အလုပ်အင်တာဗျူးနဲ့ တန်ရာတန်ကြေး

ၾကယ္ေလးJanuary 17, 20111min1268

မောက္ခ ပ ညာ ရေး မဂ္ဂဇင်း မှ ကူး ယူဖော်ပြသည်

http://www.maukkha.org/index.php?option=com_content&view=article&id=1268:2011-01-15-18-38-29&catid=92:library-&Itemid=386

“လူတွေကလဲခက်တာပဲ၊ ကိုယ့်ပညာပဲ ကိုယ် တန်ဖိုးမထားကြတာလား၊ တန် ဖိုးထားချင်ရက်နဲ့ ဝမ်းရေးကြောင့် တန် ဖိုးထားခွင့် မရကြတာပဲလား။ အလုပ် လျှောက်ကြတဲ့အခါ မျှှော်မှန်းလစာ ဆိုတာကို တန်ရာတန်ကြေး ရဲရဲမတောင်းရဲဘူး။

အလုပ်ရှင်က တောင်း တာများတယ်ဆိုပြီး အလုပ်မခန့်မှာစိုးတာနဲ့ အလုပ်ရလိုဇောနဲ့ လျှော့ဈေးပေါ့ဈေးတွေ တောင်းကြတယ်။ အလုပ်ရှင်ဆိုတဲ့ လူတန်းစားကလဲ တန်ရာတန်ကြေးပေးဖို့ထက် လုပ်အားခ ဘယ်လိုဈေးနှိမ်ရမလဲပဲ တွက်ကြတာများတယ်။ ပညာတတ်(ဘွဲ့ရ)တွေ ဖေါင်းပွပြီး အလုပ်အကိုင်ရှားပါးတဲ့ခေတ်၊ ကုန်ဈေးနှုန်းတွေအစစ မြင့်မားနေတာကြောင့် ဝင်ငွေရှိနေတာတောင် နေရေးစားရေးလောက်ငှဘို့ မလွယ်တဲ့ခေတ် ဆိုတော့လဲ ပေါချောင်ကောင်း ဝန်ထမ်းရဖို့ပဲ စဉ်းစားနေတဲ့ အလုပ်ရှင်တွေအကြိုက် ဖြစ်နေတော့တာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ်လေ ဇော်ဇော်ထက်တို့ကတော့ ကိုယ့်ပညာကိုယ် တန်ဖိုးထားတယ်၊ ကိုယ့်လုပ်နိုင်စွမ်း ကိုယ်ယုံတယ်။ ဒါ့ကြောင့် လစာကို တန်ရာတန်ကြေး ရဲရဲတောင်းမယ်။ ရရင် စိတ်ကျေနပ်လောက်ရင် လုပ်မယ်၊ မရရင်တော့မလုပ်ဘူး”

အလုပ်လျှောက်ထားပြီး အင်တာဗျူးရမယ့်နေ့ရောက်တော့ ကိုယ့်အလှည့်မရောက်ခင်လေး ကိုယ့်ရှေ့က တစ်ယောက်ကို ဗျူးနေတုန်း သူဌေးရုံးခန်းရှေ့ကနေ ခဏစောင့်နေရတယ်။ အထဲမှာ ဗျူးနေတာ အတိုင်းသားကြားနေရတယ်။

“မင်းကလဲကွာ မျှော်မှန်းလစာက နှစ်သောင်းတောင်ဆိုတော့ မများဘူးလား၊ ငါ့ဆီမှာ လေးငါးနှစ်လုပ်ပြီးတဲ့ အင်ဂျင်နီယာတွေကိုတောင် နှစ်သောင်းခွဲပဲ ပေးထားတာ”

