ကြယ်တာရာ ပေါက်ကွဲမှုတစ်ခုကြောင့် ကမ္ဘာကြီးသည် ရက်သတ္တပတ် အနည်းငယ်ခန့် နေ့ချည်းသက်သက် ဖြစ်ပေါ်ရန်ရှိ

နွယ်ပင်January 27, 20111min13715


မကြာမီ ကြယ်တာရာ ပေါက်ကွဲမှုကြီး ဖြစ်တော့မည်ဟု ပညာရှင်အချို့က ပြောဆိုနေကြသော Betelgeuse ကြယ်ကြီး

ကမ္ဘာ့နက္ခတ်တာရာ ပညာရှင်များသည် သမိုင်းတင်ပြီးခေတ် နောက်ပိုင်း ယနေ့ ၂၁ ရာစုအတွင်း အာကာသဆိုင်ရာ အထူးခြား ဆန်းကြယ်ဆုံး သတင်းတစ်ပုဒ် အဖြစ် ကမ္ဘာကြီးအတွက် ဒုတိယမြောက် နေလုံးတစ်ခု ပေါ်လာပြီး နေ့ညကွဲပြားခြင်း ခေတ္တရပ်ဆိုင်းသွားနိုင်သည် ဆိုသော သတင်းကို ဩစတြေးလျ သတင်းဌာနမှ တစ်ဆင့် ကမ္ဘာသို့ ဇန်နဝါရီလ ၂၂ ရက်နေ့က တင်ပြခဲ့သည်။

၎င်းတို့၏ စောင့်ကြည့်လေ့လာချက်များအရ ကမ္ဘာ့ကောင်းကင်မှ မြင်ရသော ကြယ်ကြီးများထဲတွင် အဌမအကြီးဆုံး အနီရောင် ကြယ်ကြီး ဖြစ်သည့် Betelgeuse သည် ဆက်လက်တည်ရှိနိုင်ရန် စွမ်းအင် မကြာမီ ရက်သတ္တပတ် အနည်းငယ်အတွင်း ကုန်ဆုံးတော့မည် ဖြစ်ပြီး ယင်းကဲ့သို့ စွမ်းအင်များ ကုန်ဆုံးသွားချိန်တွင် ဆူပါနိုဗာ (Supernova) ခေါ် ကြယ်တာရာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားမည် ဖြစ်သည်။

ထိုသို့ ဆူပါနိုဗာ ပေါက်ကွဲသော အခါ နဂါးငွေ့တန်းတစ်ခုစာ အကျယ်အဝန်းအထိ တောက်ပသော အလင်းတန်းများ ဖြာထွက်လာမည် ဖြစ်ပြီး ကမ္ဘာမြေသည် ၎င်းဖြစ်စဉ်မှ အလင်းရောင်များ ရရှိနေမည် ဖြစ်သောကြောင့် နေ့နှင့်ည လည်ပတ်မှု ဖြစ်စဉ် ယာယီ ပြောင်းလဲကာ နေ့အဖြစ် ဖြင့်သာ ရက်သတ္တပတ် အနည်းငယ်ခန့် တည်ရှိနေမည်ဟု ပညာရှင်များ ခန့်မှန်းထားကြသည်။ ထိုအချိန်တွင် အဆိုပါ အလင်းတန်းများ ထွက်ပေါ်နေသော ကြယ်စုကြီးသည် ကမ္ဘာမြေပြင်ပေါ်မှ ကြည့်လျှင် ဒုတိယ နေတစ်လုံးကဲ့သို့ မိုးကုတ်စက်ဝိုင်းတွင် မြင်တွေ့ရဖွယ် ရှိသည်ဟု ကြားသိရသည်။

မကြာမီ ကြယ်တာရာ ပေါက်ကွဲမှုကြီး ဖြစ်တော့မည်ဟု ပညာရှင်အချို့က ပြောဆိုနေကြသော Betelgeuse ကြယ်ကြီး

ဤကဲ့သို့ ကမ္ဘာကြီးသည် နေနှစ်လုံးမှ အပြိုင် အလင်းများ ရရှိနေခြင်းသည် နှစ်သန်းပေါင်းများစွာ တွင်မှ တစ်ကြိမ် ကြုံတွေ့နိုင်သည့် အခွင့်အရေး ဖြစ်ပြီး အစက နှစ်ပေါင်းများစွာ လိုသေးသည်ဟု တွက်ဆခဲ့ကြသော်လည်း ယခုဆိုလျှင် ဤသို့ဖြစ်ရန် အချိန် လွန်စွာ နီးကပ်နေပြီဟု နက္ခတ်ပညာရှင်များက ခန့်မှန်းကြသည်။

