ပညာရှိစကား

mickylayApril 19, 20101min1044

လက်ခံသင့်တဲ့ တင်ပြချက်လည်းမရှိ၊ အုပ်ချုပ်သူကလည်း ငါတကော ကောနေတဲ့ တိုင်းပြည်များဟာ ပြင်းထန်တဲ့ ဆူပူမှုတွေ၊ မငြိမ်းချမ်းမှုတွေ၊ ဆုတ်ယုတ်မှုတွေ၊ စိတ်နှလုံးပူပန်ရမှုတွေနှင့်ကံဆိုးကြမ္မာဆိုးတို့သာ တိုးပွားလာတတ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အဲဒီအုပ်ချုပ်သူရယ် အနီးအနား ဝိုင်းရံနေကြသူတွေရယ်ဟာ တိုင်းပြည် မငြိမ်းချမ်းနိုင်ခြင်းရဲ့ လက်သည်၊ တိုင်းပြည်ဆုတ်ယုတ်ခြင်းရဲ့ တရားခံအဖြစ်လည်း အလိုလို ရောက်ရှိသွားတတ်ပါတယ်။

လက်ခံသင့်တဲ့ တင်ပြချက်လည်း အမြဲရှိ၊ အုပ်ချုပ်သူလည်း သဘောကျမြတ်နိုးစွာ လက်ခံကျင့်သုံးတဲ့ တိုင်းပြည်များကတော့ ထူးခြားတဲ့ တည်ငြိမ်မှုတွေ၊ ငြိမ်းချမ်းမှုတွေ၊ တိုးတက်မှုတွေ၊ စိတ်နှလုံးရွှင်လန်းရမှုတွေနှင့်နှင့်ကံကောင်းကြမ္မာကောင်းတွေသာ တိုးပွားလို့ လာတတ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အဲဒီအုပ်ချုပ်သူရယ် အနီးအနား ဝိုင်းရံနေကြသူတွေရယ်ဟာ တိုင်းပြည် ငြိမ်းချမ်းရခြင်းရဲ့ ဗိသုကာ၊ တိုင်းပြည်တိုးတက်ခြင်းရဲ့ ခေါင်းဆောင်ကောင်းအဖြစ်လည်း အလိုလို
ရောက်ရှိသွားတတ်ပါတယ်။

တင်ပြသူက အမြော်အမြင်ကြီးကြီးထား တင်ပြ၊ အုပ်ချုပ်သူကလည်း
သဘောထားကြီးကြီးလက်ခံရင် တိုင်းပြည်ကို ချစ်မြတ်နိုးသူ၊
အမြော်အမြင်ကြီးသူများအဖြစ် အများက လက်ခံသဘောကျ မြတ်နိုးရွှင်ပြုံးကြမှာပါ။

တစ်ခါတုန်းက-ဘိုးတော်ဘုရား ဦးဝိုင်းကြီးဟာ အမတ်ကြီး ပေါဦးနှင့်အတူ ဥယျာဉ်ထဲသို့ ထွက်ကြွတော်မူပါသတဲ့။ မုံ့ညှင်းခင်းကြီးကို ကြည့်ပြီး ဘိုးတော်ဦးဝိုင်းက ဦးပေါ်ဦးကို ဒီလို့ အမိန့်ရှိလိုက်ပါတယ်။ ဟဲ့ ပေါ်ဦး…။ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးဟာ ပရိက္ခရာ ၈-ပါး စုံလင်စွာနှင့် မုံ့ညှင်းစေ့အတွင်းမှာ စင်္ကြန်ကြွတော်မူတယ်ဆိုတာ ယုတ္တိမရှိဘူး။ မုံညှင်းခင်းထဲ ကြွတော်မူတာသာ ဖြစ်ရမယ်….။ ဘယ်လိုလဲ အမတ်ကြီး….။ ငါကိုယ်တော်မြတ်ရဲ့ အတွေးဒဿန ဉာဏ်ပညာအမြော်အမြင် မှန်ကန်သင့်မြတ်ရဲ့ မဟုတ်လား… မောင်မင်း…။

အမိန့်တော်အတိုင်း- မှန်ကန်သင့်မြတ်လှကြောင်းပါ–ဘုရား…လို့ လျှောက်ထားရင် ဘုရင်ပြီးရင်ပြီးတဲ့ ပုတ်သင်ညိုအမတ်အဖြစ် သမိုင်းတွင်တော့မယ်။ မသင့်မြတ်ကြောင်း လျှောက်ထားပြန်ရင်လည်း အမျက်တော်ရှဦးမယ်၊ မှားနေတဲ့ ဘုရင်ကို မှန်တဲ့ဘုရင် ဖြစ်အောင် လုပ်ပေးဖို့တာဝန်ကလည်း ရှိသေးတယ်၊ အမှားလေးတွေက အမှားကြီးဖြစ်လာရင် တိုင်းပြည်ဆုတ်ယုတ်တော့မယ်လို့ တွေးပြီး- ။ မှန်လှပါ… ရွှေဉာဏ်တော် စူးရောက်…ကြောင်းပါဘုရား…လို့… ဦးပေါ်ဦးက အားရပါးရ လျှောက်ထားလိုက်ပါသတဲ့…….။