“ဟုတ်ကဲ့ ၊ ကျွန်တော်တောင်းထားတာပါ ၊ သူဌေးသင့်တော်သလို ဖြတ်ပေးပါ” တဲ့။

ဖွတ်ကြား၊ ကိုယ်ဘာသာတောင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတာ သူများက(အလုပ်ရှင်တွေက) တန်ဖိုးထားတော့မတဲ့လား။ မများပါဘူး ဘာညာပြောမှပေါ့။ ခုတော့ အလုပ်ရပြီးရော ပေးသလောက်နဲ့ လုပ်မယ့်သဘောရှိတယ်။ ကြည့်ရတာ အတတ်ပညာပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပုံမရသေးဘူး။ ဘယ်လောက်ပဲ ပေါချောင်ကောင်းကြိုက်တဲ့ သူဌေးဖြစ်ဖြစ် ခေါင်းလျှိုလွန်းတာ သတိထားမိလို့ အထင်သေးသွားပြန်ရင်လဲ အလုပ်ခန့်ချင်မှာမဟုတ်ဘူး။

“အေးကွာ ဒါဆိုလုပ်ငန်းပိုင်းဆိုင်ရာ နည်းနည်းမေးကြည့်ရအောင်၊ Footing တွေမှာ အောက်ခံ Lean ကွန်ကရိနဲ့ သံဇကာ ဘယ်လောက် ခြားရမလဲကွ”

“ဟုတ်ကဲ့ ၆ လက်မလောက် ခြားမယ်ထင်ပါတယ် ”

“မင်းကလဲကွာ ၉ လက်မ မဟုတ်ဘူးလားကွ”

“ဪ .. ဟုတ်တယ်ခင်ဗျ၊ ၉ လက်မပါ ၉လက်မလောက် ခြားတာပါ ”

“အေးအေး မင်းသိသားပဲကွ၊ ဒီလောက်ဆိုရပါပြီ။ ဒီလျှောက်လွှာထဲမှာ မင်းကိုဆက်သွယ်ရမယ့် ဖုန်းနံပါတ်ပါတယ်မလား၊ အလုပ်ခန့်မယ်ဆို ဖုန်းဆက် အကြောင်းပြန်လိုက်မယ်နော်၊ မင်းသွားလို့ရပါပြီ ”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”

အလကားကောင်၊ ဟိုကတလွဲမေးတာကို တလွဲတွေပြန်ဖြေပြီး ရွဲ့ပြောနေလို့ ပြောနေမှန်းလဲမသိ၊ အလုပ်မခန့်ချင်တော့လို့ ပါးပါးလေး ပြောလွှတ်လိုက်တာလဲ နားမလည်၊ အဲလိုကောင်တွေကြောင့် ပညာသည်တွေ ဈေးကျနေတာ..။

“နောက်တယောက်”

“ကိုဇော်ဇော်ထက် ဝင်လို့ရပါပြီ”

ကျွန်တော် သူဌေးရုံးခန်းထဲဝင်သွားတော့ သူဌေးလက်ထဲမှာ ကျွန်တော့် အလုပ်လျှောက်လွှာ၊ ကိုယ်ရေးရာဇဝင်ဖိုင်နဲ့ လုပ်ဖူးခဲ့တဲ့ ကုမ္ပဏီတွေဆီက ထောက်ခံချက်တွေ အတွဲလိုက်ကို မျက်မှောင်ကြုံ့ပြီး စိတ်ဝင်တစား ဖတ်နေတာကိုတွေ့ရပါတယ်။ သူဌေးစားပွဲရှေ့မှာ အင်တာဗျူးလာဖြေသူ ထိုင်ဖို့ခုံတစ်လုံးရှိနေပေမဲ့၊ ကျွန်တော်ဝင် မထိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဧည့်သည်လိုတွေးရင် အိမ်ရှင်က နေရာပေးမှ ထိုင်သင့်တယ်ဆိုတာမျိုး။ အလုပ်လာတောင်းသူလို့တွေးရင် အလုပ်ရှင် ခွင့်ပြုချက်တော့ စောင့်သင့်တယ်ဆိုတာမျိုး။ ကျွန်တော်လိုလိုလားလား လက်ခံထားတဲ့အတွက် ရိုကျိုးနေတဲ့ပုံမျိုးမဟုတ်ဘဲ လေးစားတဲ့ပုံမျိုး၊ မာန်တက်နေတဲ့ပုံမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေတဲ့ပုံမျိုးနဲ့ ရပ်နေလိုက်ပါတယ်။

