ဒါတွေကို သင်ပိုင်ဆိုင်ပါစေ

လင်းဝေJanuary 18, 20111min670

တက်ကျမ်းကောက်နှုတ်ချက်ပါပဲ။

ဒီကောက်နှုတ်ချက်ကတော့ စိနတိုင်းဆန်ပါတယ်။ ခေတ်သစ်စိနတိုင်း၊ စိနနွယ်တို့ရဲ့ လက်ရာလို့ ယူဆပါတယ်။

ဖတ်ကြည့် စဉ်းစား ဆင်ခြင်ကြည့်ကြပါ။ ဘာပဲဖြစ်ဖြစ် ဆင်ခြင်စဉ်းစားမှုက အရေးအကြီးဆုံးမို့ ဘာပဲဖတ်ဖတ် ဆင်ခြင်စဉ်းစားကြစေလိုပါတယ်။

• အခန်းကို ဘာအရောင် သုတ်မလဲလို့ မဆုံးဖြတ်ရသေးခင် ရိုးရှင်းပြီး ရှေးကျတဲ့ အဖြူရောင်ကို အရင်စမ်းသုတ်ကြည့်ပါ။ တစ်ခါတစ်လေ ရိုးရှင်းပြီး ရှေးကျတဲ့ နည်းလမ်းတွေက ဘေးကင်းလုံခြုံတဲ့ နည်းလမ်းဖြစ်တယ်။

• တစ်ပတ်မှာ တစ်နပ်လောက် ချွေတာပါ။ စားမယ်လို့ ရည်ရွယ်ထားတဲ့ အစာကိုချို့တဲ့သူတွေအတွက် ပေးကမ်းစွန့်နေချိန် အတွင်းမှာ တပြိုင်နက် မေတ္တာကိုလည်း သင်စွန့်နေပါတယ်။

• တကယ်လို့ဖြစ်နိုင်ရင် ကလေးတွေကို (၁၆)နှစ်ပြည့်တာနဲ့ အလုပ်တစ်ခုရှိဖို့ အားပေးကူညီပါ။ ဒါဟာလူ့ဘဝ အရသာကို အချိန်စောပြီး သူတို့ခံစားသိမြင်စေသလို အရာရာခက်ခဲကြောင်း သူတို့နားလည်စေပါတယ်။

• ရိုမန်တစ်ဆန်တဲ့ ခံစားချက်ကို လက်ကိုင်ထားပါ။ ဒါဟာအချစ်ကို ထာဝရ လတ်ဆတ်စေသလို လူ့ဘဝကို ကြာရှည်ခံစားစေတဲ့အရာ ဖြစ်တယ်။

• သားသမီးတွေကို အကောင်းဆုံး အရာမပေးနိုင်မှာကို စိတ်မပူပါနဲ့။ သူတို့အတွက် အကောင်းဆုံး သင် ကိုပေးပဲပေးပါ။ ဒါဟာသူတို့ အလိုချင်ဆုံး အရာဖြစ်သလို သူတို့ရဲ့ အလိုအပ်ဆုံးလည်း ဖြစ်ပါတယ်။

• အမုန်းဆိုတာ အလွယ်တကူ ကူးစက်တတ်တဲ့ ခံစားချက်ဖြစ်တယ်။ဒါကြောင့် အမုန်းကို စိတ်ထဲအဝင် မခံပါနဲ့။ ဒီနေ့အထိ လူတွေတိုးပွားလာရတာဟာ အမုန်းကြောင့် မဟုတ်ဘဲ အချစ်ကြောင့် ဖြစ်ပါတယ်။

• သက်ရှိတိုင်းက လေးစားထိုက်သူတွေပါ။ လေးစားမှုတွေ ရင်ဝယ်ပိုက်ပြီး သက်ရှိတိုင်း ပျော်ပျော်ရွှင်ရွှင် ရှင်သန်ကြီးပြင်းဖို့ ကျွန်တော်တို့ ဆန္ဒပြုရအောင်…

• သူငယ်ချင်းကောင်း ဆိုတာ သင့်ရဲ့ကိုယ်ခွဲလေးပါ။ အဖော်ကောင်းတစ်ယောက် ပိုင်ဆိုင်တာဟာ လူ့ဘဝ ခရီးလမ်းမှာ သင့်ကိုအထီးမကျန်စေပါဘူး။

• ကတိဆိုတာ နှလုံးသားတစ်ခုက အခြားနှလုံးသားတစ်ခုကို သစ္စာပြုတာဖြစ်တယ်။ ဒါကြောင့်လဲ ကတိတည်ပါစေ။

• အေးဆေးတည်ငြိမ်တဲ့ ညချမ်းလေးတစ်ခုမှာ တစ်ယောက်ထဲ မြက်ခင်းပေါ်လဲပြီး ကောင်းကင်က ကြယ်လေးတွေကို ရေတွက်ပါ။ စိတ်လည်း အပန်းဖြေဖို့လိုပါတယ်။

• အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ အချက်နှစ်ချက် လိုအပ်ပါတယ်။ တစ်…အသင့်တော်ဆုံး လူကိုရှာယူပါ။ နှစ်..အသင့်တော်ဆုံးလူ ဖြစ်အောင်ကြိုးစားပါ။ ဒီနှစ်ချက်မှာ တစ်ချက်ချက် မရှိလို့မဖြစ်ဘူးဆိုတာကို သင်မြဲမြဲမှတ်ထားပါ။

• လျှပ်တပြက် အောင်မြင်ဖို့ အချိန် (၁၅)နှစ်လိုအပ်တယ်။ အောင်မြင်ခြင်းရဲ့ တောက်ပမှုကိုသာ မြင်ပြီး မအောင်မြင်ခင် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို လျစ်လျူ မရှုလိုက်နဲ့။ တစ်ကြိမ်အောင်မြင်ဖို့ ကျဆုံးခြင်းတွေ အများကြီး စုပုံရပါတယ်။

• အားလပ်ရက်မှာ နေ့တစ်ဝက်လောက် အချိန်ခိုးပြီး အနားယူ အိပ်စက်ပါ။ နိုးလာတဲ့အခါ သင့်စိတ်ဟာ မွန်းလွဲနေရောင်ခြည်လို ကြည်လင်တောက်ပ နေလိမ့်မယ်။

• သင့်မွေးနေ့မှာ သင်ကိုယ်တိုင် သစ်ပင်တစ်ပင် စိုက်ပါ။ သစ်ပင်က သင်နဲ့အတူ ရှင်သန်ကြီးထွားပါစေ။

• ငယ်ရွယ်နုပျိုစဉ်မှာ ဓါတ်ပုံများများရိုက်ပါ။ အကောင်းဆုံးကာလကို ဘဝမှာ အမှတ်တရ ချန်ခဲ့ပါစေ။

• တခြားသူက သင့်ကို ကဒ် သို့မဟုတ် လက်ဆောင်ပေးတဲ့အခါ ကျေးဇူးတင်လွှာပို့ဖို့ မမေ့ပါနဲ့။

• ကလေးသူငယ်တွေကို စည်းကမ်းတကျ သင်ပြောဆိုဆုံးမပြီးနောက် သူတို့ကို စိတ်ပါလက်ပါ ပွေ့ဖက်ပါ။သူတို့ကို သင်ဘယ်လောက် ချစ်တယ်။ ဂရုစိုက်တယ် ဆိုတာကို သူတို့ သိပါစေ။

• များပြားလှတဲ့ အလုပ်ကြောင့် သင့်ရဲ့နှစ်ပတ်လည်နေ့ကို ဘယ်တော့မှ မမေ့လိုက်နဲ့။ ဘဝမှာရှိတဲ့ နေ့ထူးနေ့မြတ် တိုင်းက သင့်ဘဝမှာ အကောင်းဆုံး စည်းစိမ်ချမ်းသာတွေဖြစ်တယ်။

• မသိတတ်၊ နားမလည်တတ်သူတွေ အတွက်ကောင်းတာတွေ လုပ်ပေးပါ။ သူတစ်ပါးကို ကူညီတာ တုန့်ပြန်မှုတွေ မလိုပါဘူး။

• သင့်မျက်စိရှေ့က မြင်ကွင်းကို အမြဲလှပအောင် ထိန်းသိမ်းပါ။ ပုလင်းထဲ ထိုးထားတဲ့ ပန်းတစ်ပွင့် ဆိုရင်လည်း လှပနေပါစေ။

• သင့်နာရီကို ငါးမိနစ်မြန်ထားပါ။ ဘာပဲလုပ်လုပ် တခြားသူထက် သင်ခြေတစ်လှမ်း မြန်နေပါစေ။ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိပါစေ။

• စွန့်ဝင့်စားခြင်း ဆိုတာရဲဝံ့ခြင်းပဲ။ တကယ်လို့ သင်မစွန့်စားဝံ့ရင် အောင်မြင်ခြင်းရဲ့ ရဲဝံ့မှုကို သင်မသိဘူး။ စွန့်စားခြင်းထဲကနေ အောင်မြင်တဲ့ လူ့ဘဝကို ရှာယူပါ။

• သင့်အကြိုဆုံး တေးဂီတနဲ့ နေ့ရက်တိုင်းကို ဖွင့်ပါ။ ဂီတဆိုတာ စိတ်ဝိညာဉ်ရဲ့ သီချင်းပဲဖြစ်တယ်။ မနက်ခင်းတိုင်းမှာ စိတ်ဝိညဉ်ကို ကြည်လင်လန်းဆန်းပြီး နေ့ရက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။

