စာဆိုတော်လစာပေဟောပြောပွဲများ နှင့် ကျွန်တော်သိသော….ဆရာတင်မိုး

maungmoenyoJanuary 17, 20111min852

“ခင်ဗျားအဒေါ်ပေါ့ဗျာ၊ ကျွန်တော့ကိုဒေါ်စုနဲ့မိတ်ဆက်ပေးတာ”… ဆရာတင်မိုးမဆုံးမှီနှစ်ကLAဘက်တွင်ကျင်းပသော(အမျိုးသားနေ့ကိုလည်းကြိုဆိုသော)စာပေဟောပြောပွဲတခုသို့မောင်မိုးညိုရောက်သွားပါသည်။ မှတ်မှတ်၇ရယင်းကားဆရာ့ကိုနောက်ဆုံးအကြိမ်တွေ့ခွင့်ရလိုက်ခြင်းပင်။ ခမ်းမထဲများလှစွာသောလူအုပ်ကြောင့်ငြီးစီစီရှိဟန်တူသောဆရာကတံခါးပေါက်သို့နားမောင်မိုးညိုကိုခေါ်သွားပြီးသူအမေရိကားကိုရောက်လာပုံကိုဖေါက်သည်ချပါသည်။ “ခက်တယ်ဗျာ။ ဗမာတွေမညီညွတ်ကြဘူး။ နယ်စပ်ရောက်တုံးကလည်းကျောင်းသားချင်း၊ကျောင်းသားနဲ့ဝန်ထမ်းချင်းကြားပြဿနာရှိကြလို့ကြားဝင်ရင်းတခါတခါကိုယ်ပါတရားခံဖြစ်လို့နောက်ကိုအသာရှောင်ရတယ်။ သူများတိုင်းပြည်ရောက်လို့အနေအထိုင်လည်း မဆင်ခြင်ကြဘူး”….ဆရာ့၏စိတ်ပျက်ငြီးငြူသံကိုကြားရောင်မိသည်။ လနတ္တော်နှင့်စာပေဟောပြောပွဲကား ရှေးစာဆိုအသီးသီးကအမွှန်းတင်ရေးခဲ့သောရာသီနှင့်ပွဲလိုက်ဖက်ညီလှပေ၏။ မောင်မိုးညို၏အဒေါ် တော်သူဒေါ်ခင်မိမိ နှင့်ဆရာတင်မိုးတို့ကား ပြည်လမ်း (လိပ်ခုံးနောက်ကျောရှိ)ဘီအိုစီကောလိပ်ဟောင်း အဆောက်အဦတွင်တည်ရှိသောတက္ကသိုလ်ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနတွင်အတူတွဲ၍နှစ်များစွာလုပ်ခဲ့ဘူးသောလုပ်ဖေါ်များပင်။ အဒေါ်လုပ်သူကားဆေးကျောင်းတွင်လာတက်သောမောင်မိုးညို တို့ညီအကိုနှစ်ယောက်လုံးကိုနေ့စဉ်သူ့ဆီလာထမင်းစားစေသည်။ အပျိုကြီးတဦးဖြစ်သည်နှင့်အညီစည်းကမ်း ကြီးလှသောအဒေါ်ဖြစ်သူကပြောဆိုဆုံးမမှုတွေလုပ်တိုင်းမျက်စောင်းထိုးစားပွဲတွင်ထိုင်အလုပ်လုပ်သောဆရာတင်မိုးကလှမ်းကြည့်ပြီးပြုံးပြတတ်သည်ကိုကောင်းစွာမှတ်မိမိသည်။ ဆရာနှင့်အတူတဌာနထဲလုပ်ကြသူ အချိုး့ကိုမှတ်မိပါသည်။ ဆရာဦးတက်တိုးနှင့်ဒေါ်နုယဉ်တို့၏သားကိုမြင့်အောင်၊ ပြီးတော့ စာရေးဆရာကြီး ဦးသိန်းဖေမြင့်၏ဇနီးဒေါ်ခင်ကြည်ကြည်ကားဌာန၏အကြီးအကဲဖြစ်မည်ထင်ပါသည်။ အခြားစာရေးဆရာ၊ စာပေပညာရှင်များလည်းရှိကြေ ာင်းသိရသဖြင့်စာပေပညာရှင်များကျက်စားကျင်လည်ရာအရပ်ဟုဆိုရမည်။ ဆရာမရှိမှဆရာ့ကိုလွမ်းမိသလိုဆရာ၏ကဗျာနှင့်အဟောလေးတွေပြန်တမ်းတမိပေမဲ့အခါကနှောင်းခဲ့ပြီ။ ဆရာ့ဆီကအိမ်လိပ်စာတောင်းသောအခါ Alhambra မြို့ ကိုမြန်မာလိုရေးပြီးမြန်မာမှုပြုထားသောလိပ်စာကို ဆရာကမှတ်မှတ်၇ရရေးပေးပါသည်။ ခုထိရှိတုန်းပင်။ အင်္ဂလိပ်စာနှင့်မြင်နေကျစာကိုမြန်မာမှုပြုထားသည်ကို မြင်ရတော့ထူးဆန်းပေမဲ့၊ကျက်သေ၇ရှိသည်ဟုထင်ရသည်။ အော်..စာသမားပေသမားကိုး။

