ရွေးကောက်ပွဲခုံရုံး စတော့မည်

cobraJanuary 20, 20111min740
ချင်းမိုင်(မဇိ္ဈမ) ။ ။ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ အမတ်လောင်းများက ပြည်ထောင်စု ကော်မရှင်ရုံးသို့ ကန့်ကွက်စာတင်မှုများကို ရက်ပိုင်းအတွင်း နေပြည်တော် ကော်မရှင်ခုံရုံးတွင် စစ်ဆေးတော့မည် ဖြစ်သည်။ ကချင်ပြည် ဖားကန့်မြို့နယ် အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြံ့ဖွံ့ပါတီမှ ဦးအုန်းမြင့်ကို ပြိုင်ဘက် NDF အမတ်လောင်း ဒေါ်ဘောက်ဂျာက မဲမသမာမှုများဖြင့် ယခုလ ရ ရက်က ကန့်ကွက်စာ တင်ခဲ့သည်ကို လာမည့် ၂၆ ရက် ပြည်ထောင်စု ကော်မရှင် ခုံရုံးအဖွဲ့ ၁၅ တွင် ရက်ချိန်းပေးထားသည်။ “နေပြည်တော်မှာ ဦးအုန်းမြင့်ကိုယ်တိုင် ချိန်းလိုက်တယ်ပေါ့။ အဲဒီနေ့ အကုန်စုံကြမယ်။ ဖက်စ်နဲ့ ဦးအုန်းမြင့် ကိုယ်တိုင် ချိန်းတယ်ဆိုတာကို ကော်မရှင်က ရှေ့နေဆီ အကြောင်းကြားလာပါတယ်”ဟု NDF အမတ်လောင်း ဒေါ်ဘောက်ဂျာက ပြောသည်။ ကြံ့ဖွံ့ပါတီက မဲရုံအတွင်းသို့ မဲလက်မှတ်များကို ကြိုတင် ယူလာခြင်း၊ ကိုက် ၅ဝ အတွင်း ကြံ့ဖွံပါတီ ဝတ်စုံဝတ်ဆင်၍ မဲဆွယ်စည်းရုံးနေပုံ၊ သူတို့ကိုယ်တိုင် အမှန်ခြစ်ပေးခြင်း၊ ကုမ္ပဏီ ဝန်ထမ်းများ ယင်းတို့ပါတီအတွင်း အမှန်ခြစ်ရန် ဆိုသည့် မဲဆွယ် စာရွက်စာတမ်းနှင့် ဓာတ်ပုံများ၊ မဲရုံနှင့် ကပ်လျက်တွင် ကြံ့ဖွံ့ ပိုစတာများ ထောင်ထားသည့် ဓာတ်ပုံ သက်သေများကိုပါ ထည့်သွင်းထားသည်ဟု ဆိုသည်။ NDF ပါတီမှ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် အမှတ် ၄ မဲဆန္ဒနယ်တွင် အနိုင်ရသူ ဒေါက်တာ မြတ်ဉာဏစိုးကိုမူ ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်း စာရေးဆရာ တက္ကသိုလ် မြတ်သူက ကန့်ကွက်စာ တင်ခဲ့သည်။ ရွေးကောက်ပွဲ ဥပဒေတွင် အမှု ကြားနာမည် ့၄ ရက်မတိုင်မီ ထုချေပိုင်ခွင့်ရှိပြီး ဒေါက်တာ မြတ်ဉာဏစိုးက ကြံ့ဖွံ့ပါတီကို ပုတ်ခတ်၍ မဲဆွယ်စည်းရုံးခြင်း၊ မြို့နယ်အချို့တွင် ကြိုတင်မဲ မပေးနိုင်ရန် ဟန့်တားခြင်း၊ သူနှင့် NDF ပါတီကို လိုလားသူ မဲရုံမှူးများက မဲမသမာမှု ပြုလုပ်ခြင်းနှင့် အချို့ မဲရုံများတွင် မဲပုံးထားရှိမှု မှားယွင်းသည် ဟူသည့် စွပ်စွဲချက်များ မှားယွင်းနေသည်ဟု ဆိုသည်။