သူဌေးက ကျွန်တော့ကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်လိုက်ပါတယ်။ ပြီးမှ “ထိုင်ပါ” ကျွန်တော်ဘာမှမပြောဘဲ၊ အသာဝင်ထိုင်လိုက်ပါတယ်။ သူကဘာမှမပြောသေးဘဲ ကျွန်တော့ဖိုင်ကို ဆက်ဖတ်နေပါတယ်။ ပြီးမှ သက်ပြင်း တစ်ချက်ချပြီး “မင်းက မျှော်မှန်းလစာက လေးသောင်း တောင်ဆိုတော့ မလွန်ဘူးလား”  တဲ့။

ကျွန်တော်မျှော်လင့်ထားပြီးသားပါ။ ရှေ့ကတစ်ယောက ်နှစ်သောင်းထဲတောင်းတာကိုတောင် များလှချည်လားဆိုပြီး ပြောနေသံကြား ထားတာ ကျွန်တော်က လေးသောင်းတောင်ဆိုတော့ အင်တာဗျူးစစချင်း ဒီပမာဏကနေစ စကားပြောရနိုင်တယ် ထင်ထားပြီးသား။ အဲဒီအတွက် ပြောဖို့စကားတွေလဲ ကျွန်တော့ရင်ထဲမှာရှိပြီးသား။

“အင်း ကျွန်တော့်အတွေ့အကြုံ၊ လုပ်နိုင်စွမ်းနဲ့ အတတ်ပညာပိုင်းဆိုင်ရာ၊ ဒီကုမ္ပဏီအပေါ် ဘယ်လိုအပြန်လှန် အကျိုးပြုနိုင်မလဲ ဆိုတာတွေ အရင်မမေးဘဲ ပေးရမဲ့လစာငွေ Amount အပေါ်ကနေ မလွန်ဘူးလားမေးတဲ့ အန်ကယ်က နဲနဲလွဲနေတယ်လို့ ထင်ပါတယ် ”

“ဟ မင်းက တယ်လာပါလားကွ။ ဟုတ်ပါပြီ၊ ငါလောသွားတယ်ထားပါ။ မင်းပြောသလိုပေါ့ကွာ၊ မင်းက အတွေ့အကြုံ ဘယ်လောက်ရှိပြီး ဘာတွေတတ်တယ်ပြောပါဦး”

“ကျွန်တော့်အတွေ့အကြုံနဲ့ လုပ်ခဲ့ဖူးတဲ့အလုပ်တွေ၊ အရင်အလုပ်ရှင်ဟောင်းတွေရဲ့ ထောက်ခံချက်တွေ အန်ကယ် ကိုင်ထားတဲ့ ဖိုင်ထဲမှာ တင်ပြထားပါတယ်။ အဲ့ဒီအထဲက အတိုင်း တကယ်ဟုတ်မဟုတ်ကတော့ အန်ကယ်ပဲ ကြိုက်ရာ မေးစစ်ဆေးပါ”

“အေး ဟုတ်ပြီ၊ အဲ့ဒါဆိုလဲ ပညာရပ်ဆိုင်ရာ အရင်မေးရတာပေါ့ကွာ။ မင်းခုန မင်းရှေ့က တယောက်ကို မေးတာတွေကြားလား”

“ဟုတ်ကဲ့ ကြားပါတယ်”

“မင်းဆိုရင် ဘယ်လိုဖြေမလဲ”

“ကျွန်တော့အနေနဲ့ပြောရရင် မေးခွန်းကမပြည့်စုံပါဘူး၊ Footing က ဘာ Footingလဲ၊ အဆောက်အဦအမျိုးအစားက ဘာလဲ၊ ဘယ်နှစ်ထပ်လဲ၊ Design ဘယ်လို လုပ်ထားလဲပေါ် မူတည်ပြီး Footing ထုအပေါ် မူတည်ပြီးမှ ဇကာနဲ့ Lean ကွန်ကရိကြား ဘယ်လောက်ခြားရမလဲ ပြောရမှာပါ၊ ယေဘူယျအားဖြင့်တော့ အောက်ခံ Lean ကွန်ကရိနဲ့ သံဇကာအနည်းဆုံး ၃လက္မ ခြားးရပါမယ်။ ဗမာပြည်အဆောက်အဦ အများစုကတော့ အလွယ်ပဲ Footing သံဇကာအောက်မှာ အုတ်ခဲကျိုး ခုနေကြတာပါပဲ”

