ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၉)

ကျွန်တော်တို့ ဘုရားရှင် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ်တုန်းက ကောသမ္ဗီမြို့က လူတစ်ယောက်ဟာ သာသနာ့ဘောင်ထဲကို ဝင်လာတယ်။ သူက ကောသမ္ဗီမှာပဲနေတော့ သူ့ကို ကောသမီ္ဗကိုယ်တော်လို့ပဲ ခေါ်ကြတယ်။ ဘုရားရှင်လက်ထက်က ရဟန်းတော်တော်များအားလုံးဟာ ဘယ်မှာပဲ ဝါဆိုဆို ဝါကျွတ်တာနဲ့ ဘုရားရှင်ရှိရာအရပ်ကို ပြန်ကြွလာကြပါတယ်။ တရားထိုင်နေခဲ့ရင်လည်း ဘယ်အဆင့်ကို ရောက်ပြီ။ တရားမေးမြန်းလိုတဲ့ ပုဂ္ဂိုလ်တွေလည်း ဘယ်လိုတရားက ဘယ်သို့ဆိုပြီး မေးမြန်းဖို့ရယ် ဂါရဝပြုဖို့ရယ် အကြောင်းမျိုးစုံနဲ့ လာကြပါတယ်။ အဲလိုနဲ့ ဒီကောသမ္ဗီကိုယ်တော်လည်း ကြွလာတော့မယ်ဆဲဆဲပေါ့။ သူကျောင်းထိုင်တဲ့ ကျောင်းဒကာတွေက သင်္ကန်းနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေ လာလှူတယ်။ သူက “တော်ပါပြီတကာတို့ ပြန်ယူသွားပါ”
“ဘာဖြစ်လို့လဲဘုရား”
“အလှူမခံချင်လို့ မဟုတ်ပါဘူး။ ဦးဇင်းဆီမှာ ဒီပစ္စည်းကို သင့်တင့်လျှောက်ပတ်အောင် စီမံပေးနိုင်တဲ့ ကိုရင်တွေမရှိဘူး၊ အဲဒါကြောင့်ပါ”
“ဟာ ဒါဆို တပည့်တော်ဆီမှာ သားတစ်ယောက်ရှိတယ်ဘုရား၊ အသက်ကတော့ ခုနှစ်နှစ်ပဲ ရှိသေးတယ်”
အဲလိုနဲ့ ကျောင်းဒကာက သူ့သားကို အဲဒီရဟန်းဆီမှာ ကိုရင်ဝတ်စေပါတယ်။ ရဟန်းက ကိုရင်ကို ဆံချပေးရင်း တစပဉ္စကကမ္မဋ္ဌာန်းကို ရွတ်ပေးတယ်။ ကိုရင်က အဲဒီတစပဉ္စကကမ္မဋ္ဌာန်းနာရင်းနဲ့ပဲ ရဟန္တာဖြစ်သွားပါတယ်။ အဲဒီကိုရင်နှင့်ပဲ ကောသမ္ဗီကိုယ်တော်က ဘုရားရှင်ရှိရာကို ကြွခဲ့ပါတယ်။ ဒီနေရာမှာ သတိထားရမှာက တရားဓမ္မအားထုတ်နေတဲ့ ရဟန်းတောင် သူကိုရင်ဝတ်ပေးလိုက်တဲ့ ကိုရင်လေး ရဟန္တာဖြစ်သွားပြီဆိုတာကို မသိတဲ့ အချက်ပါပဲ။

