ရင်လေးမိတယ်

ashinindakaJanuary 16, 20111min1016

ဘုရားရှင်ကိုယ်တော်တိုင် တခြားဘာသာအပေါ်မှာ သဘောထားကြီးဘို့
လက်တွေ့ မျက်တွေ့ကျင့်သုံးသွားသလို
အသောကမင်းကြီးလဲ ကျင့်သုံးသွားခဲ့ပါတယ်။

မှန်ပါတယ်။ ဘယ်နိုင်ငံမှာရှိတဲ့ ဘယ်ဘာသာဝင်မဆို
မိမိတို့ယုံကြည်ရာကို လွတ်လွတ်လပ်လပ် ယုံကြည်ပိုင်ခွင့် ရှိသင့်ပါတယ်။
မိမိတို့ကိုးကွယ်ရာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ပိုင်ခွင့်ရှိသင့်ပါတယ်။

မိမိတို့နဲ့ယုံကြည်ကိုးကွယ်ရာ မတူသူတွေကို
မိမိတို့ဘာသာဝင် မဟုတ်သူတွေကို
မနှိပ်ကွပ်သင့်ပါဘူး။ မရှုတ်ချသင့်ပါဘူး။
မကဲ့ရဲ့သင့်ပါဘူး။ ပျက်ရယ်မပြုသင့်ပါဘူး။

အရေးကြီးတာက (လုပ်ရမဲ့အလုပ်က) မိမိတို့ဘာသာဝင်တို့အချင်းချင်း
မိမိတို့ဘာသာတရားအဆုံးအမများကို မိမိတို့တတ်နိုင်သလောက်
ဖြန့်ဖြူးပေးဘို့ပါဘဲ။ မျှဝေပေးဘို့ပါဘဲ။

ဒီလိုဖြန့်ဖြူးမျှဝေဘို့အတွက်
မြန်မာနိုင်ငံဟာ
ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့နိုင်ငံဖြစ်တော့
ဘာသာရေးလုပ်ကွက် (space) တွေ၊
ဘာသာရေးလုပ်ဖို့ အခွင့်အရေး (opportunity) တွေ၊
အခွင့်အလမ်း (chance) တွေ
တပုံတပင်ကြီး ရယူနိုင်ပါတယ်။

ဆိုကြပါစို့။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့
ရဟန်းသံဃာတော်တွေ သင်ကြားမှုနဲ့ ကျင့်ကြံမှုနှစ်ရပ်ကို
တပြိုင်နက်ထဲ လုပ်ဆောင်နေကြတယ်။
သိရသလောက်တော့ အခြားအခြားသောနိုင်ငံတွေက ရဟန်းသံဃာတော်တွေ
မြန်မာနိုင်ငံက ရဟန်းသံဃာတော်တွေလောက် သင်ကြားမှုပိုင်းမှာရော
ကျင့်ကြံမှုအပိုင်းမှာပါ အားထုတ်မှု မရှိကြပါဘူး။

အားထုတ်မှု မရှိကြပါဘူးဆိုတာနဲ့စပ်လို့ သီဟိုဠ်လို့ခေါ်နေတဲ့
သီရိလင်္ကာနိုင်ငံမှာ (၂) နှစ်နေခဲ့တဲ့အတောအတွင်း
အဲ့နိုင်ငံက ရဟန်းသံဃာတော်တွေ ဝီရိယ (အားထုတ်မှု) နည်းတာ
မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတယ်။

အာပတ်ဖြေ ဒေသနာကြားပါဠိလေးတွေကိုတောင်
အာဂုံ (အလွတ်) မကျက်ကြတော့လောက်တဲ့အထိပါဘဲ။
အာပတ်ဖြေ ဒေသနာကြားခါနီးရင် အလွတ်မရလို့
အာပတ်ဖြေ ဒေသနာကြားစာအုပ်လိုက်ရှာရတာ အမောဘဲ။