“အေးကွ..မင်းအတွေ့အကြုံနဲ့ဆို ဒီလောက်တွေကတော့ ကောင်းကောင်းသိမှာပါပဲ။ လုပ်နိုင်စွမ်း ဘယ်လောက် ရှိမလဲဆိုတာအတွက် တစ်ခုမေးကြည့်မယ်ကွာ။ မင်းတို့ Site Engineer တွေရဲ့ တာဝန်ကဘာတွေလဲ”

“အဓိကလေးချက်ရှိပါတယ်။ နံပါတ်တစ်က ကိုယ်ကြီးကြပ်ရတဲ့ အဆောက်အဦပုံစံ မှန်ကန်ရေး၊ အရည်အသွေးပြည့်မှီရေးနဲ့ လက်ရာကောင်းမွန်ရေးပါ။ နှစ်က အသုံးပြုတဲ့ လုပ်အားခနဲ့ ပြီးစီးတဲ့ လုပ်ငန်းပမာဏ ကိုက်ညီအောင် ကြီးကြပ်နိုင်ဖို့ပါ။ သုံးက လုပ်ငန်းသုံးပစ္စည်းတွေ လေလွင့်မှုမရှိအောင် ထိမ်းသိမ်းရေးပါ။ လေးက လုပ်ငန်းခွင်အန္တရာယ် ကင်းရေးပါ”

“ဟုတ်တယ်၊ အဲဒါတွေပဲ။ ခုအင်ဂျင်နီယာတွေက ကိုယ့်တာဝန် ဘာလဲဆိုတာတောင် ကိုယ်မသိကြတာများတယ်။ အင်ဂျင်နီယာ အလုပ်က  လက်ညှိုးထိုးခါးထောက် ခိုင်းရုံလောက်ပဲ မှတ်နေကြတာ။ ဒီအချက်တွေကို နားလည်တယ်ဆိုရင်တော့ မင်းကိုအလုပ်ခန့်ဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ တောင်းတဲ့လစာ နည်းနည်းများနေတာတော့ လျှော့ကွာ”

“မများပါဘူးအန်ကယ်၊ ကုမ္မဏီအပေါ် အကျိုးပြုနိုင်စွမ်းဆိုတာနဲ့ အပြန်လှန်တန်ဖိုးထားမှု၊ စကားလုံးအရရိုင်းရိုင်းပြောရရင် တန်ရာတန်ကြေးဆိုတာနဲ့ တွက်ရင် ကျွန်တော် တောင်းထားတာ နည်းတောင်နေပါသေးတယ်။ ကျွန်တော်တွက်ပြပါ့မယ်။ Site Engineer တစ်ယောက်ရဲ့ တာဝန်တွေထဲက တခြား အကြောင်းအရာတွေမပြောနဲ့ဦး၊ လုပ်ငန်းသုံး ပစ္စည်းလေလွင့်မှု မရှိအောင် ထိမ်းသိမ်းတဲ့အပိုင်းနဲ့တင် အဆပေါင်းများစွာတန်နေပါပြီ။ တနေ့ကို ဘိလပ်မြေတစ်အိပ် မလေလွင့်အောင် ထိမ်းသိမ်းတာနဲ့တင် ခုပေါက်ဈေးနဲ့ဆို တစ်လခြောက်သောင်းဘိုးလောက် ကာမိပါတယ်။ ဖြတ်တောက်တဲ့ နေရာမှာပဲဖြစ်ဖြစ် ထင်းအတွက် အလုပ်သမားတွေ ဆွဲတာကိုပဲဖြစ်ဖြစ် တနေ့ကို သုံးနှစ်သစ် ပေရှစ်ဆယ်လောက် မလေလွင့်အောင် ထိမ်းသိမ်းနိုင်ရင် (တစ်လနှစ်တန်) လေးသိန်းဖိုးလောက် ကာမိပါတယ်။ ဒါတောင် တောသစ်ပဲရှိပါသေးတယ်။ ပျဉ်းကတိုးတို့ ကျွန်းတို့ဆို ဒီ့ထက် အများကြီးတန်ကြေးရှိတာပါ။ ဒါက မြင်သာလွယ်တဲ့ ပစ္စည်းတွေတင်ပါ။ တခြား အုပ်၊ သံချောင်း၊ အိမ်ရိုက်သံ၊ အိမ်သုတ်ဆေး စတဲ့လုပ်ငန်းသုံး ပစ္စည်းတိုင်းကိုလဲ မလေလွင့်အောင် ထိမ်းသိမ်းနိုင်ပါတယ်။ အဲဒီတော့ ကုမ္ပဏီအပေါ် ကျွန်တော်လုပ်ပေးနိုင်တာ အများကြီးရှိနေတဲ့အတွက် တန်ရာတန်ကြေးတွက်ရင် ကျွန်တော်တောင်းထားတဲ့လစာ လေးသောင်းဆိုတာ အန်ကယ်ပေးနိုင်တဲ့ လစာဆိုတာ ကျွန်တော်ယုံကြည်ပါတယ်”