မောင်မိုးညိုတို့ဆေးတက္ကသိုလ်လိပ်ခုံးတွင်မှိုင်းရာပြည့်လှုပ်ရှားမှုပြီးခါစစာပေဟောပြော်ပွဲကိုအမှတ်ရမိသည်။ စီစဉ်ကြသူတွေကဆရာတင်မိုးကိုလက်လွတ်မခံရအောင်ဖိတ်ကြသည်။ ကဗျာနှင့်ကျောင်းသားကားကင်း၍မရ သောမိတ်ဖက်များတည်း။ ကဗျာကြောင့်နှစ်ကိုယ်ရေးကိစ္စအဆင်ပြေသွားကြသည်များရှိသကဲ့သို့၊ ကဗျာကဖန်တီးဖြေရှင်းပေးသောကိစ္စများလဲများစွာပင်။ အတိတ်နမိတ်ကိုပေးသည်ကားကဗျာ။ ရင်ထဲကခံစားချက်ကိုလှစ်ဟပေးသည်ကားကဗျာ။ စာလုံးဝါကျတိုတိုနှင့်အလွန်ထိရောက်ပပေစွ။ ကဗျာနှင့်ကင်းနိုင်သူမရှိတော့ဆရာ့ကိုတက္ကသိုလ်လောကကသိကြသည်။ လေးစားကြသည်။ ဆရာနှင့်အတူ (ထိုစဉ်က)အောင်ဆန်းသူရိယလှသောင်းကျောင်း(ပြည်လမ်းကြံတောနှင့်မျက်နှာချင်းဆိုင်)မှဆရာမောင်စွမ်းရည်ကိုလာမဖြစ်မနေဖိတ်ရသည်။ ၊ နောက်တော့မောင်မိုးညိုကဘဲရန်ကုန်ဆူလေနှင့်အနော်ရထာလမ်းမကြီး ထောင့်ကွမ်းရာဆိုင်နောက်ဘက်မှာနေသော မောင်သော်က (ဗိုလ်မှူးဘသော်)ကိုပါသွားဖိတ်သဖြင့်ပွဲမှာ အတော်မြိုင်သွားသည်။ ဆေးတက္ကသိုလ်(၂)မှစာရေးဆရာဆရာဝန်မောင်မောင်ညိုကိုကားကျောင်းတော် ကရန်စကိုပြေစေခြင်းငှာအဆစ်ထဲ့လိုက်သည်။ နောက်မှကြားရသည်မှာ..ဆရာဒေါက်တာမောင်မောင်ညို၏ နိုင်ငံခြားမှအသစ်စက်စက်ဝယ်လာသော Volkswagen Golf အသစ်စက်စက်အစိမ်းရောင်ကားလေး ၏ဘီးကိုသကောင့်သားအချို့ကစာပေဟောပြောစဉ်ဖေါက်လိုက်ကြောင်းကြားရသည်။ ဆရာကားဒေါပွ၍ မဆုံး..”နေနှင့်အုံပေါ့ကွာ။ စာမေးပွဲမေးဖြေချိန် Viva ကျမှငါ့အကြောင်းသိစေရမယ်”ဟုကြိမ်းဝါးသံကြားသည်။ အူမြူးကြသူတွေအများသား။ ဆရာမောင်သော်က၏မဆလခေါင်းဆောင်များမညီမညွတ် ဖြစ်ကြပြီးရန်ဖြစ်ကြပုံကိုအာဏာလွန်ဆွဲကြပုံကိုခလေးငယ်များရန်ဖြစ်ပုံနှင့်ခိုင်းနှိုင်းဟောပြောသွားသည်ကိုဝါး လုံးကွဲရီကြသည်။ ဆရာတင်မိုး၏ “ဒေါက်တာအလောင်းစည်သူနှင့်ဆရာမမမိုးေ၇”ကဗျာကားစည်းပျက်စပြုနေ သောဆေးလောက၏ယို့ယွင်းမှုကိုဟာသနှော၍မီးမောင်းထိုးပြသွားသည်။ သိရသလောက်ထိုဟောပြောပွဲပြီး နောက်တနေ့တွင်ဆိုင်ရာပိုင်ရာတို့ကယင်းပွဲကိုတာဝန်ယူကျင်းပသောကျောင်းသားကြီးအချို့ကိုခေါ်ယူတွေ့ဆုံ ကြောင်းကြားလိုက်ရသည်။ ပြောင်မြောက်သောစာပေဟောပြောပွဲဖြစ်ပေစွ…။