ပြောချင်တာက
ကိုယ့်နိုင်ငံက ရဟန်းသံဃာတော်တွေ တကယ့်ကို
ကြိုးကြိုးစားစား သင်ကြားမှု ကျင့်ကြံမှုတွေမှာ အားထုတ်ကြတယ်၊
သူများနိုင်ငံထက် အများကြီးသာတယ်ဆိုတာကို ပြောချင်တာပါ။
ဒါပေမဲ့ ထိရောက်မှု (သူများနိုင်ငံထက် အများကြီး) နည်းနေတာကို တွေ့ရပါတယ်။
လူတွေရဲ့ နှလုံးသားထဲကို ရင်ထဲကို ဦးဏှောက်ထဲကို
ဘာသာရေးအဆုံးအမ ဘာသာရေးစိတ်ဓာတ် တစ်သက်လုံးကိန်းဝပ်သွားအောင်
ဘာသာရေးကို တစ်သက်လုံးစွဲမြဲသွားအောင် မလုပ်နိုင်သေးပါဘူး။
မလုပ်နိုင်သေးပါဘူးဆိုတာထက် မလုပ်ဖြစ်သေးဘူး၊ မလုပ်ကြသေးဘူးလို့ ပြောရင်
လွန်သွားမလား မဆိုနိုင်ဘူး။

ဒါကလဲ ငယ်စဉ်ကလေးဘဝတုန်းကကတည်းက
သင်ကြားပြသပေးမှု နည်းခဲ့တာကိုး။
ဗုဒ္ဓဘာသာဝင်မိဘတွေက သူတို့ကလေးတွေကို
ဘုရား၊ ဘုန်းကြီးမြင်ရင် ဦးတော်လုပ်၊ ဩကာသဆို၊
ဒါလောက်သင်ပေးနိုင်တာမို့လား။
ဘာကြောင့် ဦးတော်လုပ်ရတာလဲ၊ ဘာကြောင့် ဩကာသဆိုရတာလဲဆိုတဲ့
ကလေးတွေရဲ့ စပ်စုမှုကို မိဘတွေ မဖြေနိုင်ကြဘူး။

ဒီလိုမျိုးအခြေအနေနဲ့ ကြီးပြင်းလာတဲ့ကလေးတွေဟာ
ဘာသာရေးဘယ်လိုမှ အခြေမခိုင်နိုင်ပါဘူး။
အရွယ်ရောက်လာလို့ အခြားဘာသာဝင်တစ်ဦးဦးနဲ့ သူငယ်ချင်းဖြစ်ရင်
ပေါင်းသင်းမိရင် အဲ့ဘာသာဝင်နောက် ပါသွားတော့တာပဲ။

ဒီတော့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေမှာ ကလေးတွေဘာသာရေးဗဟုသုတရဘို့
သူတို့နှလုံးသားထဲ ဘာသာရေး တံဆိပ်ခပ်နိုင်ဘို့ လိုအပ်နေတယ်။
ကွက်လပ်ကြီးဖြစ်နေတယ်ဆိုပါတော့။
ဒီကွက်လပ်ကြီးကို ဖြည့်ဆည်းဖို့ ဒို့ဘုန်းကြီးမှာပဲ တာဝန်ရှိတယ်လို့ ခံစားမိတယ်။

မြန်မာနိုင်ငံမှာ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေရဲ့ ရပ်ကွက်အသီးသီးမှာ
ရပ်ကွက်ဓမ္မာရုံတွေရှိတာ သတိထားမိတယ်။
ရပ်ကွက်ဓမ္မာရုံတွေကို သော့ခတ်ထားတဲ့ရက်နဲ့ သော့ဖွင့်တဲ့ရက်
ဘယ်ရက်က များမယ်လို့ ထင်သလဲ။
သောခတ်ထားတဲ့ရက်က များပါတယ်။
တံခါးပိတ်ထားတဲ့ရက်နဲ့ ဖွင့်တဲ့ရက် ဘယ်ရက်က များမယ်လို့ ထင်သလဲ။
တံခါးပိတ်ထားတဲ့ရက်က များပါတယ်။