“ဟုတ်ပါပြီ၊ မင်းကတော်တော်တော့ မြင်တတ်ပုံရပါတယ်။ မင်းပြောတဲ့အတိုင်း လုပ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့။    ဒီလိုတော့လုပ်၊ တခြားအင်ဂျင်နီယာတွေနဲ့လဲ လစာညှိလို့ရအောင် သုံးသောင်းခွဲယူလိုက်။ အဲဒါသုံးလပဲ၊ အဲဒီသုံးလအတွင်းမှာ မင်းက ပြောတဲ့အတိုင်း လုပ်နိုင်ရင် လစာကို ငါးသောင်းသတ်မှတ်ပေးမယ်။ မလုပ်နိုင်ဘဲ အပြောပဲရှိရင်ထွက်ပဲ။ ငါလဲတခြားလူတွေကို ဘာကြောင့်မင်းကို ဒီလစာပေးရလဲ အကြောင်းပြနိုင်တာပေါ့၊  သဘောတူရင်မနက်ဖြန်အလုပ်စဝင်လို့ရပြီ ”

“ဟုတ်ကဲ့ ၊ အဲဒီလိုဆိုကျွန်တော်သဘောတူပါတယ်၊ လစာရဖို့ အလုပ်လုပ်တာလို့သဘောမထားဘဲ ကိုယ့်မိသားစု စီးပွားရေးလို သဘောထားပြီး ကြိုးစားလုပ်ကိုင်ပါ့မယ် ”

“ အိုကေ၊ ငါ့ကုမ္ပဏီက ကြိုဆိုပါတယ်”

၂၀၀ဝခုနှစ်က ဇော်ဇော်ထက် ကြုံခဲ့ အလုပ်ရခဲ့တဲ့ အင်တာဗျူးတစ်ခုနဲ့ လစာတောင်းဆိုမှု အခြေအနေပါ။ ကြေးတန်းထိုးတာမျိုး မဟုတ်ဘဲ ကိုယ့်လုပ်နိုင်စွမ်းအပေါ်က တန်ရာတန်ကြေးတောင်းဆိုတာမျိုး အလုပ်တိုင်းမှာ ဖြစ်သင့်ပါတယ်။ ကိုယ်တိုင်က သက်ဆိုင်ရာ အလုပ်အပေါ် တကယ်ကျွမ်းးကျင်တတ်မြောက်ဖို့ပဲလိုပါတယ်။ ကိုယ်တတ်ထားတဲ့ ပညာရပ်အပေါ် မောက်ကြွားတာမဟုတ်ဘဲ တန်ဖိုးထားရင် တန်ရာတန်ကြေးဆိုတာ မလွှဲမသွေ ဖြစ်လာမှာပါ။

ပညာရှင်တိုင်း ပညာမာနရှိပြီး တန်ရာတန်ကြေးရနိုင်ကြပါစေ..။

မောင်ကျောင်းသား
[CODE]
http://www.maukkha.org/index.php?option=com_content&view=article&id=1268:2011-01-15-18-38-29&catid=92:library-&Itemid=386[/CODE]

