အနေချောင်

ashinindakaJanuary 21, 20111min1245

ကိုရင်လေးနိဂြေ ာဓကို အကြောင်းပြုပြီး
အသောကမင်းကြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့တယ်။

ဗုဒ္ဓဘာသာသည်သာ ငြိမ်းချမ်းရေးကို အပြည့်အဝပေးစွမ်းနိုင်တဲ့ဘာသာလို့
ယုံကြည်လာပြီး ဗုဒ္ဓဘာသာပြန့်ပွါးဘို့ အားသွန်ခွန်စိုက် လုပ်ဆောင်တယ်။
အကြီးအကျယ်ထောက်ပံ့တယ်။
ဗုဒ္ဓဘာသာဦးရေ တဟုန်ထိုး တိုးပွါးလာတယ်။
အာသောကမင်းကြီးလက်ထက် အိန္ဒိယနိုင်ငံမှာ
ဗုဒ္ဓဘာသာရွှေရောင်လွှမ်းတဲ့ခေတ်လို့ ပြောမယ်ဆို ပြောလို့ရတယ်။

ဒါကို အခွင့်ကောင်းယူပြီး ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေက
အနေချောင် အစားချောင်လိုတဲ့အတွက် ဗုဒ္ဓသာသနာတွင်း ဝင်ရောက်လာကြတယ်။
ရဟန်းပြုကြတယ်။

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လို့ မဟုတ်ဘဲ
အနေချောင်အစားချောင်လို့ ရဟန်းဝတ်လာတာ။
ဒီအခြေအနေအထိတော့ ပြဿနာအကြီးကြီးမဟုတ်သေးပါဘူး။

ပြဿနာက
သူတို့တတွေက ဘုရားရှင်ဟောကြားထားတဲ့ တရားတော်တွေကို
သင်လည်း မသင်ယူဘူး။ ကျင့်လည်းမကျင့်ကြံဘူး။
ဒါ့အပြင် သူတို့နဂိုလက်ခံယုံကြည်ထားတဲ့ဘာသာအယူအဆတွေကို
ဗုဒ္ဓဘာသာတရားတော်တွေထဲ ထည့်သွင်းကြတယ်။
ဗုဒ္ဓဘာသာတရားယောင်ယောင် လှည့်လည်ဟောပြောကြတယ်။
ဒါက ပြဿနာ။

ဆိုတော့ ဗုဒ္ဓဘုရားရှင်ရဲ့ တရားဒေသနာတွေဟာ
သန့်စင်မှု မရှိကြတော့ဘူး။
လုပ်ချင်ရာလုပ်၊ ကျင့်ချင်ရာကျင့်၊
ပြောချင်ရာပြော၊ ဟောချင်ရာဟောနေကြတဲ့
ဒီလို ရဟန်းတု ရဟန်းယောင်တွေများလာတော့
ရဟန်းစစ် ရဟန်းမှန်တွေက အပေါင်းအသင်းမလုပ်ကြတော့ဘူး။
သာသနာရေးကိစ္စတွေ၊ သံဃာ့ကံတွေကို အတူမဆောင်ရွက်ကြတော့ဘူး။
ဒီလိုအခြေအနေမျိုး (၇) နှစ်တောင် ကြာသွားတယ်လို့ဆိုပါတယ်။

ဒီလိုအခြေအနေမျိုးကို သိသွားတဲ့ အသောကမင်းကြီးက
ပညာရှိသူတော်ကောင်းသံဃာတော်တွေနဲ့
ညှိနှိုင်းတိုင်ပင်ကာ ရဟန်းတုရဟန်းယောင်တွေကို စစ်ဆေးမေးမြန်မပြီး
လူဝတ်လဲစေပါတယ်။

ဒီလို သာသနာတော်သန့်စင်ရေးဆောင်ရွက်ပြီး
ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်အမှူးပြုတဲ့
ရဟန္တာပေါင်းတစ်ထောင်တို့ဟာ
သုံးကြိမ်မြောက် ဘုရားရှင်ပိဋကတ်တော်တွေကို စုပေါင်းရွတ်ဖတ်တဲ့
တတိယသံဂါယနာပွဲကို ကျင်းပခဲ့ပါတယ်။

ဒီပွဲကို အသောကမင်းကြီးအထောက်အပံ့နဲ့
သာသနာနှစ် (၂၃၅)၊ ဘီ စီ (၃၀၈)၊ နယုန်လမှ စတင်ကျင်းပရာ
ကိုးလကြာမှ ပြီးမြောက်ကြောင်းသိရပါတယ်။

