တောင်ပံနီ

လင်းဝေJanuary 19, 20111min1442

တောင်ပံနီတဲ့။ ဘာပါလိမ့်လို့ ကြည့်လိုက်တော့ တခေတ်တခါတုန်းက ဘုံရန်သူ နယ်ချဲ့ကို တိုက်ထုတ်ပစ်ဖို့ မကြိုးစားဘဲ မျက်နှာမွဲ အချင်းချင်း အိုးမည်းသုတ်ချင်ကြတဲ့သူတွေကို အဲဒီတုန်းက တောင်ပံနီ လို့ ခေါ်တယ်။ အဲဒီခေတ်မှာသုံးတဲ့ ဒေါင်းရုပ်တံဆိပ်နဲ့ ရတနာပုံဒေါင်းဒင်္ဂါးတွေကို ငွေသား အစစ်များများ၊ ကြေးနီကနည်းနည်းနဲ့ ရောစပ်ပြီး သွန်းထားတယ်။ အစစ်ကိုတုပြီး အတုလုပ်ထားတဲ့ ဒင်္ဂါးတွေမှာ ငွေကနည်းနည်း၊ ကြေးနီကများများဆိုတော့ မကြာခင်မှာပဲ ဒေါင်းရုပ်ရဲ့ အတောင်ပံတွေက အရင်ဆုံး ကြေးနီရောင်တွေ ပေါ်လာတယ်။ တောင်ပံတွေ နီလာတယ်။ တောင်ပံနီဒင်္ဂါး လို့ ခေါ်ကြတယ်။ အမျိုးမစစ်တဲ့ ဒင်္ဂါးတွေပေါ့။ နောက်တော့ တောင်ပံနီ ဆိုတာ ကိုယ့်အမျိုးကို ကိုယ်မချစ်တဲ့ လူဆိုး လူညစ်တွေကို ခေါ်တဲ့ စကားလုံးအဖြစ် သုံးခဲ့ကြတယ်။

ကိုယ့်စိတ်ထဲမှာ စွဲနေတဲ့ အနီအကြောင်းလည်းပြောချင်သေးတယ်။ အနီဆိုတာ ကွန်မြူနစ် ရဲ့အရောင်မဟုတ်လား။ လူတွေက လက်ဝဲသမားဆို ဒီဘဲက အနီပါကွာလို့တောင်ပြောခဲ့ကြသေးတယ်။ ဒီအနီကို ကျွန်တော် မကြိုက်ပါ။ မြန်မာပြည် ကို ပြည်တွင်းစစ်ထဲ ပထမဆုံး ဆွဲသွင်းလိုက်တာ ဘယ်အဖွဲ့လဲ။ ဒီအနီကောင် ကွန်မြူနစ်တွေပါပဲ။ ပြည်တွင်းစစ်မီးကို စမွှေးပေးလိုက်တာသူတို့ပါပဲ။ နောက်ပြီး ရှိသမျှအကုန်လုံးကို သူပုန်ထအောင် လိုက်မြှောက်ပေးလိုက်တာပါ။ အဲဒီတုန်းက အစိုးရ အကျပ်ရိုက်လို့ သူတို့ ကွန်မြူနစ်တွေ အာဏာရလာအောင် လုပ်လိုက်တဲ့အကွက်ပါပဲ။ စဉ်းစားကြည့်ကြပါဦး ဘယ်လောက်တောင် တိုင်းပြည်ကို ချနင်းပြီး ရက်စက်လိုက်ကြသလဲလို့။ ကွန်မြူနစ်တွေ က ဝါဒစွဲနဲ့ အမုန်းတရားသိပ်ပြီးတော့လည်းကြီးပါသေးတယ်။ သူတို့လုပ်ထုံးလုပ်နည်းက တိုက်မယ်၊ ထိပ်တိုက်ရင်ဆိုင်မယ်၊ ဆန့်ကျင်မယ်၊ မြေအောက်လှုပ်ရှားမှုလုပ်မယ်။ မြန်မာပြည်က ကွန်မြူနစ်တွေက ပိုတောင်ဆိုးသေးတယ်။ အမြဲတမ်းထော်လော်ကန့်လန့်လုပ်မယ်။ အရှုံးသမားရဲ့အငုံ့စိတ်က သိပ်ပြီးကြောက်ဖို့ကောင်းတယ်။ သခင်သန်းထွန်းရဲ့ အဖျက်စိတ်ကို အမွေခံလာတဲ့ သူ့တပည့်များ က မြန်မာပြည်ကို အဆက်ဆက် ဒုက္ခပေးနေကြတာပါ။