8 comments

  • unclegyi1974

    January 17, 2011 at 5:02 pm

    ဒါပဲလေ ပညာရပ်တခုကိုတကယ်တတ်ရင်
    ဘယ်နေရာရောက်ရောက် လူတောတိုးပါတယ်

  • narziparty2009

    January 17, 2011 at 5:34 pm

    မှန်ပါတယ်စာရေးသူပြောတာတွေကိုလက်ခံပါတယ်။
    လူတွေကအလုပ်လျှောက်ရင်လစာနေရာမှာရဲရဲမရေးကြပါဘူး
    လစာမပြောနဲ.ရာထူးတောင် သင်.တော် ရာလို.တစ်ချို.ရေးကြပါတယ်။
    ကိုယ်တိုင်တောင်ကိုယ်ဘယ်နေရာနဲ.သင်.တော်လည်းမသိတာကို
    အလုပ်ပိုင်ရှင်ကဘယ်လိုလုပ်သိနိုင်မလဲ

  • skyaw

    January 18, 2011 at 9:26 am

    အရမ်းကောင်းတဲ့ post လေးပါ၊ အားလုံးအတုယူသင့်တယ်။

  • shweminthar

    January 18, 2011 at 4:19 pm

    အရမ်းကောင်းတဲ့ post လေးပါ၊ တကယ်ကို ကောင်းတယ်ဗျာ။
    ဗဟုသုတ ရတာပေါ့။ မှတ်သားထားရမယ်။

  • kopauk mandalay

    January 18, 2011 at 4:37 pm

    တကယ်သာဒီလိုပြောခဲ့တယ်ဆိုရင် အဲဒီလိုလူမျုးိကို
    သိပ်သဘောကျ သိပ်ကြိုက်လို့ မတ်တတ်ရပ်ပြီးလက်ခုပ်တီးပေးလိုက်ပါတယ်။

  • weiwei

    January 18, 2011 at 4:43 pm

    ကျွန်မ အလုပ်အင်တာဗျူးဖြေတုန်းက မေးခွန်းကတော့ တော်တော်ခက်ပါတယ် ….
    သမီး အဖေ အမေ နံမည် ဘယ်လိုခေါ်လဲတဲ့ ?
    သမီး အဖိုးရော နေကောင်းလားတဲ့ ?
    သမီးက ကျောင်းပြီးတာ ၂ နှစ်ရှိနေပြီး အခုမှ ဒီအလုပ်ကိုလျှောက်တာ ဘာကြောင့်လဲတဲ့ ?

    ပြီးတော့ အဖြေမှန်လို့ဆိုပြီး အလုပ်ခန့်လိုက်ပါတယ် ..

  • ဆူး

    January 18, 2011 at 4:50 pm

    အင်ဒါဗျူး မေးခွန်းတော့ ဖြေတော့.. ဘာတွေ သိလဲတဲ့.. သိတာ အကုန်ပြောလိုက်တယ်။ ဒါနဲ့သဘောကျသွားတယ် နောက်နေ့ စာထွက်လာတယ်။ အလုပ်ခန့်တယ်တဲ့။

  • etone

    January 19, 2011 at 8:00 am

    etone မှာလည်း အဲ့ဒီလို ကြုံဖူးတယ် …. ငါးနှစ်လောက်လုပ်နေတဲ့နေရာက စွန့်ခွာမလို့ တခြား အလုပ်က အင်ဗိုက်လုပ်တာ ….မျှော်မှန်းလစာတောင်းတော့ လက်ရှိထက် နှစ်ဆတင်တောင်းလိုက်တယ်လေ … ရရင်လုပ်မယ် မရရင်မလုပ်ဘူးပေါ့…. ။ မတန်ဘူးထင်ရင် မခေါ်နဲ့ အေးဆေးပေါ့ … ။ လျှော့ပါဦးလာပြောနေတော့ စိတ်ထဲသိပ်မတွေ့တာနဲ့ …. တောင်းတဲ့လစာက ဆရာတို့ ဒင်နာတစ်ခါစားစာလောက်တောင်မရှိဘူးလို့ပြောပေးလိုက်တယ်… ကိုရီးယားသူဌေးလည်း ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့တယ်… ။ အခုတော့လည်း ဒုံရင်းက ဒုံရင်းပါပဲ …..။

Leave a Reply