ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းနှင့်အညီ အမျိုး သမီးတို့ (အဖွားအရွယ်မှ မြီးကောင်ပေါက်အထိ) ပြုပြင်ပြောင်းလဲ နေကြသည်မှာ အ၀တ်အစား ၊ ဆံပင် ၊ မိတ်ကပ် အပြင်အဆင်ပါ မက ကိုယ်နေဟန်အနေထား ၊ လူမှူဆက်ဆံရေးတွေအထိအောင်ပင် များစွာပြောင်းလဲလျှက်ရှိကြောင်းတွေ့ရသည် ။ ဟိုးအရင်ခေတ်က ဘလပ်အန်ဝှိုက် ရုပ်ရှင်များထဲမှ အပြင်ဆင်မျိုး ၊ ပဲဟင်းမှောက်သိလို ဖြူပြာနှမ်းနေအောင် ပြင်ဆင်ခဲ့သော ခေတ်မှ ယခုအချိန်တွင် ထသွားထလာ မျက်နှာပြောင်များ နှင့် နှုတ်ခမ်းနီ ဂလော့စ်လောက်သာ ဆိုးကြသောခေတ် ။ ဆံပင်ပုံစံတွေလည်း ဒီလိုပါပဲ … အိန္ဒြာကျော်စင်က နိုင်ငံ အကျိုးပြုကားထဲမှာ ရောဘတ်မြင့်မိုရ်အဖြစ် သရုပ်ဆောင်ပြီး ဆံပင် ဖြောင့်လိုက်ကတည်းက ပေါ်လာတဲ့ ဆံပင်ပုံစံ ခေတ်ရေစီးကြောင်းထဲမှာ ယခုထိစိးမျောနေတုန်းပါ …။ နောက်တစ်ဖန် သူကပဲ ဆံပင် အကောက်ကို အလိပ်လေးတွေ လုပ်ပြန်တော့ လိုက်လုပ်ကြပြန်ရော… ။ တင်မိုးလွင်ကလည်း လှိုင်းတွန့်အကြီး ပုံစံလုပ်ပြတော့ လူငယ်၊ လူကြီးပိုင်း အမျိုးသမီးတွေ လိုက်လုပ်ပြန်ရော ..။ ဆံပင် အကောက် ခေတ်စားတာက ပုလဲဝင်းရဲ့ ရေစိုကောက်ပါ… (သူ့အားကျလို့ လိုက်လုပ်ပြီး ခဏခဏရေစွပ်နေရလို့ ကျမနှာစေးဖူးပါတယ် ။ )
စကားပြောအမူယာဆိုလျှင်လည်း ၀ါးလုံးကွဲရယ်တာကတစ်မျိုး ၊ မပွင့်တပွင့် တစ်ခစ်ခစ် အိုက်တင်ပေးတာက တစ်မျိုး ၊ ဘောက်စပ်စပ်ပြောတာကတစ်မျိုး ၊ အီလည်လည် မတင်မကျ မထိခလုပ်ထိခလုပ်ပြောတာကတစ်မျိုးနဲ့ ခေတ်ရေစီးကြောင်းကို အမှီလိုက်နေကြပြန်ပါတယ် ။

