ဂီရိ လေဘေး ဒေသများတွင် ကူညီထောက်ပံ့ ပေးနေသော ပြည်တွင်း ပြည်ပ NGO၊ INGO အဖွဲ့တချို့သည် ယခုလကုန်ပိုင်း၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ရပ်တန့်တော့မည်ဟုဆို

zaw mgJanuary 21, 20111min400


ရခိုင်ပြည်နယ် ဂီရိ လေဘေး ဒေသများတွင် ကူညီထောက်ပံ့ ပေးနေသော ပြည်တွင်း ပြည်ပ NGO၊ INGO အဖွဲ့တချို့သည် ယခုလကုန်ပိုင်း၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ရပ်တန့်တော့မည် ဖြစ်ကြောင်း ပြည်ပသတင်းဌာနများမှသိရသည်။

ဂီရိဖြစ်ပွားပြီး ၃ လပြည့်ပြီးချိန်၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ရပ်တော့မည့် အဓိက အဖွဲ့များတွင် နိုင်ငံတကာ INGO အဖွဲ့တဖွဲ့ ဖြစ်သည့် Save The Children ပါဝင်သည်ဟု  ဧရာဝတီ အင်တာနက်သတင်းစာမျက်နှာတွင်ဖေါ်ပြထားသည်။

“ဒီတလစာအတွက် ဆန်တွေပေးထားပါတယ်၊ ဒီလကုန်ရင် ရိက္ခာတွေ မပေးတော့ဘူးလို့ Save The Children အဖွဲ့ဝင်တွေက ရွာတွေမှာ ပြောထားပြီးပါပြီ” အဆိုပါသတင်းက ဆိုသည်။

ဂီရိဒေသ၌ ထောက်ပံ့ကူညီရေးလုပ်နေသည့် INGO၊ NGO အဖွဲ့ စုစုပေါင်း ၁၅ ဖွဲ့ခန့် ရှိသည့်အနက် အများစုမှာ ရပ်တန့်တော့ မည်ဟု သိရသည်။

လေဘေးဒုက္ခသည် များသည် မုန်တိုင်းတိုက်ခတ်ပြီး ၃ လပြည့်မြောက်သည့်တိုင် နေအိမ်များ ပြန်လည်မပြုပြင်နိုင်သေးခြင်း၊ အမိုးအကာ မလုံလောက်ခြင်း၊ စားဝတ်နေရေးအတွက် အလုပ် အကိုင်မရှိခြင်း စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ် သည်ဟု ဒေသခံများ နှင့် NGO အဖွဲ့များက ပြောသည်။

ယခု ရက်ပိုင်းတွင် ပုံမှန်မဟုတ်သော ရာသီဥတုကြောင့် ဂီရိဒေသရှိ ဒေသခံများသည် ဝမ်းပျက် ဝမ်းလျှော နှင့် လည်ချောင်းနှင့် ပတ်သက်သော ဝေဒနာများ ဖြစ်နေကြောင်း၊ လူဆယ်ဦးလျှင် ဓာတ်ဆားထုပ် တထုပ်ခန့်သာရ၍ ဝမ်းပျက် ဝမ်းလျှောခြင်းကို ကာကွယ်နိုင်မှု မရှိ ကြောင်းလည်း သိရသည်။

ဂီရိဒေသ လိုအပ်ချက်၏ ၂ဝ ရာခိုင်နှုန်း ဝန်းကျင်သာ လုပ်ဆောင် ပေးနိုင်သေးသည်ဟု NGO တချို့က ပြောဆိုသည်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းသည်ကြီးမားသော လုပ်ငန်းကြီးတခုဖြစ်၍ အစိုးရ ကိုယ်တိုင်ဦးစီး၍ နိုင်ငံတကာ အဖွဲ့များ၊ ကုလသမဂ္ဂ(UN) လက်အောက်ခံအဖွဲ့ များအပါအဝင် အားလုံးစုပေါင်းလုပ်ဆောင်မှ ဖြစ်မြောက်မည်ဟုလည်း NGO များက ဆို  သည်။

NGO အဖွဲ့များ၏ ပြောဆိုချက်အရ မုန်တိုင်းကြောင့် လူဦးရေ ၂ သိန်း ရ သောင်းကျော် အိုးအိမ်မဲ့ ဖြစ်သွားခဲ့ရာ ယခု အချိန်ထိ လူ ၁ သိန်းကျော်မှာ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

