အချစ်ကြောင့် (၂)

snowJanuary 20, 20111min440

မိန်းကလေးကသစ္စာဖောက်သွားလို့ အဲဒီမိန်းကလေးကိုသတ်ပြီး မိမိကိုယ်ကိုအဆုံးစီရင်သွားတယ်ဆိုတဲ့အကြောင်းလေး ဖတ်ရပါတယ် အင်း ဒီလိုသာသစ္စာဖောက်လို့သတ်မယ်ဆို ကမ္ဘာကြီးမှာလူသတ်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုတွေချည်းဖြစ်နေတော့မှာပါပဲ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကထဲက လူဆိုတဲ့အမျိုးတုန်းနေလောက်ပါပြီ ကျမတို့တောင်ခုလိုလူဖြစ်မလာနိုင်ပါဘူး ဖောက်ပြန်မှုကိုအားပေးတာမဟုတ်ပါဘူး မိမိကိုယ်ကိုသတ်သေခြင်းနဲ့ သူတပါးကိုသတ်ခြင်းကို အားမပေးတာပါ သူတပါးကိုသတ်တာကော မိမိကိုယ်ကို သတ်သေတာပါ တရားဥပဒေကခွင့်ပြုမထားပါဘူး သေသွားရင်လဲ ငရဲကျဦးမှာပါ လူတိုင်းလူတိုင်း ကိုယ့်စိတ်ကိုတောင် ကိုယ်မနိုင်ကြပါဘူး မကောင်းမှန်းသိပေမယ့်လဲ သိသိကြီးနဲ့လုပ်နေကြတာပါပဲ ( ဥပမာ-ဆရာဝန်ဖြစ်ပြီး ဆေးလိပ်သောက် အရက်သောက်နေတာမျိုး ) ဒီတော့ ကိုယ့်စိတ်ကိုမနိုင်တာတောင် သူတပါးစိတ်ကိုပိုင်ဖို့ဆိုတာမလွယ်ပါဘူး သူတပါးက ကိုယ့်ကိုသစ္စာဖောက်တာနဲ့ မိမိကိုယ်ကိုအဆုံးစီရင်တယ်ဆိုတာ မိုက်ရူးရဲဆန်တဲ့လုပ်ရပ်ပါ စိတ်ဓာတ်ပျော့ညံ့တာဖြစ်ပါတယ် လူတယောက်ဖြစ်လာဖို့ ကိုယ့်ရဲ့မိဘတွေဘယ်လိုပြုစုကျွေးမွေးခဲ့ရသလဲ (မိဘဖြစ်သောသူများသိကြပါတယ်) ကိုယ့်ကိုမွေးဖို့ ကျွေးဖို့ ကျန်းမာဖို့ လိမ္မာဖို့ ပညာသင်ပေးဖို့ အစစအရာရာ မိဘတွေကအများကြီး ကြိုးစားခဲ့ရတာပါ မိမိကိုယ်တိုင်လဲ ဒီအရွယ်ရောက်အောင် အများကြီးကြိုးစားခဲ့ရတာပါပဲ ထို့အပြင် တရားသဘောနဲ့ကြည့်ရင်လဲ သတ္တဝါတွေမှာ လူ့ဘဝရဖို့ဆိုတာ အလွန့်အလွန်ခက်ခဲပါတယ် မိမိရဲ့အရင်ဘဝကုသိုလ်ကံကောင်းလွန်းလို့သာ လူဖြစ်ရတာပါ ကိုယ့်ထက် ပြဿနာမျိုးစုံကိုရင်ဆိုင်နေရတဲ့သူတွေ ဘဝကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြသလဲ ထောင်ထဲမှာ၊ ဆေးရုံတွေမှာ၊ မိဘမဲ့ကျောင်းမှာ၊ ဆွံ့အနားမကြားတဲ့သူတွေ မသန်းမစွမ်းတဲ့သူတွေ ဆင်းရဲသားရပ်ကွက်တွေမှာ ကြည့်လိုက်ပါဦး ဘဝကိုဘယ်လိုရင်ဆိုင်နေကြသလဲ တခြားအချိန်သွားမကြည့်နိုင်ရင် ဘဝကိုစိတ်ပျက်နေတဲ့အခါမျိုးမှာ သွားကြည့်သင့်ပါတယ် အဲလိုနေရာမျိုးထိ ကိုယ်တိုင်သွားမကြည့်ချင်ရင်လဲ တီဗွီကနေကြည့်လို့ရပါတယ် မြန်မာနိုင်ငံမှာကော ကမ္ဘာမှာပါ လူပေါင်းသန်းချီပြီး ကိုယ်ရောစိတ်ပါ ဒုက္ခရောက်နေကြပါတယ် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ်တယောက်ထဲ စိတ်ဒုက္ခရောက်နေတာမဟုတ်ပဲ ကိုယ့်ထက်အများကြီးစိတ်ကောလူကော ဒုက္ခရောက်နေတဲ့သူတွေကို တွေ့ပါလိမ့်မယ် ဒါကြောင့် အားလုံးပဲ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် စိတ်ဆင်းရဲစရာများကြုံတွေ့ရင် ကိုယ့်ဘဝကို အဆုံးစီရင်တာမျိုး သူတပါးကိုသတ်တာမျိုးမလုပ်ပဲ လောကကြီးကိုလေ့လာစေချင်ပါတယ် လူဖြစ်ခိုက် မိမိကိုယ်ကို ဆန်ကုန်မြေလေးတော့ မဖြစ်ပါစေနဲ့ လူ့ဘဝမှာ လုပ်စရာတွေအများကြီးရှိပါသေးတယ် ကိုယ့်ဘဝကို ကောင်းအောင် ကြိုးစားကြပါ တရားနဲ့ဖြေနိုင်အောင်ကြိုးစားကြပါ သတ္တဝါအားလုံးကိုယ်ကျန်းမာစိ်တ်ချမ်းသာပါစေ