ဒီလို ဓမ္မာရုံတွေကို ပိတ်ထားတဲ့ တံခါးတွေကို အမြဲတမ်းဖွင့်ထားနိုင်အောင် ကြိုးစားရမယ်။
ဒီအတွက် သက်ဆိုင်ရာ ဓမ္မာရုံတာဝန်ခံ ဂေါပကကို စည်းရုံးရမယ်၊ စည်းရုံးနိုင်ရမယ်။
တနင်္ဂနွေလိုနေ့မျိုး၊ ဥပုသ်နေ့လိုနေ့မျိုးတွေမှာ
ဓမ္မာရုံနဲ့ နီးစပ်ရာကျောင်းတွေက ဆရာတော်ထံ စာချဘုန်းကြီးလေးတွေ
ဓမ္မာရုံကို စေလွှတ်ပေးဘို့ လျှောက်ထားပြီး
ကလေးတွေကို စာသင်ပေးဘို့ လျှောက်ကြားရမယ်။

စာသင်တိုက်ဆရာတော် စာချဘုန်းကြီးများကလဲ
ကန်တော့ပွဲပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ
ကလေးတွေကို စာသင်ပေးသင့်တယ်။ စာသင်ပေးရမယ်။
ကန်တော့ပွဲပါမှ တရားဟောမယ်ဆိုတာ အင်မတန် သေးသိမ်တဲ့
အတွေးအခေါ် အယူအဆသာဖြစ်တယ်။
ဒီလိုပြုမူတာဟာ ဓမ္မကို ရောင်းစာတာနဲ့တူတယ်။
ဓမ္မကို trade လုပ်တာနဲ့တူနေတယ်။ Dhamma Business ပေါ့။

ကန်တော့ပွဲပါမှ တရားဟောပေးနိုင်မယ်၊ စာသင်ပေးနိုင်မယ်ဆိုရင်
နောင်အနှစ် (၅၀) လောက်မှာ ဗုဒ္ဓဘာသာခေါင်းဆောင်ဘုန်းတော်ကြီးများ
ကိုယ်စားဘို့ လယ်ထဲ ကိုယ့်ဟာကို ဆင်းထွန်ရမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။
ဘာ့ကြောင့်လဲ။
ဘာသာအဆုံးအမနည်းပြီး ဘာသာရေးခေါင်ဆောင်ဖြစ်တဲ့ ရဟန်းသံဃာတော်တွေရဲ့
ကျေးဇူးတရားကို ဘယ်လိုမှ သူတို့တတွေ ခံစားလို့ ရမှာ မဟုတ်တော့လို့ပါ။

ဒါနဲ့စပ်လို့ တွေ့ကြုံခဲ့တာလေးကို သတိရမိလို့ ပြောပြပါရစေ။
တစ်နေ့သော မနက်ခင်း အရုဏ်ဆွမ်း (အာရုံဆွမ်း) ဘုဉ်းပေးပြီး
ရန်ကုန်၊ စွယ်တော်ဘုရားနား
သူငယ်ချင်းဦးဇင်းတစ်ပါးနဲ့ လမ်းလျှောက်ထွက်ဖြစ်တယ်။
အတော်လေးလျှောက်လာပြီး
ရှေ့ ဂိုက် ၁၀ဝ ခန့်လောက်မှာ ဒကာမနှစ်ယောက်
စကားများရန်ဖြစ်နေကြတာကို ခပ်သဲ့သဲ့ကြားရတယ်။
လမ်းလျှောက်နေကြဆိုတော့ ဆက်လျှောက်မှပဲ၊ ဒို့ သူတို့နားရောက်သွားရင်တော့
စကားများ ရန်ဖြစ်နေတာ ရပ်တန်ကောင်းပါရဲ့လို့ နှလုံးသွင်းပြီး ဆက်လျှောက်သွားတာ၊
သူတို့အနီးနား ရောက်ခါမှ မကြားဝံ့မနာသာ ဆဲဆိုတာ ပိုတောင် ကျယ်လာပါသေးတယ်။

ဒါလေးက အသေးအဖွဲလေးဆိုပေမဲ့ စဉ်းစားရင် အတော်ရင်လေးစရာကောင်းတယ်။
ကိုရင်ဘဝလောက် အချိန်တွေတုန်းကဆိုရင်
(လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်ကဆိုရင်)
ဒကာတွေပဲ ဖြစ်ဖြစ်၊ ဒကာမတွေပဲဖြစ်ဖြစ် ရန်ဖြစ်စကားများနေတုန်း
ရဟန်းသံဃာတစ်ပါးပါး သူတို့အနားရောက်သွားရင်
ရန်ဖြစ်နေတာ စကားများနေတာ ရပ်သွားကြတယ်။
ပြီးမှ ဆက်ဖြစ်ချင်ဆက်ဖြစ်မယ်။
ဒါက ရဟန်းသံဃာကို ရိုသေသမှု ပြတာပဲ။ ရိုသေသမှုပြခြင်း တစ်မျိုးပဲ။

