Tibet ခရီးစဉ် (၄)

weiweiJanuary 17, 20115min14011

တိဗက်ခရီးစဉ် (၄)

Sino-Nepal Friendship Highway road

လမ်းဘေးရှုခင်း

ဒီကနေ့မနက်မှာတော့ ၃ ညအိပ်ခရီးတစ်ခုအတွက် လိုအပ်တာတွေကို အဆင်သင့်ပြင်ဆင်ထားကြပါတယ်။ ဧဝရတ်တောင်ခြေမှာ တစ်ညအိပ်ဖု့ိအတွက် အချမ်းဒဏ်ခံနိုင်မဲ့ အဝတ်အစားတွေ၊ လမ်းခရီးမှာစားဖို့ စားစရာတွေနဲ့ လိုအပ်မဲ့ဆေးဝါးတွေကို အပြည့်အစုံစီစဉ်ထားလိုက်ပါတယ်။ မနက်စောစောစာကို ဟိုတယ်မှာစားပြီး မနက် ၈ နာရီမှာ ခရီးစထွက်ကြပါတယ်။ ဒရိုင်ဘာရယ် ခရီးသွားလမ်းညွှန်ရယ်၊ ကျွန်မတို့ သုံးယောက်ရယ် ကားတစ်စီးနဲ့ စထွက်ခဲ့ပါတယ်။
လားဆားမြို့က စထွက်လိုက်တာနဲ့ လမ်းခရီးက တောင်တွေ ကွေ့ပတ်ပြီးသွားရတယ်။ ပတ်ဝန်းကျင်က အရမ်းသာယာတယ်။ လာဆားကနေ နိပေါလ်ကိုသွားတဲ့ Sino-Nepal friendship Highway road ကနေ သွားရပါတယ်။ အဲဒီလမ်းမကြီးက လာဆားကနေ နိပေါလ် ခေတ္တမန္ဒူမြို့အထိပေါက်ပြီး ကီလိုမီတာ ၉၀ဝ ကျော်ရှိပါတယ်။ ယနေ့ခရီးစဉ်ကတော့ လားဆားကနေ တိဗက်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ Shigatse ရှီဂစီ မြို့အထိပါပဲ။ ရှီဂစီမှာ ညအိပ်ရမှာဖြစ်ပါတယ်။

ချောမွတ်နေတဲ့ အဝေးပြေးလမ်းမကြီးကနေ ပတ်ဝန်းကျင်က ရှုခင်းတွေကိုကြည့်ရင်း လိုက်ပါလာပါတယ်။ တောင်တွေကို တက်လိုက်ဆင်းလိုက်နဲ့ ရာသီဥတုကလဲ အုံ့ဆိုင်းဆိုင်းနဲ့ နေမထွက်သေးဘူး။ တစ်ချက်တစ်ချက် အိပ်ငိုက်သွားလိုက်နဲ့ ခဏလောက်နေတော့ အလွန်လှပတဲ့ ကျောက်စိမ်းရေကန်ကို တွေ့လိုက်ရတယ်။ ခရီးသွားလမ်းညွှန်က ရေကန်နဲ့ အနီးဆုံးနေရာမှာ ကားရပ်ပေးပြီး ဓါတ်ပုံရိုက်ဖို့ ပြောပါတယ်။ ရေကန်နားအထိ သွားဖို့အဆင်မပြေလို့ ဒီနားကနေပဲ ဓါတ်ပုံရိုက်ပါဆိုပြီး ပြောရင်း ရေကန်အကြောင်း ရှင်းပြပါတယ်။

