မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းဖို့ ASIAN တိုက်တွန်း

ဂ်စ္စူJanuary 17, 20111min802

မြန်မာစစ်အစိုးရအပေါ် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ (EU) တို့က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတာတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က တိုက်တွန်းလိုက်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ။

AP

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ။ စက်တင်ဘာ ၂၀၊ ၂၀၁၀။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့တာတွေလို ဖြစ်ထွန်းမှုတွေအပေါ် နိုင်ငံတကာ အသိုင်းအဝန်းက တုံ့ပြန်တဲ့ အနေနဲ့ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့တာမျိုးလုပ်ဖို့ လိုတယ်လို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းက အစည်းအဝေးအတွင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။

အာဆီယံအသင်း အနေနဲ့လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်မှုတွေရအောင် ဒီနှစ်ထဲမှာ ဖိအားပေး ဆောင်ရွက်သွားမယ်လို့ ၂၀၁၁ ခုနှစ်မှာ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ရဖို့ လိုတယ်၊ သူဟာ အဖြေရှာရာမှာ တစိတ်တပိုင်း ဖြစ်တယ်၊ ပြဿနာတရပ် မဟုတ်ပါဘူးလို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲအတွင်း ပြောဆိုလိုက်တာပါ။

ဖွံ့ဖြိုးတိုးတက်မှုတွေကို တခုချင်းစီ ခွဲခြားလို့ မရဘူးလို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ရှေ့လာမယ့် ၂၀၁၄ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံက ထမ်းဆောင်ဖို့ ဆန္ဒရှိနေတယ်လို့ အသင်းရဲ့ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့လည်း ဒီလိုဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံမှာ တည်ငြိမ်မှု ရှိတယ်လို့ နိုင်ငံတကာက လက်ခံယုံကြည်မှုတွေ လိုအပ်လိမ့်မယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲအတွင်း အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက အာဆီယံအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ အလှည့်ကျစဉ်မှာတော့ နိုင်ငံရေး၊ လူ့အခွင့်အရေး တိုးတက်မှု မရှိတဲ့အပေါ် ဝေဖန်ပြစ်တင်ခံရမှုတွေနဲ့အတူ မြန်မာစစ်အစိုးရက တာဝန်ယူဖို့ ရှောင်ရှားခဲ့တာ ဖြစ်ပါတယ်။

နားဆင်ချင်ရင်

Source:voa

2 comments

  • လင်းဝေကျော်

    January 17, 2011 at 5:44 am

    ဒီတစ်ခါတော့ လုပ်ကြည့်ဦးမယ်ဆိုပါလား

  • nyimalay

    January 17, 2011 at 10:44 am

    ကောင်းပါတယ် ဒါမှ ပိစိကွေးတို့ အလုပ်အကိုင်ကောင်းကောင်း လုပ်ရမှာ………

Leave a Reply