NGO အဖွဲ့တချို့ကလည်း ၎င်းတို့တွင် ငွေကြေးအခက်အခဲကြောင့် လုပ်ငန်းများ လုပ်ဆောင်မှု နှေးကွေးနေကြောင်း၊ ဒုက္ခသည် များ၏ လိုအပ်ချက်များ ပြည့်မီရေးအတွက် အကူအညီအများအပြား လိုအပ်နေသေးကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မင်္ဂလာမြန်မာ အဖွဲ့၏ တာရိုက်တာ တဦးဖြစ်သူ ဒေါက်တာ ဖုန်းဝင်းက ဧရာဝတီ ကိုပြောသည်။

“နာဂစ်နဲ့ ယှဉ်လိုက်ရင် လိုအပ်ချက်တွေက အရမ်းကြီးကွာခြားနေပါတယ်၊ အဓိကပြဿနာက အလုပ်အကိုင်တွေ မရှိကြသေးတာတွေ၊ လုပ်ငန်းခွင်အတွက် လိုအပ်တာတွေမရှိကြသေးတာတွေပါ”ဟု ၎င်းက ဆိုသည်။

ရေလုပ်ငန်းကို အဓိက လုပ်ကိုင်၍ အသက်မွေးကြသော မြေပုံမြို့နယ်၊ ပေါက်တောမြို့နယ်တို့တွင် လှေမလုံလောက်ခြင်း၊ ပိုက်ကွန်များ မပြည့်စုံခြင်းတို့ကြောင့် စားဝတ်နေရေး အတွက် အလုပ်လုပ်ရန် မလွယ်ကူသေးကြောင်း ဒေသခံများက ပြော ဆိုသည်။

“အခုချိန်ထိ ရွာတရွာကို လှေငယ် ၂ စင်းပဲ ရပါသေးတယ်”ဟု မြေပုံမြို့နယ်၊ ပြင်ဝန်းရွာသား တဦးက ပြောသည်။ စစ်အစိုးရ မီဒီယာများကမူ ဂီရိဒေသ၌ ကယ်ဆယ်ရေး လုပ်ငန်းများပြီးစီးသွားပြီ ဖြစ်၍ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေ ကြောင်း၊ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသည်ဟု ရေး သားလေ့ ရှိသည်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ခံ ဦးအေးဝင်းက ၎င်း တို့အနေနှင့် ဂီရိဒေသ၏ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ပုံမှန်လုပ်ဆောင်လျက်ရှိပြီး ဆက်လက်၍ ပုံမှန်အတိုင်း လုပ်ဆောင်သွား မည်ဟု ဧရာဝတီ ကိုပြောသည်။

“ကျနော်တို့အဖွဲ့ကတော့ ရိက္ခာဖြတ်တောက်တာ လုပ်ဖို့အစီအစဉ် မရှိသေးပါဘူး၊ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်နေပါတယ်”ဟု ဦးအေးဝင်း က ဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နှင့်ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင် ကလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အကူအညီများ တောင်းခံလျက်ရှိပြီး ရေတွင်း၊ ရေကန်များ၊ လယ်ယာ လုပ်ငန်းများအတွက် ထောက်ပံ့မှုများ လုပ်ပေးရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

ဒီဇင်ဘာလအတွင်းက ထုတ်ပြန်သည့် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ကွပ်ကဲမှုရုံး(UNOCHA) အစီရင်ခံစာ၌ ဂီရိ ဒေ သ တခုလုံး၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လိုအပ်ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၅ရ သန်းကျော်အနက် ၂ဝ ဒသမ ၅ သန်းသာ ရရှိသေးကြောင်း ဖော်ပြထားသည်။

ဂီရိ ဆိုင်ကလုန်း မုန်တိုင်းသည် ၂၀၁ဝ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့က တနာရီလျှင် မိုင် ၁၂ဝ ဝန်းကျင်ဖြင့် ရခိုင် ကမ်းရိုးတန်း ဒေသ တလျှောက် တိုက်ခတ်ခဲ့ရာ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ မာန်အောင်၊ ပေါက်တော၊ ပုဏ္ဏကျွန်း၊ စစ်တွေ စသည့်မြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပြီး လူ ၂ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရာ လူ ရာဂဏန်းထိ သေဆုံးမှုရှိခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။