ကျောက်စိမ်းရေကန်



ဒီရေကန်ကလဲ တိဗက်ပြည်နယ်ရဲ့ မြင့်မြတ်တယ့်ရေကန်သုံးခုထဲက တစ်ခုဖြစ်ပါတယ်။ Shannan region မှာတည်ရှိတဲ့ အစိမ်းရောင်ရှိတဲ့ ရေချိုရေကန်ဖြစ်တယ်။ မနေ့ကသွားခဲ့တဲ့ နမ်ဆိုရေကန်ကတော့ အပြာရောင် ရေငံရေကန်ပါ။ ဧရိယာ 246 စတုရန်းမိုင်ရှိလို့ ဟိမဝန္တာပတ်ဝန်းကျင်မှာ အကြီးဆုံးရေကန်တစ်ခုဖြစ်ပါတယ်။ ရေသေရေကန်ပါ။ ပတ်ဝန်းကျင်ကရေခဲတောင်တွေကပျော်ကျလာတယ့်ရေတွေနဲ့ ရေကန်ဖြစ်နေတာပါ။ အနက်ဆုံးနေရာမှာ မီတာ ၆ဝ အထိရှိပြီး အတိမ်ဆုံးအနက်က မီတာ ၂ဝ ရှိတယ်။ ဓါတ်ပုံထဲမှာတော့ ရာသီဥတုက မိုးအုံ့နေတာကြောင့်ရယ် အချိန်က မနက်စောစောဖြစ်တာကြောင့်ရယ် ရေကန်ရဲ့အလှကို ထင်ထင်ရှားရှားမမြင်ရတာပါ။ သဘာဝတရားရဲ့ အံ့မခန်းတယ့်အလှတစ်ခုပါပဲ။ ထူးခြားတာကတော့ ရေကန်လို့ခေါ်ပေမယ့် ရှည်ရှည်မျောမျောဖြစ်နေတော့ မြစ်ကလေးတစ်ခုလိုဖြစ်နေပါတယ်။
ကားပေါ်ကနေ တော်တော်သွားမိတဲ့အထိ အဲဒီကန်ကိုမြင်ရပါသေးတယ်။ ရင်ထဲကိုအေးသွားစေတဲ့ မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ ဆက်ပြီးသွားရင်းနဲ့ အိမ်ပုံစံတစ်ချို့ကို ဓါတ်ပုံရိုက်ထားခဲ့တယ်။ လှတဲ့ရှုခင်းတွေကိုလဲ ဓါတ်ပုံရိုက်ထားပါတယ်။ နေ့လည် ၁၂ နာရီလောက်ရောက်တော့ မြို့ကလေးတစ်မြို့မှာ နေ့လည်စာစားဖို့ ရပ်ပေးပါတယ်။ အဲဒီဆိုင်ကလေးက သူတို့ခရီးသွားရင် စားနေကျဆိုင်လေးဖြစ်မယ်ထင်ပါတယ်။ တရုတ်ဟင်းလျာအားလုံးရပါတယ်။ ဈေးတော့ နဲနဲကြီးပါတယ်။ ကျွန်မတို့ကတော့ စားနေကျအတိုင်း ကြက်သားပါတဲ့ဟင်းတစ်ခုနဲ့ အာလူးပါတဲ့ ဟင်းတစ်ခုမှာပြီး ၃ ယောက်ထမင်းစားလိုက်ကြပါတယ်။ ခဏလောက်နားကြပြီး ခရီးဆက်ကြပါတယ်။
လမ်းမှာ တောင်ထိပ်မှာ နှင်းတွေနဲ့ ဖြူဖွေးနေတဲ့ တောင်တစ်တောင်ကို တွေ့ခဲ့တယ်။ အဲဒီနားမှာ ခရီးသွားတွေ ခဏနားပြီး ဓါတ်ပုံရိုက်ကြပါတယ်။ နှင်းထုထည်တော်တော်ကြီးကြီး အရည်မပျော်ပဲရှိနေတာကြောင့် ထူးခြားနေတာဖြစ်ပါတယ်။ ကားရပ်လိုက်တာနဲ့ ကလေးတွေအများကြီး ဝိုင်းအုံလာပြီး မုန့်နဲ့ စာအုပ် ဘောလ်ပင်တွေ လာတောင်းကြပါတယ်။ အဲဒီလို ဆင်းရဲတဲ့ကလေးတွေရှိမှန်း ကြိုမသိခဲ့လို့ ဘာမှအပိုမယူသွားမိတာကို နောင်တရမိကြသေးတယ်။ ကျွန်မတို့ စားဖို့ယူသွားတဲ့ မုန့်တွေကိုပဲ ပေးခဲ့ပြီး သူတို့နဲ့ အတူ ဓါတ်ပုံခဲ့ကြသေးတယ်။