ဒါနဲ့ သူ့အတွေးဒဿနဉာဏ်အမြင်ကို ဦးပေါ်ဦးလို အမတ်ကြီးကတောင် ချီးတကျူးဝမ်းပန်းတသာ ထောက်ခံတာကို သဘောတော်တွေ့ ပီတိတွေဖြစ်ပြီး အဲဒီနေ့ည စောစောစက်တော်ခေါ်လို့ နောက်နေ့ စောစောနိုးလာတယ်ဆိုရင်ပဲ…။ ဦးပေါ်ဦးလျှောက်တင်ချက်ကို တစိမ့်စိမ့် စားမြုံပြန်သဘောတကျ တွေးတော်မူပါသတဲ့။

တွေးရင်းတွေးရင်း—ရွှေဉာဏ်တော် စူးရောက်…မှ စူးရောက်ကို အထူးသဘောတော်ခွေ့တော်မူသည့်အလျှောက် အခါခါ ရွတ်ကြည့်နေသတဲ့… စူးရောက်… စူးရောက်…စူးရောက်… စူးရောက်…စူးရောက်… စူးရောက်…ပေါ့။

ရွတ်ပါများမှ….
……………………… စောက်ရူး… စောက်ရူး… စောက်ရူး… စောက်ရူး… စောက်ရူး… စောက်ရူး…လို့ အဓိပ္ပါယ်ရပြီး-

တစ်ဦးတည်း အားရပါးရ ကြိတ်ပြုံးကာ…။ …….အော်…။ အမတ်ကြီး ဦးပေါ်ဦးဟာ မင်းလိုလိုက် မင်းကြိုက်မဆောင်ဘဲ ငါကိုယ်တော်မြတ်ရဲ့ အမှားကို ပြင်ပေးတော်မူသကိုး။ ဒီလို အမတ်တွေကြောင့်လည်း တိုင်းပြည်သာယာ ဝပြောလို့ ငြိမ်းချမ်းတိုးတက်ရပေတယ်လို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်တော်မူရှာသတဲ့…။

အခွင့်အရေးအတွက် ပဓာနမပြု၊ အလုပ်အတွက် ပဓာနပြုတဲ့ ဝန်ထမ်းကောင်းတို့ရဲ့ လုပ်ရပ်ဟာ အဲဒီလုပ်ရပ်မှ ထွက်ပေါ်လာမယ့် အကျိုးတစ်စုံတစ်ခုကို မိမိအတွက် မမြော်ကိုးရဘဲ တာဝန်အရ တိုင်းပြည်တိုးတက်ရေးအတွက် တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရေးအတွက်သာ စိတ်ရင်းစေတနာရင်း သန့်သန့်ဖြင့် အားပြုကာ လုပ်ဆောင်ရလာ မဟုတ်ပါလား။ အဲဒီလို လုပ်ဆောင်ချက်တွေကြောင့်လည်း သမိုင်းမှာ ပုတ်သင်ညို အမတ်အဖြစ် မှတ်တမ်း မဝင်ခဲ့တာပေါ့…။ ပုတ်သင်ညိုတစ်ကောင်မဖြစ်လိုတဲ့ ဦးပေါ်ဦးရဲ့ ဒီဒဏ္ဍာရီလေးဟာ စာဖတ်သူကို တစ်ပိုင်းတစ်စ အတွေးမျှင်လေးတော့ ပေးနိုင်တန်ကောင်းပါရဲ့….။

4 comments

  • susunosuki

    April 19, 2010 at 9:28 am

    သိပ်တော်တဲ့အမတ်ကြီးပါဗျာ
    ဒီလို နှစ်ခွအဖြေနဲ့ ဖြေရှင်းလျှောက်တင်နိုင်တာ တခါတည်း ပွဲပြတ်သွားတာပေါ့
    မင်းကြီးရဲ့အမျက်ကိုလည်းကြောက်ရသေးတယ်

  • nyi

    April 19, 2010 at 3:22 pm

    ဦးပေါ်ဦးလို လျှောက်တင်နိုင်တဲ့ အမတ်မျိုးထက်..
    လျှောက်တင်တာကို နားလဲနိုင်တဲ့ မင်းမျိုးလဲ လိုသေးတယ်လေ…။

  • Sandar

    June 8, 2010 at 9:22 am

    အမှန်ကိုဘယ်လောက်ပဲထောက်ပြထောက်ပြ ဆင်ခြင်ဉာဏ်မရှိတဲ ့သူဆိုရင်တော့ အဆိပ်ပင်ရေလောင်းဖြစ်မှာပဲ။

  • မန်း ရိပ်

    October 1, 2010 at 5:23 am

    ဦပေါ်ဦးက အခြေအနေ အချိန်အခါကိုကြည့်ပြီး ဖြေကြားနိုင်တဲ့ အမတ်ကြီးပါ

Leave a Reply