အခုတော့ ဒီလိုမဟုတ်ပြီ။
ရဟန်းသံဃာတော်တွေအပေါ် လေးစားမှု လျော့နည်းလာပြီ။
နောင်အနှစ် ၂ဝ ဆို ဘယ်လိုဖြစ်ကုန်မလဲ၊ ရင်လေးစရာပင်။

ဒါမျိုးတွေကို သေချာလေ့လာပြီး
လွန်ခဲ့တဲ့အနှစ် ၁ဝ နှစ်က အခြေအနေ၊ နှစ် ၂ဝ က အခြေအနေတွေကို
စစ်တမ်းကောက်သင့်ပါတယ်။ စာတမ်းရေးသင့်ပါတယ်။

ဒါနဲ့စပ်လို့ မလေးရှားက တရုတ်ဗုဒ္ဓဘာသာဝင်တွေ
အားကျဘို့ကောင်းပါတယ်။ အတုယူသင့်ပါတယ်။
မလေးရှားမှာ ဗုဒ္ဓဘာသာအဖွဲ့ချုပ်ဆိုတာရှိပါတယ်။
တစ်နှစ်တစ်ခါ တရုတ်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကို အစီရင်ခံစာတွေပို့တယ်။

ဥပမာ ဆိုကြပါစို့။
၂၀၁ဝ မှာ တရုတ်ထဲက ဗုဒ္ဓဘာသာကနေ ခရစ်ယန်ဘာသာကို ဘယ်နှစ်ဦးပြောင်းသွားတယ်။
ခရစ်ယန်ကနေ ဗုဒ္ဓဘာသာကို ဘယ်နှစ်ဦးပြောင်းလာတယ်။
ဗုဒ္ဓဘာသာ သေဆုံးသူဦးရေ ဘယ်လောက်၊ မွေးဖွားလာသူ ဘယ်လောက်၊
လွန်ခဲ့တဲ့ ၁ဝ နှစ်က ဗုဒ္ဓဘာသာအခြေအနေ ဘယ်လို၊ အခု ဘယ်လို၊
ကျောင်းတွေ တိုးပွါးလာမှု၊ ဆုတ်ယုတ်မှုစသည်ဖြင့်
အတက်အကျ အတိုးအဆုတ်ကို စနစ်တကျ ဇယားနဲ့ဖော်ပြပြီး
ဘာ့ကြောင့် တိုးလာသလဲ၊ ဘာ့ကြောင့် ဆုတ်ယုတ်သွားသလဲလို့ အကြောင်းရှာတယ်။
ဗုဒ္ဓဘာသာတွေ့ဆုံပွဲတွေ ကျင်းပပြီး မိမိတို့ ပတ်ဝန်းကျင်
အခြေအနေအရပ်ရပ်ကို တင်ပြကြတယ်။

ဒါမျိုးဒို့နိုင်ငံ မြန်မာပြည်မှာလဲ လုပ်သင့်တယ်။ လုပ်ရမယ်။
သံဃာ့နာယကတွေက အခြားအလုပ်တွေထက် ဒီအလုပ်ကို
အထူးအလေးပေးလုပ်ဆောင်ပေးသင့်ပါတယ်။

6 comments

  • kai

    January 17, 2011 at 12:30 am

    အရှင်ဘုရား..
    တခုတော့ လျှောက်တင်ပါရစေ..။
    အသောကမင်းကြီးလဲ နတ်ရွာစံတော့ ဘာမှမကျန်ရစ်ပါဘူး..။ အသက်ကြီးကံခေလှတယ်လို့တောင် ပြောရမလိုပါပဲ..။