“အခုဆိုရင် ဒီကြယ်အိုကြီးဟာ သူ့ရဲ့ အလယ်ဗဟိုမှာ မီးစာကုန် ဆီခန်း ဖြစ်နေ ပါပြီ။ သူ့ကို ထောက်ပံ့ပေးထားတဲ့ လောင်စာ စွမ်းအင်တွေ ကုန်သွားရင် အလွန်လျင်မြန်စွာ ပြိုပျက်သွားမှာ ဖြစ်ပါတယ်” ဟု ဩစတြေးလျနိုင်ငံရှိ ကွင်းစ်လန်းတောင်ပိုင်း တက္ကသိုလ်မှ ပညာရှင် ဘရက် ကာတာမှ အဆိုပါ သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားခဲ့သည်။

၎င်းက ခန့်မှန်း တွက်ချက်ရာတွင် ထိုဖြစ်ရပ်သည် ၂၀၁၁-၂၀၁၂ ခုနှစ်များအတွင်း ဖြစ်နိုင်ကြောင်း၊ နေ့ညမကွဲပြားဘဲ နေ့အသွင်ဖြင့် တည်ရှိနေခြင်းသည် အနည်းဆုံး ရက်သတ္တပတ် နှစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်း ပြောပြခဲ့သည်။

၎င်း Betelgeuse ကြယ်နီကြီးသည် ကမ္ဘာမြေမှ အလင်းနှစ် ၆၄ဝ အကွာအဝေးတွင် တည်ရှိသော Orion ကြယ်စုတွင် ပါဝင်ပြီး ကမ္ဘာမှ သာမန်မျက်စိဖြင့်ပင် တွေ့မြင်နိုင်သလို လာမည့် ကြယ်တာရာ ပေါက်ကွဲမှု ဖြစ်စဉ်ကိုလည်း နေကာမျက်မှန်များ အသုံးပြု၍ ကြည့်ရှုရန် မလိုကြောင်း၊ မကြာမီ အချိန်ကာလ အတွင်း၌ ကမ္ဘာသူကမ္ဘာသား တို့သည် ကမ္ဘာ့နက္ခတ်တာရာ နှင့် အာကာသဆိုင်ရာ သမိုင်းတွင် နှစ်သန်းပေါင်းများစွာမှသာ တစ်ကြိမ် ကြုံတွေ့ရနိုင်သော ဆူပါနိုဗာ တစ်ခုမှ အလင်းကြောင့် ညမရှိတော့ဘဲ ရက်သတ္တပတ် အတန်ကြာ နေ့အဖြစ်သာ တည်ရှိနေခြင်းကို မျက်ဝါးထင်ထင် မြင်တွေ့ရဖွယ် ရှိကြောင်း အဆိုပါ သတင်းများအရ သိရှိရသည်။

ဘရက်ကာတာက အထက်ပါအတိုင်း ပြောဆိုသော်လည်း အမေရိကန် နိုင်ငံမှ ပညာရှင်များက အဆိုပါ ကိစ္စသည် တွေးထင်မှန်းဆချက်သာ ဖြစ်ကြောင်း၊ အဆိုပါ ကြယ်ကြီးသည် စွမ်းအင်ကုန်လုနီးပါး ဖြစ်သည်ဟု တွေ့ရှိရသော်လည်း ကြယ်တာရာ ပေါက်ကွဲမှု ဆူပါနိုဗာ တစ်ခု ဖြစ်မည့် အချိန်ကို လက်ရှိ ကမ္ဘာ့နောက်ဆုံးပေါ် တယ်လီစကုပ်နှင့် ကွန်ပျူတာများကပါ အတိအကျ စစ်ဆေး တွက်ချက် ဖော်ပြနိုင်ခြင်း မရှိသေးသလို ၎င်းစကြဝဠာဆိုင်ရာ ဖြစ်စဉ်များသည် တိကျစွာ ကြိုတင်မှန်းဆနိုင်ရန် မည်သည့် ပညာရှင်မျိုးကမျှ မစွမ်းနိုင်သေးကြောင်း၊ ထို့ကြောင့် မကြာခင် ကမ္ဘာကြီးတွင် နေနှစ်စင်း ပေါ်လာတော့မည် ဆိုသော သတင်းများအတွက် ထိုသို့ ဖြစ်ရန် အချိန်နီးကပ်နေပြီး အနီးစပ်ဆုံး ဖြစ်နိုင်သော အချိန်မှာ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်သည် ဆိုသော အချက်မျှ လွဲ၍ မည်သို့မျှ မပြောနိုင်ပါကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၁ဝ နာရီခန့်က www.thenewamerican.com သတင်းဝက်ဘ်ဆိုက်တွင် တုန့်ပြန်ရေးသား အသိပေးခဲ့သည်။