“ကျနော် ကျူးလွန်ခြင်း မရှိဘူးဆိုတာ အားလုံးသိပါတယ်။ သူတို့ဘက်က စွပ်စွဲချက်တွေက ခိုင်လုံခြင်း မရှိတဲ့အတွက် ခိုင်မာအောင် သက်သေပြရမှာပါ။ ကျနော်တို့က မဟုတ်တာ မမှန်တာ ပြုကျင့်ထားခဲ့ရင်တော့ ကျနော့်အနေနဲ့ စိုးရိမ်တုန်လှုပ်မှု ရှိရမှာပေါ့နော်။ အခု စွတ်စွဲထားတဲ့အချက်တွေ အကုန်လုံးက တရားမဲ့ ပြုကျင့်မှု မမြောက်ဘူး။ ဒါကြောင့် ခုခံချေပသွားမှာပါ”ဟု အမတ် ဒေါက်တာ မြတ်ဉာဏစိုး က ပြောသည်။ ထိုကန့်ကွက်စာကို မနက်ဖြန်တွင် ပြန်လည် ထုချေသည့် စာတင်ပြီး လာမည့် ၂၆ ရက် ခုံရုံး ၂၈ တွင် တရားပြိုင်များဘက်မှ တင်သည့် ထုချေစာနှင့် စွပ်စွဲထားချက်များကို ကြားနာ စစ်ဆေးမည်ဟု သိရသည်။ ယင်းတို့၏ အမှုများကို မန္တလေးတိုင်း ရှေ့နေ ဦးမြင့်သွင်က လိုက်ပါ ဆောင်ရွက်ပေးနေသည်။ NDF ပါတီက အမတ်လောင်း ၁၆၃ ဦး ဝင်ပြိုင်ခဲ့ရာ ၁၆ ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ အလားတူ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သူ ကြံ့ဖွံ့ကိုယ်စားလှယ် ဦးသိန်းမောင်က ပြိုင်ဘက် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP အနိုင်ရ အမတ် ဦးလှမောင်သိန်းကို မဲလိမ်လည်မှုဖြင့် ကော်မရှင်ရုံးသို့ ကန့်ကွက်ခဲ့ရာ ယခုလ ၁ရ ရက်က ပြန်လည် ထုချေစာတင်ခဲ့ကြောင်း ရသေ့တောင်မြို့နယ် အမတ် ဦးခင်မောင်လတ်က ပြောသည်။ သူတို့အမှုကိုလည်း လာမည့် ၂ဝ ရက်တွင် ကြားနာမည် ဖြစ်သည်။ NDF ၂ မှု၊ RNDP က ၉ မှု၊ ရှမ်း SNDP ရ မှု၊ ဒီမိုကရက်တစ်ပါတီ ၃ မှု၊ တစည ၃ မှုနှင့် အခြားပါတီအချို့ အပါအဝင် နေပြည်တော် ပြည်ထောင်စု ကော်မရှင်ရုံးတွင် ရွေးကောက်ပွဲ မဲမသမာမှု အနည်းဆုံး ၂၈ မှုခန့် ရှိသည်ဟု သိရသည်။ ရွေးကောက်ပွဲအပြီး ရက် ၆ဝ အတွင်း ကျပ်ငွေ ၁ဝ သိန်းတင်ကာ ကော်မရှင်သို့ ကန့်ကွက်စာ တင်နိုင်သော်လည်း အချို့ နိုင်ငံရေးပါတီများ ငွေမတတ်နိုင်သဖြင့် ရွေးကောက်ပွဲပြီး ၁၅ ရက်အတွင်း သက်ဆိုင်ရာ ရဲစခန်းများသို့ တိုင်ကြားခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)တို့က အမှုပေါင်း ၂၈ မှု တိုင်ကြားခဲ့ရာ ပြည်ထဲရေးဝန်ကြီးထံ တင်ထားသည်ဆိုကာ ယနေ့ထိ တမှုမှ စစ်မပေးသေးကြောင်း ဥက္ကဋ္ဌ ဦးအေးလွင်က ပြောသည်။ “အမှန်တကယ်က သူတို့ ဥပဒေအတိုင်းဆိုရင် ခုချိန်ဆို တော်တော်ခရီးရောက်ဖို့ ကောင်းနေပြီ။ သူတို့က သေချာမလုပ်ပါဘူး။ ဥပဒေက သူတို့ဘက် ထိမဲ့ဟာဆို စာအုပ်ထဲမှာဘဲ ထားလိုက်တယ်လေ။ ဥပဒေကို မလိုက်နာပါဘူး”သူက ပြောသည်။