နှင်းတွေရှိတဲ့ တောင်

အမိုးအပြားနဲ့အိမ်ကလေးတွေ

နေ့လည် ၃ နာရီလောက်မှာ စက်ကျလို့ခေါ်တဲ့ ဘုန်းကြီးကျောင်းနဲ့ စေတီတစ်ခုကို ရောက်သွားပါတယ်။ အဝေးပြေးလမ်းမပေါ်ကနေ သက်သက်လမ်းခွဲပြီး သွားရတဲ့နေရာမှာတည်ရှိပါတယ်။ Shigatse မြို့ရဲ့ အနောင်တောင်ဘက်မှာတည်ရှိပါတယ်။ ၁၂၆၈ ခုနှစ်မှာ ဘုန်းကြီးကျောင်းကို ကျောက်တောင်တွေကိုထွင်းပြီး တည်ဆောက်ခဲ့ကြတယ်။ ထူးခြားတယ့် ဗိသုကာလက်ရာတွေနဲ့ သမိုင်းအထောက်အထားတွေအများဆုံးရှိတဲ့ ဘုန်းကြီးကျောင်းဖြစ်ပါတယ်။ သာသာနာဂိုဏ်းချုပ်နေရာလို့ပြောလို့ရမယ်ထင်ပါတယ်။ ၁၆ ရာစုနှစ်မှာပြန်လည်မွမ်းမံခဲ့ပါတယ်။ အဓိက စိတ်ဝင်စားစရာနေရာတွေက အတွင်းခန်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ဓါတ်ပုံရိုက်ခွင့်မပြုလို့ ဓါတ်ပုံမဖော်ပြနိုင်ပါဘူး။ ဘုန်းကြီးတွေ ဘုရားရှိခိုးတယ့်နေရာမှာရှိတဲ့ သစ်သားတိုင်လုံးတွေ၊ စာကြည့်တိုက်လို့နံမည်ပေးထားတယ့် အခန်းတွေထဲမှာ ပေစာ ပရပိုက်စာတွေ အများကြီးတွေ့ရတယ်။ ဘုန်းကြီးကျောင်းပတ်ပတ်လည်ကို တံတိုင်းတွေနဲ့ကာရံထားတယ်။ အခုအချိန်မှာတော့ အားလုံးအပြည့်တော့မကျန်တော့ဘူး။ စေတီကတော့ အဆင့် ၉ ဆင့်ရှိတယ့်စေတီပါ။ အပေါ်ဆုံးအဆင့်အထိ တက်လို့ရပါတယ်။ လက်ရာကတော့ နီပေါလ်စတိုင်ပဲ ။ လုမ္မနီဥယျာဉ်က စေတီမှာ တွေ့ဖူးခဲ့တယ့် မျက်လုံး ၂ လုံးကို အဲဒီစေတီရဲ့အပေါ်ဆုံးအရစ်မှာ တွေ့နိုင်ပါတယ်။
sakya ဘုန်းကြီးကျောင်းနဲ့စေတီ