လမ်းတစ်ဝက်မှာပဲ မိုးချုပ်တော့ တောစပ်တစ်နေရာက ကမ္မဋ္ဌာန်းကျောင်းလေး တစ်ကျောင်းတွေ့တယ်။ သူတို့ အဲဒီမှာပဲ စတည်းချတယ်။ ကိုရင်က ရဟန်းအိပ်ဖို့နေရာကို ပြင်ပေးနေရင်းနဲ့ပဲ မိုးချုပ်သွားလို့ သူ့အိပ်ဖု့ိ နေရာ မပြင်လိုက်ရဘူး။
“ကိုရင့်အတွက်ကော ပြင်ပြီးပြီလား”
“မပြင်ရသေးဘူး ဘုရား”
“ကိုရင်ရေ ဒီနေရာက ဦးဇင်းတို့ တစ်ခါမှ မရောက်ဖူးတဲ့ နေရာစိမ်းဖြစ်တယ်၊ တောထဲလည်း ဖြစ်တယ်၊ ဘယ်မှာ ဘာရှိတယ်ဆိုတာ မသိဘူး။ ဒီတော့ ကိုရင် အပြင်ထွက်မနေနဲ့တော့၊ ဒီကျောင်းလေးထဲပဲ အိပ်တော့”
ကမ္မဋ္ဌာန်းကျောင်းဆိုတော့က သေးသေးလေးဖြစ်ပါတယ်။ တစ်ဆောင်တည်းလည်း ဖြစ်တယ်။ ရဟန်းဖြစ်သူက ခရီးပန်းလာလေတော့ ခေါင်းချတာနဲ့ အိပ်ပျော်သွားတယ်။ ကိုရင်က စဉ်းစားတယ်။
“ရဟန်းက တစ်မိုးတစ်ရံတည်းသော ကျောင်းမှာ ကိုရင်နဲ့အတူ အိပ်ရင် အာပတ်သင့်တယ်၊ ဒီတိုင်းဆိုရင် ဦးဇင်းက ငါ့ကြောင့် အာပတ်သင့်တော့မှာပဲ၊ မဖြစ်ဘူး၊ မဖြစ်ဘူး ငါ မအိပ်ဘဲ ထိုင်နေမှ ဖြစ်မယ်”

ကိုရင်က တစ်ညလုံး ကုတင်ရဲ့ အနီးမှာပဲ ထိုင်နေပါတယ်။ မနက်လင်းအားကြီးတော့ ရဟန်းက နိုးလာတယ်။ သူနိုးတော့ “ကိုရင်ကို အပြင်ထွက်ခိုင်းသင့်ပြီ” လို့ စဉ်းစားမိပြီး ယပ်တောင်နဲ့ ကိုရင်ကို လှမ်းနှိုးတယ်။
“ကိုရင်”
ခေါ်လည်းခေါ် ယပ်တောင်ရိုးနဲ့လည်း လှမ်းထိုးပါတယ်။ ကိုရင်က ထိုင်နေတာကိုး။ ကိုရင်ဆိုတဲ့ အသံကြားတော့ ကိုရင်လှမ်းအကြည့်နဲ့ ယပ်တောင်ရိုးအထိုးနဲ့ ကွက်တိကျပြီး မျက်လုံးတည့်တည့်ကို ထိုးမိပါတော့တယ်။ကိုရင် မျက်လုံးထွက်ပြီး ကန်းသွားပါတယ်။
“တပည့်တော် မျက်လုံးကန်းပြီဘုရား”
လို့ လုံးဝမလျှောက်ဘဲ ကိုရင်က မျက်လုံးကို တစ်ဖက်လက်နဲ့အုပ်ပြီး အမှိုက်ရှင်း၊ ရေဖြည့်စတဲ့ ဝေယျာဝစ္စကို လုပ်ပါတယ်။ ရဟန်းက ထပြီး မျက်နှာသစ်တယ်။ ဒန်ပူတောင်းတော့ ကိုရင်က လက်တစ်ဖက်နဲ့ ကမ်းပေးတယ်။
“ကိုရင် လက်တစ်ဖက်တည်းနဲ့ မလုပ်ရဘူးလေ၊ မရိုသေရာကျတယ်၊ အပြစ်ဖြစ်တယ်”

“မှန်ပါဘုရား” ဆိုပြီးတော့ ကိုရင်လေးက အကြောင်းစုံကို လျှောက်ထားပါတယ်။ ဖြစ်ကြောင်းစုံသိတော့ ရဟန်းဖြစ်သူက လန့်သွားတယ်။
“အို… ငါ အရမ်းဝန်လေးတဲ့ အလုပ်ကို လုပ်မိလိုက်ပြီပဲ”
ရဟန်းက အာမေဋိတ်အပြည့်နဲ့ ရေရွတ်လိုက်တယ်။
“သည်းခံတတ်လိုက်တဲ့ ကိုရင်ငယ်၊ ဆက်ပြီး ငါ့အပြစ်ကို သည်းခံပေးပါဦး ကိုရင်ငယ်၊ အပြစ်ကိုလည်း ခွင့်လွတ်ပါ”
ရဟန်းက ကိုရင်လေးကို တောင်းပန်ပါတယ်။
“တပည့်တော်မှ အရှင်ဘုရားဆီက တောင်းပန်စကားလိုလို့ လျှောက်ပြတာ မဟုတ်ပါဘုရား၊ တပည့်တော် လက်တစ်ဖက်တည်းနဲ့ ဝေယျာဝစ္စပြုလုပ်နေတာကို အရှင်ဘုရား ဒေါသထွက်မှာစိုးလို့ လျှောက်ထားရုံပါဘုရား”
“ငါနှင့် သင်တို့ အားထားရာတို့ ပြောင်းပြန်ဖြစ်ကုန်ပြီကော ကိုရင်”
“အဲလို မဟုတ်ပါဘူးဘုရား၊ အရှင်ဘုရား နေမြဲတိုင်း နေပါ၊ တပည့်တော်လည်း အရှင်ဘုရားရဲ့ ဝေယျာဝစ္စကို ပြုမြဲတိုင်း ပြုပါ့မယ်ဘုရား၊ တပည့်တော် မျက်စိကွယ်ရတာဟာ အရှင်ဘုရားရဲ့ အပြစ်လည်း မဟုတ်ပါဘူး၊ တပည့်တော်ရဲ့ အပြစ်လည်း မဟုတ်ပါဘူး၊ တကယ်တော့ သံသရာဝဋ်ကြွေးကို ပေးဆပ်ရခြင်းမျှသာ ဖြစ်ပါတယ်ဘုရား”