• လင်မယားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် စိတ်ထိခိုက်စေတဲ့အခါ ဘယ်သူ့အမှားပဲ ဖြစ်ဖြစ် အရင်ဆုံးတောင်းပန် တတ်ဖို့သင်ယူပါ။ ဆောရီးပဲ..နင့်ကိုဒေါသထွက်စေခဲ့ပြီ။ ငါ့ကိုခွင့်လွှတ်ပါ။ ဒါဟာ စိတ်ထိခိုက်မှုကို ကုသတဲ့ အကောင်းဆုံးဆေး ဖြစ်တယ်။

• တစ်ယောက်ယောက်က သင့်ကိုပွေ့ဖက်တဲ့အခါ သင့်ရင်ခွင်ထဲကနေ သူအရင်ခွာပါစေ။သင့်ဝေးရာကို အချစ်မထွက်သွားမချင်း အချစ်ကို သင်ပွေ့ဖက်တဲ့အခါ သင့်ဖက်ကစပြီး အရင်လက်မလွတ်ပါနဲ့။

• သိလိုစိတ်တွေ အမြဲ ပြင်းပြနေပါစေ။ ဘာကြောင့် ဆိုတာကို များများမေးပေးပါ။ ဒါဟာထိုးထွင်း ဖန်တီးနိုင်စွမ်းကို • ဖြစ်စေပြီး ဘဝကိုမညိူးနွမ်း မခြောက်သွေ့စေတဲ့ အရင်းအမြစ် ဖြစ်တယ်။

• အချစ်မှာထူးခြား ဆန်းကြယ်တဲ့ ဆွဲဆောင်မှုတွေ ရှိတယ်။ အချစ်ကလေကို တိုက်ခိုက်စေနိုင်သလို မိုးကိုလည်း ရွာသွန်းစေတယ်။

လူကိုသေရာက ရှင်သန်လာစေတယ်။လူကို အမြဲနုပျိုစေတယ်။ဒါကြောင့်အချစ်ရဲ့ အင်အားကို ဘယ်တော့မှ အထင်မသေးပါနဲ့။

• အနာဂတ်မှာ ဖြစ်ပျက်လာမဲ့ အကြောင်းကို စိုးရိမ်ပူပန်လွန်းပြီး မျက်စိရှေ့က လှပတဲ့အရာတွေကို လက်မလွှတ်မိ စေနဲ့။ပစ္စုပန်မှာ နေပျော်တတ်ဖို့ သင်ယူပါ။ အနာဂတ်ကို ကြိုတင်တွေးကြောက်သူဟာ လက်ရှိတန်ဖိုး ရှိတဲ့အရာတွေနဲ့ ပိုပိုဝေးသွားပါလိမ့်မယ်။

• အိမ်၊ အမေဆီကို မကြာခဏဖုန်းဆက်ပါ။ အချစ်ရှိရင် လွမ်းဆွတ်မှုက ရှိစမြဲပါ။ တခြားလူကို လွမ်းဆွတ်ခြင်းရဲ့ ညင်းပန်းမှု ဒဏ်တွေ မခံပါရစေနဲ့။ ဖုန်းဆက်တာဟာလည်း ချစ်ကြောင်းကို တခြားနည်းနဲ့ ထုတ်ဖော်ပြသခြင်း ပါပဲ။

• အချစ်အတွက်နဲ့ လက်ထပ်ပါ။အချစ်စစ်မှာ ဘာအကြောင်းပြချက်မှ မလိုဘူး။လက်ထပ်ခြင်းမှာ အချစ်ဆိုတာ လိုအပ်သလို ဒါဟာလည်း ခိုလှုံခြင်းဖြစ်တယ်။

• အခွင့်အရေးကို အေးဆေးသက်သာ ရှာလို့မရဘူး။ အေးဆေးသက်သာဆိုတာ ကမ်းစပ်မှာ ရပ်နေတဲ့ လှေငယ်လေးလို ဖြစ်တယ်။ အေးဆေးသက်သာ ရပ်နေပြီး မလှုပ်ရှားလို့ လှေအောက်ပိုင်းဟာ မကြာခင်မှာ ဆွေးသွားတော့မယ်။

• နေ့ရက်တွေကို ရိုးရိုးရှင်းရှင်း ဖြတ်ကျော်ပါ။ရိုးရှင်းတာက ဘဝကို ပိုလက်တွေ့ကျစေသလို တန်ဖိုးအရှိဆုံးလည်း ဖြစ်တယ်။

• ခွေးတစ်ကောင်ဖြစ်ဖြစ်၊ အခြားတိရိစ္ဆာန် ပဲဖြစ်ဖြစ် မွေးမြူကြည့်ပါ။သက်ရှိတစ်ခုကို ဘယ်လိုတန်ဖိုးထား ဂရုစိုက်ရမယ် ဆိုတာကို သင်နားလည် လာလိမ့်မယ်။