အခုကော မြန်မာပြည် ကွန်မြူနစ်ရန်က လွတ်ပြီလား။ ဦးဝင်းတင်က ကွန်မြူနစ်အတွေးအခေါ်ကင်းသွားပြီလား။ အာဏာဟူသမျှ ဆန့်ကျင်ကြဆိုတာ ဘယ်သူစထွင်ပေးလိုက်တာလဲ။ ဦးဝင်တင်ပါပဲ။ အပြုသဘောဘက်ပြောင်းပြီး လက်တွေ့ဆန်တာတွေသွားချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဦးဝင်းတင်ပြောတဲ့စကားကြားမိတာက လက်ခုပ်သံပျောက်သွားချင်သလားလို့ ကြိမ်းတာပါတဲ့။ ကျွန်တော့်စိတ်ထဲ နဂိုကမှာ အနီမုန်းရတဲ့ကြားထဲ ဒီကွှန်မြူနစ် ဘိုးတော်က ဒေါ်အောင်ဆန်းစုကြည်ကို ကြိုးကိုင်နေသလို၊လမ်းကြောင်းချပေးနေသလိုမျိုးကြားတော့ တော်တော် ဝမ်းနည်းမိတယ်။

တခါ နောက်ပါတီတစ်ခုက အမတ်ဝင်အရွေးခံတဲ့ လူတစ်ယောက်အကြောင်းပြောရင်းနဲ့ သူကလည်း ဗကပ ဟောင်းဆိုပြန်တော့ စိတ်ထဲတော်တော် လေသွားတယ်။ မြန်မာပြည်ကို ဗကပ က အခုထိနှိပ်စက်နေတုန်းကိုးလို့။ အဲဒါကြောင့်လည်း မြန်မာပြည်မှာ နိုင်ငံရေးပြောရင် တော်လှန်ရေးအတွေးအခေါ် ( ကွန်မြူနစ်တွေရဲ့ တော်လှန်ရေးအတွေးခေါ် လွှမ်းမိုးနေတတ်တာတွေ့ရမှာပါ)။ လုပ်နည်းကိုင်နည်းကအစ မြေအောက်ဆန်ပါတယ်။

လူငယ်တွေကို နိုင်ငံရေးမှာ စိတ်ဝင်စားစေလိုပါတယ်။ အရည်အချင်းလည်းပြည့်ဝစေလိုပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားရင် ဥပဒေရေးရာ၊ စီးပွားရေးမူဝါဒများနဲ့ သီအိုရီများ ယူဆချက်များ၊ စီမံခန့်ခွဲမှု ပုံစံများကို လေ့လာစေလိုပါတယ်။ ဘာသာစကားနဲ့ အုပ်ချုပ်စီမံမှုတွေကိုလည်း အကျွမ်းတဝင်ရှိစေလိုပါတယ်။ သို့သော် အခုအခါမှာ လူငယ်များကို ကွန်မြူနစ်ဆန်ဆန် ကေဒါကွန်ယက်များချိတ်ဆက်ပေးထားပြီး အရည်အသွေးတက်စေမယ့်အလုပ်တွေမလုပ်ပဲ ရုတ်ရုတ်ခတ်ခတ်လေးတွေဖြစ်လာနိုင်မယ့် လူမှုရေးပြဿနာတွေကို ဆေးထည့်ပေးတဲ့ အလုပ် လုပ်နေကြတာမြင်နေရပါတယ်။ အနာဂတ်မှာ တကယ် အရည်အသွေး ပြည့်ဝလို့ ပြဿနာရင်းမြစ်ကို တူးဆွအဖြေရှာပြီး တိုင်းပြည်ရေးရာတွေ စီမံခန့်ခွဲနိုင်စွမ်းရှိစေချင်လို့ ကွဲပြားသော အမြင်နဲ့ အကြံပေးလိုက်ပါတယ်။ လူငယ်တွေရဲ့ စိတ်ဓါတ်နဲ့ ဖြူစင်မှု စိတ်အားထက်သန်မှုတွေကို လမ်းလွဲထဲမှာ သဲထဲရေသွန်ဖြစ်သွားမှာကို သိပ်ကြောက်မိပါတယ်။ လူဆိုတာ အယူအဆမှားရင် အလွဲကြီးလွဲတတ်ပါတယ်။ ဆခွဲကန်းနဲ့ မြှောက်ဖော်ကိန်း မှားပြီး တွဲမိသလိုမျိုး အမှားက ပုစာ္ဆအဆုံးမှာ အကြီးကြီးဖြစ်သွားတတ်ပါတယ်။ အပြုသဘောနဲ့ ပြဿနာများကို ချဉ်းကပ်ကိုင်တွယ်နိုင်ကြပါစေ။