ကိုရင်ငယ်က နှစ်သိမ့်စကားဆိုပေမယ့် ရဟန်းဖြစ်သူကတော့ ဆောက်တည်ရာမရပါဘူး။ ကိုရင်ကို သူ့ပစ္စည်းတွေလည်း မသယ်ခိုင်းတော့ပါဘူး။ ဒီလိုနဲ့ ဘုရားရှင်ရှိရာ သာဝတ္ထိကို ရောက်ခဲ့ကြပါတယ်။ ဘုရားရှင်က ရဟန်းနဲ့ သာမဏေကို နှုတ်ဆက်ပြီး လာနေကျရဟန်းတိုင်းကို မေးနေကျမေးခွန်း မေးတော်မူပါတယ်။
“ဣရိယာပထလေးပါးဖြင့် မျှတပါရဲ့လား ငါ့ရှင်၊ တစ်စုံတရာ လွန်ကဲခြင်း လိုအပ်ခြင်းများ ရှိခဲ့ပါသေးသလား ငါ့ရှင်”
“မှန်လှပါ၊ မျှတာပါဘုရား တစ်စုံတရာ လွန်ကဲခြင်း လိုအပ်ခြင်းမရှိပါဘုရား၊ သို့သော်လည်း ဤကိုရင်းအပေါ်မှာတော့ ကြီးလေးတဲ့ အပြစ်ကို ပြုလုပ်ခဲ့မိပါသည်ဘုရား”
“ချစ်သားရဟန်း၊ သင်မှ အဘယ်ကြီးလေးသော အပြစ်ကို ပြုမိခဲ့သလဲ ငါ့ရှင်”
အဲလိုနဲ့ ကောသမ္ဗီရဟန်းက ဖြစ်ကြောင်းစုံ ဘုရားရှင်ကို လျှောက်ထားတယ်။
“ဒါပေမယ့်… ကိုရင်လေးက တပည့်တော်ကိုလည်း အပြစ်မပြော၊ သူ့အပြစ်လည်း မဟုတ်ဘူး၊ သံသရာဝဋ်ကြွေးမျှသာ ဖြစ်တယ်၊ ဒေါသမထွက်တဲ့ အပြင် တပည့်တော်ကို စိုးရိမ်ခြင်း၊ ပူပန်ခြင်း၊ စိတ်မကောင်းဖြစ်ခြင်း မဖြစ်နဲ့လို့ တားမြစ်နေသေးတဲ့အတွက် တပည့်တော် ပိုနေရခက်ပါတယ်ဘုရား”

ဘုရားရှင်က အကြောင်းစုံကို သိပြီးသားပေမယ့် ပြန်လည်လျှောက်ခိုင်းပြီး လျှောက်ထားမှုအပြီးမှာ အဲဒီရဟန်းကို တရားဒေသနာ ဟောကြားတော်မူပါတယ်
“ချစ်သား ရဟန်း၊ ဟုတ်ပါတယ်၊ အာသဝေါကုန်ခမ်း ရဟန္တာအဖြစ်သို့ ရောက်ပြီးသော သူတို့ဟာ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ စိုးရိမ်ခြင်း၊ ကြောင့်ကြခြင်း ကင်းတော်မူပါတယ် ငါ့ရှင်”
ဆိုတဲ့အခါ ကောသမ္ဗီရဟန်းလည်း ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ဒီလိုဆိုရင်မည်သူမဆို ဝေယျာဝစ္စကို ပြုလုပ်သင့်ကြောင်း ပေါ်လွင်မယ်လို့ ထင်ပါတယ်။

see more………..
http://jqy.myanmarfriendsday.net/