တတိယသံဂါယနာအကြောင်းလေ့လာပြီး စဉ်းစားမိတာက…

အသောကမင်းကြီးဗုဒ္ဓဘာသာဝင်ဖြစ်လာပြီး
ဗုဒ္ဓဘာသာဦးရေတိုးပွါးလာတယ်။
ရဟန်းသံဃာတော်အရေအတွက်များလာတယ်။
ရဟန်းသံဃာတော်အရေအတွက်များလာတာကို
သာသနာထွန်းကားတယ်၊ သာသနာပြန့်ပွါးတယ်လို့ ပြောလို့မရဘူးဆိုတာကို
ဒီသမိုင်းက သက်သေခံတယ်။

မြန်မာပြည်မှာလည်း ရဟန်းသံဃာအရေအတွက်
အတော်လေးတိုးတက်များပြားလာကြောင်းသိရတယ်။
ဒါကို သာသနာတိုးတက်နေပြီလို့ ခေါ်ဆိုနိုင်ပါသလား။

ဒါနဲ့စပ်လို့ ဆရာတော်ကြီးတစ်ပါးသုံးသပ်ပြတာကို ပြန်လည်ပြောပြချင်ပါတယ်။
နိုင်ငံတစ်နိုင်ငံတိုးတက်ဘို့အတွက်
စီမံခန့်ခွဲတတ်တဲ့ စီမံခန့်ခွဲမှုတော်တဲ့ ကျွမ်းကျင်တဲ့
ခေါင်းဆောင်ကောင်းလိုတယ်တဲ့။
ဒီလိုမှ မဟုတ်ရင် မွဲပြာကျသွားနိုင်တယ်တဲ့။

ဒို့နိုင်ငံမွဲပြာကျနေတာ အကြောင်းပေါင်းမြောက်များစွာရှိတယ်တဲ့။
အဲ့လိုအကြောင်းပေါင်းမြောက်များစွာထဲက တစ်ကြောင်းကတော့
ဘုန်းကြီးနဲ့ စစ်သားများနေလို့ပါတဲ့။

ဘာပြုလို့လဲဆိုရင်
ဘုန်းကြီးဆိုတာက လောကီဆန်ဆန်ပြောရရင်
အလုပ်မလုပ်ဘူး။ နိုင်ငံတော်အတွက်စပါးတစ်စိထွက်အောင်
သူမစွမ်းဆောင်ဘူး။ နိုင်ငံတော်အတွက် တစ်ဒေါင့်တစ်နေရာက
အုတ်တစ်ချပ် သဲတစ်ပွင့် တာဝန်မယူဘူး။
ဒါပေမဲ့ စားတဲ့အခါမှာ သူများထက် ကောင်းတာတွေ စားရတယ်တဲ့။

(ဆရာတော်က အလကားစားတဲ့စရိတ်ကို တစ်နေ့နှစ်ကြိမ်စားနှုန်း၊
တစ်ကြိမ်ကို ကျပ်ငွေ ၅၀ဝ နှုန်းနဲ့ သံဃာအပါးရေ လေးသိန်းကို တွက်ပြပါသေးတယ်)

သူဆက်ပြောတာက
အလုပ်မလုပ်တာနဲ့ ကောင်းတာစာတာဆိုတော့
နိုင်ငံအတွက် နှစ်ခါဆုံးရှုံးတယ်တဲ့။
စစ်သားကလဲ အတူတူပဲ။ နိုင်ငံအတွက် အလုပ်မလုပ်ဘူးတဲ့။
ဒါပေမဲ့ သူတို့လဲ ကောင်းပေ့၊ ညွန့်ပေ့ဆိုတာတွေ ရရှိသုံးဆောင်ကြတာတဲ့။
အခွင့်ထူူးခံလူတန်းစားတွေတဲ့။
သူတို့များလာတာလဲ နိုင်ငံအတွက် နှစ်ခါနာတယ်တဲ့။

ဒီဆရာတော်ကြီးပြောတာကို သဘောမတူနိုင်ပါဘူး။
သဘောမတူလို့ ဆရာတော်ကြီးကို ပြန်လျှောက်ဖြစ်ခဲ့ပါတယ်။

ဆရာတော်ဘုရား၊ ဒီလိုတော့ မပြောပါနဲ့ဘုရား။
တပည့်တော်တို့နိုင်ငံမှာ
ကောင်းတာမစားရဘဲ အလုပ်လုပ်နေတာလဲ အများကြီးရှိပါသေးတယ်ဘုရား၊
တကယ်အလုပ်လုပ်တဲ့ နိုင်ငံကိုအကျိုးပြုနေတဲ့
ဘုန်းကြီးတွေ စစ်သားတွေအများကြီးပါဘုရား။
ဘုန်းကြီးတွေမှာဆိုလဲ ပရိယတ္တိစာသင်တိုက်ကြီးတွေ၊ ပဋိပတ္တိရိပ်သာကြီးတွေ
နေ့မအားညမအား သာသာနာတော်အရှည်တည်တံ့ခိုင်မြဲပြန့်ပွါးဘို့
လုပ်ဆောင်နေကြပါတယ်ဘုရား။
စစ်သားတွေမှာလဲ ထို့အတူပါဘဲဘုရားလို့ ပြန်လျှောက်တော့