ှပြည်ပရောက်စာပေဝါသနာအိုးများကလည်းများစွာသော အခက်အခဲကြားများကြားမှနှစ်စဉ်မဟုတ်သော်လည်း နှစ်ခြားစာပေဟောပြောပွဲများကိုကျင်းပနိုင်အောင်စီစဉ်ကြကြောင်းဝမ်းမြောက်ဘွယ်ကြားရသည်။ ကျေးဇူးအထူးတင်မိပါသည်။

စာပေကိုငတ်သော၊ လွတ်လပ်သောတွေးခေါ်ပြောဆိုမှုကိုမက်သောမြန်မာပြည်သူအပေါင်းကား ထိုသို့သောစာပေဟောပြောပွဲကိုမျှော်ကြသည်။ တမ်းတကြသည်။ စာပေပညာရှင်များ၏တင်္ခဏုပ္ပတ္တိ ဉာဏ်မြောက်သောစာပေစကားလုံးရွေးချေယ်မှု၊အနှောင်းအသွားလွတ်အောင်တင်ပြနိုင်မှုကိုအငန်းမရလိုက်ကြသည်။ ကိုယ်ရင်ထဲကမဖေါ်ပြနိုင်သော၊မဖေါ်ပြတတ်သောခံစားချက်ကိုစာပေပညာရှင်များ ကတန်ဆာဆင်ပေးကြသည်။ ချယ်မှုန်းပေးကြသည်။ ထိုနောက်သို့စာပေလိုက်စားသူတို့ကထမင်းမေ့ ဟင်းမေ့လိုက်ကြသည်။ စာပေလွတ်လပ်မှုဆိတ်သုဉ်းသောမြန်မာပြည်တွင်စာပေပညာရှင်များ၏ဥဏ် ကွန့်မြုးမှုကိုပြည်သူတို့ကတောင့်တကြသည်။ စာပေအဟောအပြောနောက်သို့ကောက်ကောက်ပါအောင် လိုက်ကြသူတို့တွင်မောင်မိုးညိုလည်းတယောက်အပါအဝင်။ နောက်လိုက်ကောင်းတယောက်ဟုဆိုပါရစေ။ ဆရာတင်မိုးကိုအမေရိကားရောက်ပြီးမှနှစ်ခါသုံးခါလောက်သာတွေ့ခွင့်ရခဲ့သည်။ ဆရာသက်ရှိထင်ရှားစဉ်က နီးနီးစပ်စပ်မနေခဲ့သောကိုယ့်အဖြစ်ကိုခွင့်လွှတ်၍မဆုံး။ ကိုယ့်ကိုယ်ကိုအပြစ်တင်၍မဆုံး။ မြန်မာ့ဓလေ့၊ယဉ်ကျေးမှုနှင့်ပြည်သူတွေကိုဆရာလွမ်းမိမှာအမှန်ပင်။ ဆရာ့နောက်ဆုံခရီးတွင်ကျန်ရစ်သောဆရာ့မိသားစုသမီးတို့ကိုဆရာမောင်စွမ်းရည်ကမိတ်ဆက်ပေးသည်။ ရုတ်တရက်ကွယ်လွန်သွားရှာသောဆရာ့ကိုကြွရောက်လာသူတပည့်များကမျက်ရေလည်ရွဲကြားမှနောက်ဆုံးဂါ၇ဝပြုကြသည်။ ဆရာချစ်သော တိုင်းပြည်၏လွတ်လပ်သောဒီမိုကရေစီခေတ်ကိုဆရာမြင်မသွာနိုင်တော့။ ဆရာချစ်သောကိုယ်တိုင်းပြည်ကိုယ့်ဒေသသို့ဆရာပြန်ခွင့်မရလိုက်ခြင်းကိုကြည့်ပြီးစိတ်ထိခိုက်မိသည်။