နတ်ရုပ်တစ်ခု

စေတီပေါ်မှ မြင်ကွင်း

ရှေးဟောင်းလက်ရာ အဆောက်အဦး

ဘုန်းကြီးကျောင်းခေါင်မိုး

အဲဒီနေရာမှာ ဘုရားဖူးကားတစ်စီးလဲရောက်လာလို့ နဲနဲဆူညံသွားပါတယ်။ ဘုရားအတွင်းကနေ အပေါ်တက်တဲ့ပုံစံက ပုဂံကဘုရားတွေအထဲမှာတက်ရသလိုမျိုးဖြစ်နေပါတယ်။ စေတီပေါ်ကနေ မြင်ရတဲ့ ရှုခင်းကလဲ တစ်မျိုးဆန်းနေပါတယ်။ အဲဒီအချိန်က မိုးရွာနေလို့ ဓါတ်ပုံကောင်းကောင်းတွေတော့ သိပ်မရခဲ့ဘူး။
စေတီနဲ့ ဘုန်းကြီးကျောင်းကို တစ်နာရီလောက်ကြာအောင် လှည့်ပတ်ကြည့်ရှုပြီးတော့ ကျွန်မတို့တွေကို ညအိပ်နားမယ့် ရှီဂစီမြို့ထဲက ဟိုတယ်တစ်ခုကို ခေါ်သွားပါတယ်။ ဟိုတယ်ကိုရောက်တော့ ညနေ ၅ နာရီလောက်ရှိနေပါပြီ။ ညနေအချိန်က ကိုယ်ပိုင်အချိန်ဖြစ်လို့ မြို့ထဲကို လမ်းလျှောက်ထွက်ကြပြီး ညနေစာကို မြို့ထဲက ဆိုင်တစ်ခုမှာ ဝယ်စားလိုက်ကြပါတယ်။ အေးပြီး သန့်ရှင်းသပ်ရပ်တဲ့ မြို့ကလေးတစ်မြို့ဖြစ်ပါတယ်။ ထူးခြားတာကတော့ မြို့ထဲမှာ လူအရမ်းနဲနေပါတယ်။ လုံခြုံးရေးအပြည့်တင်းကြပ်ထားတဲ့မြို့တစ်မြို့ဖြစ်ပြီး အဲဒီမြို့ကနေကျော်တာနဲ့ သီးသန့်ဗီဇာတစ်ခုထပ်လိုပါတယ်။ စစ်ဆေးရေးဂိတ်ပေါင်း အထပ်ထပ်ကိုလဲ ဖြတ်ကျော်ရမှာမို့လို့ ခရီးသွားအများစု အဲဒီမြို့မှာ ညအိပ်ရပ်နားပြီး ဗီဇာလုပ်ပြီးမှ ခရီးဆက်လို့ရပါတယ်။

ရှီဂစီမြို့

ဟိုတယ်ရှေ့က ခေါက်ဆွဲဆိုင်

မြို့ထဲက ဘုန်းကြီးကျောင်းမုခ်ဦးတစ်ခု

ခရီးစဉ် (၅) ကတော့ ရှီဂစီကနေ ဧဝရတ်တောင်ခြေအထိ .. ဆက်လက်စောင့်မျှော် အားပေးပါကြအုန်း ..

11 comments

  • weiwei

    January 17, 2011 at 6:56 pm

    တိဗက်ခရီးစဉ်ကို ဗားရှင်းအသစ်အနေနဲ့ ပြန်ရေးတာက တစ်ရက်စာကို အပိုင်းတစ်ခုပါ။ အရင်ကလဲ နေရာတစ်ခုစီကို ပို့စ်တင်ပြီးသားဖြစ်လို့ ဓါတ်ပုံတွေကို လျော့တင်ထားပါတယ်။

  • zippo

    January 18, 2011 at 9:36 am

    မမဝေဝေ ပေးဝေမျှတဲ့ ရှုခင်းတွေအတွက်ကျေးဇူးပါ
    နောက်ပီးတော့လဲ ဝေမျှပေးဦးနော်
    အားပေးနေမှာပါ..။။..

