ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး NLD ကြေညာချက်ထုတ်ပြန်

cobraJanuary 20, 20111min974

ပြည်သူ့ စစ်မှုထမ်း ဥပဒေဟာ အများပြည်သူနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ဥပဒေ ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ သဘောထား ဆန္ဒကို ခံယူပြီးမှ ချမှတ်သင့်တဲ့ ဥပဒေတရပ် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဇန်နဝါရီ ၁၉ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလို ဥပဒေမျိုးကို လွှတ်တော်များ ဘက်ပေါင်းစုံကနေ အပြန်ပြန်အလှန်လှန် ဆွေးနွေးပြီး အများပြည်သူ သဘောထားနဲ့အညီ ချမှတ်သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကြေညာချက်နဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

“ပြည်သူ့ စစ်မှုထမ်း ဥပဒေမှာက အဓိက ကျွန်တော်တို့ရဲ့ သဘောထားက အများပြည်သူနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ကိစ္စ ဖြစ်တယ်။ ဒီလို ကိစ္စမျိုးဟာ အများပြည်သူရဲ့ သဘောထား ဆန္ဒတွေကို ယူဖို့ လိုအပ်တယ်။ ပြီးတော့ ပြည်သူ့လွှတ်တော်ဟာ မကြာခင် ပေါ်ပေါက်တော့မှာ။ လွှတ်တော်မှာ ဥပဒေပြု အာဏာရှိတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်မှာ အပြန်အလှန် ဆွေးနွေး တိုင်ပင်ပြီးတော့မှ ထုတ်ပြန်သင့်တဲ့ ဥပဒေ ဖြစ်ပါတယ်လို့ ကျွန်တော်တို့ အဲဒီလို ဖော်ပြပါတယ်။”

ဒီ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ရ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မှတ်ရေးထိုး ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့ ဆင့်ခေါ်ပါက စစ်မှုထမ်းရမှာပါ။

ဒါ့အပြင် ဒီ ဥပဒေပါ အချက်အလက်တခုမှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် အတည်ဖြစ်စေရမည်လို့ ပါရှိတဲ့အတွက် လာမဲ့ လွှတ်တော်ဟာ ဥပဒေပြုအာဏာ အပြည့်အဝ မရှိတာကို ထင်ရှားစေတယ်လို့လည်း အန်အယ်ဒီက ထောက်ပြထား ပါတယ်။ တဆက်တည်းမှာ ၂၀၁ဝ ခုနှစ် အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့သော စစ်အစိုးရရဲ့ ဥပဒေ နှင့် နည်းဥပဒေများနဲ့ ပတ်သက်ပြီး သီခြားကြေညာချက် တစောင်ကိုလည်း အန်အယ်ဒီက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁ဝ ပြည့်နှစ် အောက်တိုဘာလအတွင်း ဥပဒေနဲ့ နည်းဥပဒေ ၂၆ ခုကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ထုတ်ပြန်ခဲ့ပေမဲ့ အများပြည်သူ သိရှိအောင် ကြေညာခဲ့ခြင်း မရှိဘူးလို့ အန်အယ်ဒီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယ အပတ်အတွင်း စာပေဗိမာန်ကနေ ဒီ ဥပဒေနဲ့ နည်းဥပဒေတွေကို ရောင်းချမှသာ သိရှိခဲ့ရကြောင်း၊ ဒါပေမဲ့ အဲဒီ ရောင်းချခဲ့တဲ့ စာအုပ်များအတွင်း ပြည်သူ့ စစ်မှုထမ်းဥပဒေ အပါအဝင် စစ်ဖက်ဆိုင်ရာ ဥပဒေများ ပါဝင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကနေ အခုလို ဥပဒေတွေ ပြဋ္ဌာန်းနေတာဟာ လာမဲ့ လွှတ်တော်မှာ ဥပဒေပြု အာဏာ အပြည့်အဝ မရှိကြောင်း ထောက်ပြနေသကဲသို့ ဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြေညာချက်တွေမှာ ဖော်ပြထားပါတယ်။

4 comments

  • nigimi77

    January 20, 2011 at 10:48 am

    လူတိုင်းသိနေတဲ့ အရာကိုပဲ ထုတ်ပြန်ကြေညာနေတယ်။ အဖြေက မရှိဘူး။ ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကြီးနဲ ့လားဆိုတာမျိုးဖြစ်နေတယ် ကိုမြွေရေ။

  • intro

    January 21, 2011 at 12:42 pm

    အဲသည့်တော့ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ? ကျွန်တော်တို့ ဘာတွေများ လုပ်နိုင်မလဲ?

  • nigimi77

    January 21, 2011 at 2:53 pm

    ဟုတ်တာပြောတာနဲ ့ ဝိုင်းနှိပ်ကွပ်တော့တာပဲ။ သားသားကြောက်ကြောက်တွေချဉ်းပဲ။

  • kai

    January 22, 2011 at 5:41 am

    အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်က .. တရားစီရင်ရေးအာဏာနဲ့ .. အုပ်ချုုပ်ရေးအာဏာ ..ဥပဒေပြုရေးအာဏာ..မတူတဲ့ ..မဏ္ဍိုင်ကြီးတွေ.. အပြန်အလှန်..ထိုးဖောက်လို့မရပါဖူးဆိုတာ ..လူထုကိုသင်ကြားအသိပေးပညာပေးလုပ်နေချင်ပုံရတယ်..။
    ဒါကို…လက်ရှိတပ်မတော်အစိုးရကလည်း.. ထပ်ခါ ..ပြန်ပြန်ပြတယ်…။
    အခုတော့ ဥပဒေပြုရေးအာဏာရှိရတဲ့..လွှတ်တော်က … ပုံပေါ်လာပြန်ပါပြီ..။

    တကယ်တော့ .. ဒီမဏ္ဍိုင်ကြီး သုံးရပ်.. မီဒီယာပါထည့်ရင်.. မဏ္ဍိုင်၄ခု.. ဒါကကဒီမိုကရေစီမှာတင်မဟုတ်.. နိုင်ငံတိုင်းရဲ့ .. အသက်သွေးကြောပဲမဟုတ်ပါလား..။

Leave a Reply