နိုင်ငံရေးအစိုးရလက်ထက်ကနိုင်ငံရေးခေါင်းဆောင်များထဲတွင်စာအများဆုံဖတ်သောနိုင်ငံရေးခေါင်းဆောင်ဟူ၍ဦးကျော်ငြိမ်း (တည်မြဲ ဖဆပလ ဒုဝန်ကြီးချုပ်)ရှိခဲ့သည်ဟုကြားဘူးသည်။ နိုင်ငံစုံရောက်လေရာကိုယ့်အတွက်လဲ စာအုပ်ဝယ်စုဆောင်း၊ တိုင်းပြည်အတွက်လဲစာအုပ်တွေတင်သွင်းနိုင်သလောက်လုပ်သည်ဟုကြားဘူးသည်။ ရင်းနှီးကြသူတိုင်းကိုစာဖတ်ကြဘို့အတင်းတိုက်တွန်းသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုလည်းစာဖတ်သောစာဂျပိုး ဟုတက္ကသိုလ်လောကသားတို့ကသိထားခဲ့ကြသည်။ ဒီဒုတ်ဦးဘချိုဆိုလျင်စာဖတ်ရင်းနှင့်စာထဲပါသောကိစ္စကို နီးရာလူနဲ့ဆွေးနွေးတတ်ကြောင်းသူ၏လက်ရေးတိုစာရေးလုပ်ဘူးသောမောင်မိုးညို၏မိခင်ကပြောဘူးသည်။ စာထဲပါသောအကြောင်းအရာကိုအပြန်အလှန်ဆွေးနွေးတတ်ကြောင်းသိရသည်။ ဆရာကြီးဦးရာဇတ်နှင့် မန်းဘခိုင်တို့ကားကျောင်းဆရာဘဝနှင့်ပင်စာပေနှင့်မွေ့လျော်ပြီးစာကြည့်တိုက်တွေလက်လှမ်းမှီရာဖွင့်လှစ်ဖို့အထူးအားပေးကြသူများပင်။ စာပေ၏အစွမ်းကိုသိတော့စာပေကိုအားပေးကြသည်။ ပညာတတ်များကြီးစိုးခဲ့သော တခုတည်းသောအစိုးရအဖွဲ့ဆိုလျင်မှားမည်မထင်။ စာပေအသိပညာတိုးတက်သောအနောက်နိုင်ငံများက ဖွံ့ဖြိုးကြသည်ကိုကြည့်ပါ။ ပညာတတ်များနေရာရကြသောကြောင့်ပင်။ စာပေပညာရှင်များကားချမ်းသာကြွယ်ဝ သောအဆင့်တွင်နေထိုင်နိုင်သည်။ မြန်မာနိုင်ငံတွင်ကားစာပေလိုက်စားလေ၊ လူထုနှင့်နီးစပ်လေ၊ လူထုနှင့်နီးစပ်လေ၊ဆင်းရဲဘို့နှင့်အာဏာရအစိုးရ၏ငြိုငြင်မှုကိုခံရလေပင်။ မြန်မာစာပေပညာရှင်များကား အရွယ်ရင့်လေဆင်းရဲလေဖြစ်ကြကုန်၏။ မျက်စေ့ရှေ့တွင်ပင်စာပေပညာရှင်များကားတဖြုတ်ဖြုတ် နှင့်ကွယ်လွန်ကုန်ကြသည်။ သူတို့၏အစွမ်းထက်လှသောစာပေစွမ်းအင်ကားအာဏာရှင်များ၏ သေနတ်အောက်တွင်အဟောသိကံဖြစ်ကြကုန်သည်။ သူတို့၏အဘိုးမဖြတ်နိုင်သောစာပေနှင့်အကြောင်း ကြောင်းကြောင့်မထုတ်ဝေဖြစ်ခဲ့သောစာမူကြမ်းများစွာများစွာတို့ကားသူတို့၏ပြာနှင့်အတူလွင့်ပြောက်ကွယ်ကြပါပကော။ ရင်နင့်ဘွယ်ကောင်းပေစွ….။