2 comments

  • eros

    January 20, 2011 at 2:34 am

    It is the problem. I am not communist but I like red color so much

  • bigcat

    January 20, 2011 at 6:49 am

    မြန်မာပြည် ဒီမိုကရေစီသမားများ လက်ဝဲအတွေးအခေါ်နဲ့ နီးစပ်တာ ဖိနှိပ်မှုကြောင့်ပါ။ အရင်ကတော့ နိုင်ငံတကာလှိုင်းတံပိုးအောက်မှာ ကိုလိုနီခေတ် လူငယ်နိုင်ငံရေးသမားတိုင်းလိုလို လက်ဝဲယိမ်းကြပါတယ်။ နောက်ပိုင်း ဆက်ပြီးစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲမှာ လက်ဝဲစာပေ အတွေးအခေါ်သာလျင် အထင်ကြီးအားကိုးစရာ လေးစားစရာဖြစ်ပါတယ်။ စစ်တပ်ကို အပြင်မှာ တောထဲမှာ ထောင်ထဲမှာ အသေခံ ဘဝအပျက်ခ ံချကြသူအများစုဟာလည်း လက်ဝဲသမားတွေဖြစ်တာမို့ စံပြုစရာရှာရင်းနဲ့ နီးစပ်သွားကြတာပါ။ ဒါပေမဲ့ ၁၉၈၈ နောက်ပိုင်း မျိုးဆက်များကတော့ လက်ဝဲယိမ်းတောင် ဒီမိုကရေစီရရင် ဥရောပစတိုင် ဆိုရှယ်ဒီမိုကရက်များ ဖြစ်ပါလိမ့်မယ်။ သူတို့စကားနဲ့ သုံးရင်တော့ ပြန်လည်ပြင်ဆင်ရေးသမားတွေ ဖြစ်ပါလိမ့်မယ်။ တရုတ်တပည့် ကွန်မြူနစ်စစ်စစ်များလည်း ကျန်အုံးမှာပေါ့လေ။
    ဆရာဦးဝင်းတင်ကို စွတ်စွဲတာကို လက်မခံနိုင်ပါ။ ဆရာသည် လက်ဝဲယိမ်း သတင်းစာဆရာ တဦးဖြစ်ပေမဲ့ သတင်းလွတ်လပ်ခွင့်ကို ဦးထိပ်ထားသူမို့ ကူမြူနစ်မကလို့ ကူမြူနစ်ဘိုးအေဖြစ်ပစေ လက်ခံရမှာပါ။ မြန်မာနိုင်ငံလို အသက်နဲ့ဘဝကိုစွန့်ပြီး နိုင်ငံရေးလုပ်ရတဲ့ တိုင်းပြည်မျိုးမှာ ကြံ့ကြံ့ခံ အတိုက်အခံပြုဆဲ ပုဂ္ဂိုလ်များရဲ့ မာကျောခက်ထန်မှုကို နားလည်ပေးဖို့မှာတပါး အခြားမရှိပါကြောင်း။

Leave a Reply