    ဆုံးဖြတ်ချက်က မမှားပါဘူး။
    အလိမ်ခံရတာပါ။
    အဲဒါ စစခြင်း ဝအောင်မမေးမိလို့ပါ။

  • kai

    January 16, 2011 at 9:15 pm

    ယူအက်စ်မှာတော့ ..အင်တာဗျူးရင်..အသည်းအသန်မေးရ..ဒီးလ်ရတာ…လစာ..လစာပဲ..
    .. ရနိုင်သလောက်အကုန်တောင်းရတာ..။ ပြီးရင် .. စာချုပ်နဲ့လက်မှတ်ထိုးပေတော့..။
    မကိုက်တာတွေ့လို့ကတော့ .တရားစွဲပေါ့..။ စာချုုပ်ကြီးနဲ့ဆိုတော့ ..အလုပ်ရှင်လျှော်လို့တောင်လောက်မှာမဟုတ်ဘူး..။

    ပထမဆုံးအလုပ်ခန်အင်တာဗျူး …ရနိုင်သလောက်တောင်းသင့်တာပေါ့..။တခါပဲလေ.. ပြီးးရင်.. တောက်လျှောက်အိုကေစိုပြေမှာကိုး…

  • လင်းဝေကျော်

    January 17, 2011 at 6:13 am

    မြန်မာပြည်မှာ အလုပ်ခန့်တာကို စာနဲ့မထွက်တာက ဒီလိုမျိုးတွေဖြစ်ကြတာပါ။
    Appointment Letter ဆိုတာမရှိပဲ အလုပ်ခန့်၊ အလုပ်ရှာတဲ့သူမှာလည်း ကြေးမများနိုင်ဖြစ်။
    အဓိက ကတော့ ဥပဒေ က သက်ရောက်မှုအားနည်းတာပါ။
    ဥပဒေမှာ အလုပ်ခန့်ရင် အလုပ်ခန့်စာထုတ်ရမယ်။
    မိတ္တူကို အလုပ်သမားရုံးကို ပို့ရမယ် စသည်ဖြင့်ပြဌာန်းထားလို့ တကယ်လိုက်မလုပ်ရင်လည်း အရေးယူတာ ဒဏ်ရိုက်တာတွေလုပ်နေရင်
    အလိုအလျောက် အလုပ်သမားကို ပြီးစလွယ် အလုပ်ရှင်တွေက မလုပ်နိုင်ပါ။
    ပါးစပ်နဲ့ခန့် ပါးစပ်နဲ့ ဖြုတ်၊ ခန့်တုန်းက ပြောတာတစ်မျိုး တကယ်မှာ တစ်မျိုးတွေမဖြစ်နိုင်တော့ပါ။

  • naywoonni

    January 17, 2011 at 2:22 pm

    သင်္ခန်းစာတွေက ယူလို့ကိုမကုန်အောင်ပါပဲလား

  • char too lan

    January 18, 2011 at 9:17 am

    ဈေးအစ ဇာတ်အလယ် ဘဘနောက်ပိတ်ဆုံး လိုတမျိုး မလိုတမျိုးဥပဒေတွေ နဲ့ လုပ်နေတာဆိုတော့ မမဆုံးဖြတ်ချက်မမှားပါဘူး

Leave a Reply