  • ဆူး

    January 18, 2011 at 1:28 pm

    တိဘက် နဲ့ ဧဝရက် တောင်ကို ဆူး တော့ ရောက်ဖို့ မလွယ်ဘူး ထင်တာဘဲ.. အမ ရဲ့ ပုံတွေ ကိုကြည့်ပြီး ရောက်ဖူး သလို ခံစားလိုက်တော့မယ် အမရေ.. ပုံတွေကိုတော့ လျော့ မတင်ပါနဲ့.. လျော့ထားတဲ့ ပုံတွေ ထဲက မမြင်ဘူးတာတွေ မသိတာတွေ ရှိနေရင် ဗဟုသုတ တွေ လျော့သွားမှာ စိုးလို့.. တင်ပါလို့ တိုက်တွန်းပါတယ်။

  • unclegyi1974

    January 18, 2011 at 4:18 pm

    တိဗက်ဆိုတာတရုပ်ပြည်ရဲ့ပြည်နယ်မြို့ကလေးပါ
    ပုံ အလိုအရလမ်းပမ်းဆက်သွယ်ရေကရန်ကုန်
    သာကေတ တို့ ဥက္ကလာတို့ထက်သာတယ်ဆိုတာ
    တွေ့ရပါပြီ
    ဒါထက် အိမ်တွေကဘာဖြစ်လို့အမိုးတွေက
    အပြား ဆောက်ထားရတာလဲ မဝေ

  • ဆူး

    January 18, 2011 at 4:26 pm

    တိဘက်တော့ မသိဘူး တရုတ် ပြည်မ မှာလည်း အိမ်တွေ အမိုးကို အပြားဘဲ ဆောက်တယ်။ အမိုး အပြား ဆောက်တော့ သူတို့ သစ်ပင်စိုက်တယ်။ ဟိုဟာ လှမ်း ဒီဟာ လှမ်း လုပ်တယ်။ ဟိုဟာလှမ်း ဒီဟာ လှမ်း ဆိုတာက.. အရွက်တွေ ငရုတ်သီးတွေ ရိက္ခာတွေ လှမ်းတာ တွေ့ဘူးတယ်။ သစ်ပင်တွေ စိုက်ထားတာ ဆိုလည်း တချို့ဆို အပြည့်ဘဲ မြက်ခင်းကို စိမ်းနေတာဘဲ။ စိတ်ထဲမှာတောင် တွေးမိတယ် မြေကြီး ရှာလို့လား မသိဘူးလို့.. နောက်ပြီ ခေါင်းမိုး ရေမစိမ့်ဘူးလား မသိဘူးလို့လည်း တွေးမိတယ်။ သူတို့က နည်းပညာ ကောင်းတော့ ရေမစိမ့်အောင် မြေကြီး အလေးချိန်ကို ခံနိုင်ရည် ရှိမှာပါ။ သစ်ပင် စိုက်ထားတာတွေ အများကြီး တွေ့တယ်။

  • weiwei

    January 18, 2011 at 4:30 pm

    ကျွန်မထင်တာတော့ မိုးနည်းတဲ့ အရပ်မို့လို့ ခေါင်းမိုးအပြားထားတာဖြစ်ပါလိမ့်မယ် …ဘာသာရေး တစ်ခုခုနဲ့လဲ ပတ်သက်ပုံရတယ် … အိမ်အမိုးထောင့်တွေမှာ ပိတ်ရောင်စုံအလံလေးတွေ စိုက်ထားတာကို သတိထားမိတယ် ..