ယခုလည်း မီဒီယာပေါ်ထိရောက်အောင် မင်းသမီးတွေက လော်လီတဲ့ အ၀တ်စားတွေ ၀တ်ပြလာတာ တော်တော် ဆိုးရွားပါတယ် ။ မင်းသမီးတွေက အိမ်ဖော်တွေ ၊ ဘော်ဒီဂတ်တွေနဲ့ ကိုယ်ပိုင်ကားစီးပြီး မပေါ်တပေါ်တွေဝတ်ပြပေမဲ့ … သူတို့အတွက် ဘာအန္တရာယ်မှ မရှိပါဘူး ။ အားကျတတ်တဲ့ အမျိုးကောင်း မိန်းမတွေ၊ ဆယ်ကျော်သက် အပျိုပေါက်လေးတွေသာ လိုက်ဝတ်မိလျှင်တော့ …. စတိုင်ကျကျ ဖက်ရှင်ဖြစ်ဖို့ထက် အန္တရာယ်ကို ဖိတ်ခေါ်ရာရောက်ပါတယ်….။ မြို့ထဲမှာ မြင်နေတွေ့နေရတာ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ် ။ အမေကိုယ်တိုင်ဘေးမှာပါပါလျှက် သမီးဖြစ်သူက ဘောင်းဘီ တစ်ထွာစာလောက်လေး ၊ အရှက်လုံယုံဝတ်ပြီး လမ်းသွားနေတာ …ပုရိသတွေ မျက်စိကျွတ်မတတ်ကြည့်တာတောင် အကယ်ဒမီဆုတတ်ယူမဲ့ မင်းသမီးခြေလှမ်းမျိုးနဲ့ ပဲများပြနေတာ တကယ်မျက်စိစူးပါတယ် ။ တစ်ချို့ကလည်း ဘေးမှာ ကောင်လေးတစ်ယောက်ပါတတ်ပါတယ် …။ ကျမအထင်တော့ သူ့ချစ်သူပေါ့ … ။ ကောင်လေးကတော့ ဘောင်းဘီရှည်နဲ့ လုံလုံခြုံခြုံဝတ်ထားပေမဲ့ …ကောင်မလေးကတော့ ရာသီဥတုအပူဒဏ်မခံနိုင်ဘူးထင်ပါ့ … ။ ဘယ်နိုင်ငံကလာမှန်းမသိလောက်အောင်ပဲ ပြင်ဆင်ထားသည်မှာ မင်းသမီးရှုံးပါတယ် ။ ကောင်လေးကလည်း သူ့ချစ်သူ ဒီလိုဝတ်စားထားလို့ ဘေးဘီဝဲယာကလူတွေကြည့်တာကို မနှမျောပဲ ဂုဏ်ယူပြီး ပွဲထုတ်လမ်းလျှောက်လေသလားဆိုတာကတော့ … ကာယကံရှင်တွေပဲ သိပါလိမ့်မယ် ။ ကျမ သူငယ်ချင်း ကောင်လေးတစ်ယောက်ပြောပြတာ ပြန်သတိရမိပါတယ် ။ မိန်းမတွေအ၀တ်စားဝတ်တာလွန်လွန်းလို့ ကြေးစားမိန်းမနဲ့တောင် ခွဲရခက်နေပါပြီတဲ့ရှင် … ။ ကျမလည်း ကြားကြားချင်း ဒေါသထွက်သွားတယ်ပေါ့ … မိန်းမတွေကို ဒီလောက် ပဲ ရှုံ့ချတတ်တဲ့ကောင် မိန်းမတွေနဲ့ မပတ်သတ်ပဲ အာသဝေါကုန်ခမ်းတဲ့ ရဟန်းလုပ်ပါလားလို့ ရွဲ့ပြောလိုက်မိတယ် ။ နောက်ပိုင်းမှ ကျမလက်ခံလာမိပါတယ် ။ ဘီယာဆိုင်တွေမှာ စင်တင်တေးဂီတအတွက်ဖျော်ဖြေရတဲ့ ကောင်မလေးတွေဆိုလျှင် … မော်ဒယ်တွေလား ၊ မင်းသမီးတွေအလားပဲ တော်တော်လန်းပါတယ် …မျက်နှာတွေကလည်း ဆေးရောင်စုံ ၊ အ၀တ်စားကလည်း ပျံလန်နေတာ …။ လူကြားထဲရောနှောသွားလျှင်ဖြင့် တော်တော်ခွဲရခက်ပါတယ် …။ မီဒီယာတွေမှာ ပါလာတတ်တဲ့ မင်း သမီးတွေ၊ မော်ဒယ်တွေ က အစ ရှေ့ဆောင်လမ်းပြလုပ်ပြီး ၀တ်ပြနေခြင်းကလည်း ပရိတ်သတ်ကို လှုံဆော်ရာရောက်ပါတယ် ။ ပြင်သင့်နေပါပြီ။ ကိုယ့်အိမ်မှာကိုယ် ကြိုက်သလောက်ဝတ်ပါ ဘာမှမ၀တ်ပဲနေလျှင်လည်း နေပေါ့ … ။ အပြင်ထွက်ရင်တော့ လူမြင်ကောင်းအောင် ၊ လူအများလေးစားအောင် ၀တ်ဆင်သင့်တာပေါ့ .. ။ လူအများလေးစားအောင်ဆိုတဲ့နေရာမှာ ဘီးဆံပတ်နှင့်ချိတ်ထဘီ ၊ အင်္ကျီရင်ဖုံးမျိုးမဟုတ်ပဲ … လုံခြုံပြီး တည်ငြိမ်သပ်ရပ်တဲ့ အ၀တ်စားမျိုးကို ဆိုလိုပါတယ် … ။ မပေါ်တပေါ်ဝတ်ပြီး လမ်းသလားနေလို့ကတော့ ဆိုက်ကားသမားတောင် ပါးစပ်သရမ်းမဲ့ အခြေနေမျိုးဖြစ်နိုင်ပါတယ် ။
ယောကျာင်္းတွေကလည်း မိန်းမမျက်နှာ ၊ အ၀တ်စား၊အပြောဆိုကိုကြည့်ပြီး ချည်းကပ်လေ့ရှိပါတယ် ..။ လွယ်လွယ်နဲ့ ကြွေတတ်တဲ့ အမျိုးသမီးမျိုးထဲ ကိုယ်မပါရင်တောင် အထင်မခံနိုင်ပါဘူး ။ ပိုင်းလုံးနာမည်တပ်ခံရရင်တော့ နာမည် ပျက်ပါလိမ့်မယ် ။ အလကားရလို့ ပေးတိုင်း ၊ ကျွေးတိုင်း မယူသင့်ပါဘူး ။စပွန်ဆာ ထားတယ်လို့ နာမည် ကြီးပါလိမ့်မယ် …။ တစ်ခုခုကိုပေးတာဟာ ၊ တစ်ခုခုကိုပြန်လိုချင်လို့ ဖြစ်ပါတယ် … သွေးမတော်၊သားမစပ်ပဲ အလာကားပေးနေတာ မရိုးသားပါဘူး …။ မိမိတန်ဖိုးကို မိမိဘာသာပဲမြင့်တင်ရမှာဖြစ်ပြီး သိက္ခာရှိရှိနေထိုင်တတ်ဖို့လည်း ကိုယ်ကိုယ်တိုင်ပဲ ကျင့်ကြံသွားရမှာ ဖြစ်ပါတယ် ။ အမျိုးကောင်းသမီးတို့ရေ …နွေဦးမှာ လှေလူးရင် အရူးနဲ့ ညားတတ်တတ်တာမို့ ကိုယ့်တန်ဖိုးကိုယ်မြင့်ကြပါစို့နော် ။ ။

(ပုံတင်ဖို့ကြိုးစားတာ တစ်နာရီလောက်ရှိပြီ ။ မရတာနဲ့ ပုံမပါပဲ လွှတ်လိုက်တယ် :D )

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!