    ဗုဒ္ဓဘာသာမှာ .. ဘာသာတရားကို ခုခံဖို့ စွမ်းအားတွေပါပျောက်သလိုဖြစ်အောင် ပုံသွင်းခံထားရတယ် ယူဆမိပါတယ်.။
    တပါးသော ဘာသာတရားကို ထိပါးစော်ကားခွင့်မရှိဘူးဆိုပေမဲ့ .. ကိုယ့်ဘာသာတရားကို ထိပါးစော်ကားလာရင် ..ခုခံ နှိပ်ကွပ်ခွင့်ချထားပေးသင့်ပါတယ်.။
    နောက်ဘဝတွေ..ကုသိုလ်ကံတွေ။ ဝဋ်တွေ လွှဲချတာက ..ရှောင်လွှဲထွက်ပြေးတဲ့.. အမှားတခုလို့ ယူဆမိပါတယ်..။
    အောင်ခြင်းရှစ်ပါးမှာ.. ဗုဒ္ဓကိုယ်တော်တိုင် ..မေတ္တာပို ့ပြီး အညံ့ခံခဲ့တာ မဟုတ်ဖူးလို့ မှတ်မိပါတယ်..။
    နဂါးက လာခြိမ်းခြောက်ရင် ..ပိုကြီးတဲ့နဂါးနဲ့ ပြန်ညစ်ပြခဲ့တယ်..။
    ဗိုက်ကြီးသည်စွတ်စွဲလာရင်.. ဗိုက်ကအတုဖြစ်ကြောင်း..ပြခဲ့တယ်..။

    ဆိုတော့..
    ကိုယ့်လာအနိုင်ကျင့်သူတွေကိုလည်း ..ဘယ်တော့မှ .. အညံ့မခံဖို ့ပါသွန်သင်ပေးစေလိုပါတယ်ဘုရား..။
    မေတ္တာပို ့ပြီး … မျက်နှာလွှဲတာမျိုုုး မလုပ်ကြပဲ.. လက်ငင်းကို ..တတ်နိုင်တဲ့ဖက်က ..ထိထိရောက်ရောက် ..လက်တုံ့ပြန်သင့်ကြကြောင်း ..တရားတခုခုရှိရင် ..ပြပါဘုရား..။

    • ashinindaka

      January 17, 2011 at 12:52 am

      ဒကာခိုင်ပျောက်သွားတာ အတော်ကြာပြီ။ ဒကာခိုင် ပြောတာ မှန်ပါတယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ လုပ်ရမဲ့ကိစ္စ ရေးပြ သင်ပြရမဲ့အရာတွေ အများကြီးဘဲ။ ဒီလိုရေးပြလိုက်လို့ ဒကာခိုင် ထောက်ပြလိုက်တော့ ရေးလိုက်တဲ့ ပို့စ်လေးက ပြည့်စုံသွားတယ်။ ပို့စ်တင်တိုင်းတင်တိုင်း ဒီလိုလေး ရေးပေးပါလား။ ဒကာခိုင်ရေးတာ မှတ်စရာတွေ လက်တွေ့ကျတာတွေ အတော်ပါတယ်။ ပျောက် ပျောက်မသွားပါနဲ့ ဒကာခိုင်။