    ဒီပို့စ်နဲ့တော့ မဆိုင်ဘူး .. ဗုဒ္ဓဂါယာသွားတုန်းက ကုလားအိမ်တွေမှာ ထူးခြားတာတစ်ခု သတိထားမိခဲ့ဘူးတယ် … တိုက်အိမ်တွေကို အပြီးလက်စသတ်မဆောက်ထားပဲ အပေါ်ကနေ အထပ်တွေ ထပ်ဆောက်နိုင်အောင် တန်းလန်းတွေ ထားထားကြတယ် … ဂိုက်က ရှင်းပြတာက သူတို့သားတစ်ယောက်ကို သမီးရှင်က လာတောင်းရင် တစ်ထပ်ဆောက်ပေးရတယ်တဲ့ … တန်းလန်းဖြစ်နေတဲ့အိမ်ဆိုရင်တော့ သားလူပျို ကျန်သေးတယ်ဆိုတဲ့ သဘောနေမှာပေါ့ …

  • ဆူး

    January 18, 2011 at 4:35 pm

    မဝေ.. ဆူး သိတာနဲ့ တော့ လွဲနေပြီ.. အိန္ဒိယမှာ အိမ်ဆောက်လက်စ ဆိုတာက အိမ်ဆောက်ပြီးမှ အခွန်ဆောင်ရလို့.. အိမ်ဆောက်မပြီးသေးဘူး ဆိုတာ ဖြစ်အောင် တမင် သံချောင်းတွေ ထောင်ထားတာ။ အခွန်ရှောင်ချင်လို့ ပြောတာဘဲ။ အခွန် ခ တော်တော် ဈေးကြီးတယ် လို့ ပြောတယ်။

  • ဆူး

    January 18, 2011 at 4:38 pm

    တရုတ်ဆိုတာ အသေးအဖွဲက အစ တန်ဖိုးရှိအောင် လုပ်တတ်တယ်။ အီးအီးပါရင်တောင် အရင်က တရုတ်တွေက ကိုယ့်အိမ်မှာ ပါတယ်။ တခြားလူတွေမှာ ဆီမှာ မြေဩဇာ ရောက်သွားမှာ စိုးလို့.. ခေါင်မိုးပြားတယ် ဆိုတာ.. ချွှန်ထားတာ ထက် ပို အသုံးတည့်လို့ လုပ်တာလို့ဘဲ ထင်တယ်။

  • weiwei

    January 18, 2011 at 4:38 pm

    ဆူးသိတာ မလွဲဘူး .. အဲဒါလဲ တစ်ချက်ပါတယ် …
    နောက်ပြီး အိမ်တွေက အပြင်ကကြည့်ရင် မကောင်းသလိုထင်ရတယ် .. အထဲမှာ အရမ်းကောင်းတယ် .. အခွန်ရှောင်ချင်လို့လုပ်ကြတယ် …

    အပေါ်တစ်ထပ်ကိစ္စကတော့ မင်္ဂလာကိစ္စနဲ့ သက်ဆိုင်တယ် ..

  • bigcat

    January 19, 2011 at 1:34 am

    အန်တီဆူးရော ကြီးဒေါ်ဝေရော နှစ်ယောက်လုံး မှန်ပါတယ်ကွယ်။ ပြောလိုက်တဲ့သူ မတူလို့ သိတာကွဲသွားတာပါ။ ကြီးဒေါ်ဝေကို ပြောလိုက်သူက အိန္ဒိယကြံ့ဖွတ်၊ အန်တီဆူးကိုပြောသူက အိန္ဒိယပြည်သူလေ။ ကိုကြောင်ထင်တာကတော့ အိမ်ပိုင်ရှင်တွေက မြန်မာပြည်က ဆောက်လုပ်ရးလုပ်ငန်းရှင် သူဌေးကြီးတွေကို မျက်စပစ်နေတာလို့ ထင်ပါတယ်။

  • weiwei

    January 19, 2011 at 6:45 pm

    အိန္ဒိယဘက်မှာ နောက်ထပ်ထူးခြားတာတစ်ခု တွေ့ခဲ့ဖူးသေးတယ် … လမ်းဘေးမှာ မစင်စွန့်နေကြတာ မျက်နှာကိုတော့ ဖုံးထားတယ် … 😛

    တိဗက်မှာကတော့ လူသိပ်မတွေ့ရပဲ တောင်တွေချည်းပဲ တွေ့ခဲ့ရတယ် …

Leave a Reply