“အလုပ်လုပ်တဲ့သူတွေတော့ ဘယ်ပါမလဲကွ၊ လိုအပ်တာထက် ပိုနေလို့ပြောနေတာ”
တဲ့။

5 comments

  • bigcat

    January 21, 2011 at 6:45 am

    အရှင်ဘုရားက တိုင်းပြည်ဖက်က ကြည့်တာကိုး။ ချုပ်မူးကြီးဖက်က ကြပြန်တော့လည်း ဘုန်းကြီးနဲ့ စစ်သားဒီလောက် များနေတာတောင် အလုပ်လက်မဲ့ပေါလွန်းလို့ တိုင်းပြည်ပြင်ပ ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက်ဆိုပြီး ထွက်ပြေးနေကြတယ် မဟုတ်လား။ တော်ကြာနေ ယောင်ခြောက်ဆယ် ကိုယ်တော်တွေ လူထွက်ပြီး တိုင်းပြည်ဆူတာ အရှင်ဘုရားကြောင့် ဆိုနေမှဖြင့်…

    • ashinindaka

      January 21, 2011 at 6:49 am

      ဒါမျိုးဖြစ်ဘို့ မရည်ရွယ်ပေါင်ဗျာ။ ဆရာတော်တစ်ပါး ပြောတာ ဖောက်သည်ချရုံသက်သက်ပါ။

  • kai

    January 21, 2011 at 9:03 am

    ဒီလိုစကားတွေးရဲ ပြောရဲတာ မြန်မာပြည်တွင်းမရှိလောက်တော့ဖူးထင်နေတာ..
    ဆရာတော်ကြီးကို ..တော်တော့်ကို ..လေးစားမိပါတယ်အရှင်ဘုရား..။ မျှော်လင့်ချက်ရောင်ခြည်ရှိသားပဲလို့တောင် ထင်မိပါတယ်..။

    ..မြန်မာပြည်ရဲ့တပ်မှုးကြီးတွေဟာ ..ဒါတွေကိုသေသေချာချာလေ့လာပြီးမှ .. စစ်သားလူတန်းစားတရပ်ကို စံနစ်တကျပုံစံချ.. တည်ဆောက်လိုက်တယ်လို့ ..မြင်မိပါတယ်..။
    အဲဒီအဓိက လူတန်းစားကြီး၂ရပ်ကို .. ပေးဆပ်နိုင်ဖို့အတွက် .. လူထုကိုလည်း … ဆက်ပြီးနှစ်ထားမဲ့..အတွေးအခေါ်တွေပဲ.. ချပေး..ဖွင့်ပေးထားတော့ပါတယ်..။

    မြန်မာပြည်ပြဿနာကို စံနစ်တကျခွဲခြမ်းစိတ်ဖြာလေ့လာတဲ့ ..ပညာရှင်တွေလည်း.. ဒီလိုပဲမြင်ကြပုံရပါတယ်..။

  • ashinindaka

    January 21, 2011 at 9:31 am

    ရှိပါတယ်။ ဘုန်းကြီးတွေလဲ စီးပွါးရေးတက္ကသိုလ်ကြီးတွေ၊ နိုင်ငံရေသိပ္ပံဘာသာရပ်ကြီးတွေ မတက်ဘူး မသင်ဘူးပေမဲ့ ဒီလောက်တော့ သိပါသေးတယ်။

  • kai

    January 21, 2011 at 9:44 am

    ဗုဒ္ဓဘုရားရှင်လက်ထက်မှာ … လူထုအများစုနဲ့..မင်းညီမင်းသားတွေ ရဟန်းဝတ်ကုန်ကြတော့ .. အဲဒီခေတ်က တိုင်းပြည်ငယ်လေးတွေ.. ကျန်ရစ်တဲ့..ကလေးနဲ့..သူကြီးအိုမတွေ .. တော်တော်ဒုက္ခရောက်မယ် ..ထင်မိပါတယ်..။

    အဲဒါမျိုးကို … ဘုရားရှင်ဘယ်လိုဖြေရှင်းခဲ့ပါသလဲဘုရား..။

Leave a Reply