  • maungmoenyo

    January 17, 2011 at 2:23 am

    သာသနာဆိုတာအဆုံးအမပါဘဲ။
    ဂေါတမ ကသံသရာမှလွတိမြောက်ကြောင်းရဲ့ပဓါနကျပုံအကျင့်အကြံကို လမ်းညွှန်ပြခဲ့တာပါ။ သူရခဲ့တဲ့သဗ္ဗညု ဉာဏ် ကိုလာလှည့်လော့ကြည့်လှည့်လော့။ ကျင့်ကြံပြီးမှယုံဘို့ကိုသာပြောပါတယ်။ ဘာသာဆိုတာထက်အကျင့်အကြံကိုအခြေခံတာမို့ ကျင့်ကြံနိုင်သူတွေကသာ ဒုက္ခရဲ့ချုပ်ရာကိုသိပါတယ်။ မြန်မာနိုင်ငံမှာကမ္ဘာစစ်ကြီးပြီးခါစက မြို့နယ်အနှံ့မှာ ဝိပဿနာဟောပြောပွဲတွေ ခေတ်စားပြီး ဝိပဿနာအကျင့်အကြံတွေ ကြိုးစားကျင့်ကြံမှုတွေရှိခဲ့ကြောင်းကြားဘူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဘာသာကို အစိုးရကမောင်ပိုင်သိမ်းတဲ့စနစ်မရှိခဲ့လို့ပါ။ ဆဌသံဃာယနာ ပြီးနောက် ဗိုလ်နေဝင်းလက်ထက်မှာ သတ္တသံဃာယနာတင်ဘို့ကြိုးစားခဲ့ပါတယ်။ မအောင်ပြင်ခဲ့ပါဘူး။ ဆဌသံဃာယနာတင်တဲ့အထိတော့ သခင်နုက လမ်းကျပါသေးတယ်။ နိုင်ငံတော်မှာ ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာလုပ်ဘို့ စတင်ပွဲကြမ်းတာနဲ့ သူ့ကိုဗုဒ္ဓဘာသာအများစုနေထိုင်တဲ့ နိုင်ငံသားတွေကတောင် မကြေမနပ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် သံဃာကိုအစိုးရကကြိုးကိုင်မှု ပိုပြင်းထန်ခဲ့တာအများအသိပါ။ သာသနာထွန်းကားရေးဆိုပြီး ရှိသမျှ သံဃာ့ကိစ္စတွေကိုကြိုးကိုင်ခဲ့ပါတယ်။ မင်းအုပ်ချုပ်သူရဲ့တာဝန်က လွတ်လပ်စွာဖွဲ့စည်းထား တဲ့သံဃာ့ ဂိုဏ်းအဖွဲ့စည်းအသီးသီးရဲ့ ဓမ္မစက်ကို အာဏာစက်နဲ့အားဖြည့်ပေးဘို့ပါ။ ရတနာ(၃)ပါးမှာတပါးဝင်တဲ့ ဝိနည်းကရှိပြီးသားပါ။ သံဃာ့ဝန်လုပ်ငန်းဟာ public commodity မဟုတ်တာမို့၊ သာသနာ့အာဏာစက်လျော့နည်းလာတာ သံဃာကိုလူဝတ်ကြောင်တို့လေးစားမှုနည်းလာတာတွေဟာ၊ မလိုလားအပ်တဲ့ပြင်ပအာဏာစက်ရဲ့ ချုတ်ကိုင်မှုတွေကြောင့်လည်းပါပါတယ်။ အစိုးရ နဲ့ စေတီယင်္ဂန ဓမ္မာစရိယ စာပြန်ပွဲတွေစာဖြေပွဲတွေ လုပ်ရာမှာ အစိုးရက ပစ္စည်း(၄)ပါးဒါယကာလုပ်ပါ၊ “နဖူးပေါ်လက်တင်တဲ့တာဝန်နဲ့ လက်ပေါ်နဖူးတင်တဲ့တာဝန်”(၂)ခုကို ပြိုင်တူတာဝန်ယူတဲု့ ယူနီဖေါင်းဝတ်များရဲ့ဆရာလုပ်လမ်းညွှန်မှုတွေမရှိသင့်ပါဘူး။
    “ကြံပင်တွင်း ဆစ်ပိုးဝင်ပြီး ကြံခင်းပျက်စီးသကဲ့သို့၊ သံဃာာတွင်း မိန်းမများဝင်ရောက်လာချင်းကြောင့် သာသနာ ပျက်စီးနိုင်ကြောင်း” ဗုဒ္ဓက သီလရှင်များဝင်ရောက်လာခြင်းကိုတားမြစ်ခဲ့ပေမဲ့၊ နောက်ဆုံးမိထွေးတော်ဂေါတမီ ရဲ့တောင်းပန်မှူတတိယအကြိမ်ကျမှဝင်ခွင့်ပြုခဲ့ပါတယ်။ ရိပ်သာ၊ ဘုန်းကြီးကျောင်းတွေမှာဒါယကာမများကသာအဝင်အထွက်တနေ့တခြားများလာတာတွေကလဲ နောက်တကြောင်းပါ။ လင်ယောက်ျားအလုပ်ရာထူးကိစ္စ၊ သားသမီးကိစ္စ၊ စီးပွားရေး၊အကြံကိစ္စကအစ၊ ယူတ်စွအဆုံး ချဲထီကိစ္စတွေပါမကျန်ပေါင်ဗျာ၊ မေးချင်ပါတယ်၊ အဘိဓမ္မာကိစ္စဘယ်နှစ်ယောက်များမေးကြသလဲလို့။
    အရှင်ဘုရားပြောတဲ့ မြန်မာနိုင်ငံတွင်သာမက ပြည်ပတွေမှာရှိတဲ့ ဓမ္မာရုံတွေသော့ခတ်ထားတဲ့ရက်ပိုများရတာကတော့ ရှင်းပါတယ်၊ လာကြသူတွေ မိသားစုချင်း၊ သားသမီးချင်း၊ဆွေမျိုးချင်းပြိုင်ရေးကိစ္စမရှိကြသေးလို့ပါ၊ အော်…မေ့သွားလို့၊ ဝါတွင်းအာရုံဆွမ်းခံကိစ္စအတွက် “ဘွမ်ေတော..” ကိုကာလသားတွေတာဝန်ယူထားတယ်လေ။ အာရှမှာ ပရိယတ်၊ပဋိပတ် နဲ့ပဋ်ဝေဒ သာသနာဆက်အဓွန်ရှည်ရေး တပည့်တော်တို့ဘက်ကစောင်ရမဲ့စည်း၊ လိုက်နာရမဲ့ဝန်များသိထားလိုက်နာကြသလို၊ အရှင်ဘုရားတို့ဘက်ကလည်းနားလည်ဘို့ အုပ်ချုပ်သူမင်းတွေကလည်း အာဏာစက်ကိုတရားလက်လွတ်မသုံးကြဘို့အထူးဘဲလိုကြောင်းပါ။