များလှစွာသောမြန်မာစာပေပညာရှင်တို့ကား “ဆေးလိပ်လည်းတို..နေလည်းညို” ခဲ့ပါပကော…….။

(ပါဝင်သောအချက်အလက်များတွင်မှာယွင်းမှု၊လိုအပ်မှုများရှိပါကမောင်မိုးညို၏မှတ်ဉာဏ်နဲမှုကြောင့်ဟုမှတ်

ယူပြီးအကြံပေးကြပါပြင်ဆင်ပေးကြပါ။)

(၂၀၁၀) ဒီဇင်ဘာ ထုတ် ရတနာပုံနေပြည်တော် သတင်းစာတွင်ဖေါ်ပြပြီး)

2 comments

  • bigcat

    January 17, 2011 at 6:44 am

    အန်တီစုနဲ့စပြီး သူ့အကြောင်းလဲပါဘူး..

  • maungmoenyo

    January 18, 2011 at 1:47 am

    ဆရာဂျမ်း လို့လဲချစ်စနိုးအမည်တွင်တဲ့ ဆရာတင်မိုးက NLD တတ်သိပညာရှင်များအဖွဲ့မှာ လှုပ်ရှားခဲ့ကြောင်းကြားဘူးပါတယ်။ ဆရာ့ကို မောင်မိုးညို ရဲံအဒေါ်လုပ်သူက ခေါ်သွားပြီးမိတ်ဆက်ပေးတယ်လို့ဘဲပြောပါတယ်။ ကြားဘူးသလောက်အဒေါ်လုပ်သူရဲ့ မိဘဘိုးဘွားများ က ဗိုလ်ချုပ်ရဲ့မိခင်ဒေါ်စု နဲ့ ငယ်သူငယ်ချင်းတွေဖြစ်တယ်လောက်တော့ သိုးသိုးသန့်သန့်ကြားဘူးပါတယ်။ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်နဲ့ လဲအဝင်အထွက်ရှိကြပုံရပါတယ်။ ကြားစကားမို့သတင်းကားတယ်ဖြစ်မှာစိုးလို့ဒိလောက်နဲ့ဘဲကြေနပ်ပေးပါ ကိုကြောင်ကြီးရေ့…။ အဒေါ်လုပ်သူကလဲ အိုကြီးအိုမနဲ့ခုထိသူ့ဝမ်းစာကြောင်းနေရကြောင်း၊ ၂၀၀၄ ခုနှစ်ရန်ကုန်ပြန်စဉ်က ်ကြားခဲ့ရပါတယ်။ သူ့မှာလဲ သက်ဆိုင်ရာကင်ပေတိုင်များက အမေးမြန်းတွေမကြာခနခံရသူမို့ပါ။ ဒေါ်စု နဲ့ ဘယ်လိုဆက်သွယ်လှုပ်ရှားခဲ့တဲ့ ကိစ္စတွေ ကိုတော့ မေးမြန်ခွင့်မရခဲ့ပါဘူး။ ခေတ်သမို်င်းရဲ့ရှေ့မှီနောက်မှီ တစ်ဦးမို့ ဒေါ်စုက consult လုပ်မှာအမှန်ပါလို့…။

Leave a Reply