  • Tettoe Aung

    January 17, 2011 at 1:26 pm

    When we don’t have a legitimate government, how can we get rid of ‘permit phongyi’? Not only the military government that is greedy but also ‘samudhi sangha’ are too, like their unashamed cravings for ‘(without) permit cars’. How can they ever justify their actions with what’s in ‘Visuddhi Magga’? What reminded me of the Shanga Council under this military regime is the joke my father told me when I was young. In that joke a monk who craved for pork or preferred pork over ‘chinbaung-gyaw’ asked the two lay-dayikas to have him as the ‘tug-of-war’. The dayika whose dana is going to be ‘chinbaung’ knew that the monk was baised against him. So, he let go of the monk’s hand saying, “since you preferred ‘pork’ over ‘chinbaung’ so be it, you bald headed”. It’s not easy to be a monk but if one chose to become one he should do his utmost to live in accordance with Vinaya Pitaka. We cannot claim to be a ‘Buddhist country’ because majority of the people are Buddhist in Burma but the question is, ‘Do they lived in accordance with the Buddhist principles?” I doubt it. I now live in a country where majority is Christian but even animals, birds and other living beings have their ‘right to life’ respected. If our spiritual leaders or ‘Sasana-baing’ are contented with the luxuries, such as, chauffeur-driven cars, flying the flags as if they were ‘ambassadors’ then Buddhism for us will be just an ’empty shell’.

  • bigbird

    January 17, 2011 at 3:41 pm

    ပေါများနေရင် ရတနာ ဘယ်ဟုတ်တော့မှာလဲဘုရား၊၊စစ်မှန်ပြီး ကျင့်ကြံအား
    ထုတ်ရန် ခက်ခဲတဲ့ တပြည့်တော်တို ့ရဲ ့ထေရဝါရ ဗုဒ္ဓဘာသာကို တပြည့်တော်
    အသက်ထက် တန်ဖိုးထားပါတယ်ဘုရား။ နောင်လာနောက်သား တွေကိုလည်း
    လက်လှမ်းမှီသလောက် ဘယ်ကဲ့သို ့တန်ဖိုးရှိကြောင်း မည်သို ့စစ်မှန်ကြောင်း
    တွေကို တတ်နိုင်သလောက် သင်ကြားပြောပြ သွားမှာပါဘုရား။

Leave a Reply