ထို့အပြင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသည် ကမ္ဘာမှ အလွန်အမင်း ကွာဝေးသော နေရာတွင် တည်ရှိသောကြောင့် အလင်းရောင်များ ကမ္ဘာပေါ်သို့ ရောက်ရှိလာမည်မှ လွဲ၍ ဆိုးရွားသော ထိခိုက်မှု မရှိနိုင်ကြောင်း၊ ခရစ်ယာန် သမ္မာကျမ်းစာပါ ကမ္ဘာလောက၏ တရားစီရင်ရာ နောက်ဆုံးနေ့ရက် (Doomsday) ကဲ့သို့ ကမ္ဘာကြီး နိဂုံးချုပ် ပျက်စီးသွားမည့် နေ့ရက် မဖြစ်နိုင်သေးပါကြောင်း၊ အခြားသော ဘာသာအယူဝါဒ အချို့ကဲ့သို့လည်း နဂိုရှိရင်းစွဲထက် နေများ ထွက်ပေါ်လာကာ ကမ္ဘာကြီး ပူပြင်းလောင်ကျွမ်း ပျက်သုဉ်းသွားမည် ဆိုသော အတွေးများဖြင့်လည်း စိုးရိမ်ပူပန်ကြခြင်း မဖြစ်စေလိုကြောင်း ပညာရှင်များက အလေးအနက်ထား ထုတ်ဖော်ပြောကြားခဲ့သည်။

အကယ်၍သာ မကြာမီ နှစ်လရက်များအတွင်း ထိုသို့ ဖြစ်လာခဲ့ပါက သမိုင်းတင်ပြီး ခေတ်နောက်ပိုင်း၌ အထူးခြား အဆန်းပြားဆုံး ဖြစ်သည့် ရက်သတ္တပတ် အနည်းငယ်ခန့် နေ့ချည်းသက်သက်သာ ရှိခြင်းကို ကျွန်တော်တို့ခေတ် လူသားများ တွေ့ကြုံ မှတ်တမ်းတင်ခွင့် ရရှိဖွယ် ရှိသည်ဟု တင်ပြလိုက်ရပါသည်။

Ref: AOL , Daily Mail, The New American

mmdailynews.com မှကူးယူဖော်ပြပါသည် ။

15 comments

  • nigimi77

    January 27, 2011 at 5:04 am

    ဆိုးရွားတဲ့ ထိခိုက်မှု မရှိနိုင်ဘူးဆိုတာကတော့ ချွေးသိပ်တာလို ့ထင်တယ်။ နေရာင်ခြည်ဟာ မြေပြင်နဲ ့ဝေးကွာလေ အပူချိန်လျော့လေပဲ။ ဒါကြောင့် မြေပြင်ပေါ်ကို ရောက်ရှိလာမဲ ့ အလင်းတန်းတွေဟာ အပူချိန်ကို သေချာပေါက်ဖြစ်ပေါ်စေမှာပဲ။ ကမ္ဘာဟာ နေ ့ည အလှည့်ကြဖြစ်ပေါ်ခြင်းနဲ ့သာ အပူအအေးချိန်ကို ချိန်ခွင်ညှိပေးထားတာပါ။ ညဖြစ်ပေါ်ရမဲ့ အခြမ်းမှာ နေ ့ဖြစ်ပေါ်ပြီး နေ ့ဖြစ်ပေါ်ဆဲ အခြမ်းမှာ ဆက်တိုက် နေ ့ချည်းပဲ ဖြစ်ပေါ်လာမယ်ဆိုရင် အပူချိန် အလွန် အမင်းမြင့်တက်လာမှာပါ။ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေဟာ အများကြီးပါ။ အပူချိန်လွန်ကဲမှု အမှတ်ဟာ လူတွေခံနိုင်တဲ့ အမှတ်ထက် ပိုလာရင် သေကုန်ကြမှာပါ။ ရာသီဥတု အကြီးအကြယ် ပြောင်းလဲသွားမှာပါ။ သဘာဝဘေးဒဏ်တွေ ရက်တိုတိုအတွင်း ဝင်ရောက်လာမှာပါ။ အပူချိန်မှာ ပေါက်ဖွားတဲ့ ရောဂါပိုး ပေါင်းစုံ ပျံ ့နှံ ့လာမှာပါ။ ရေထုကို ထိမ်းထားတဲ့ ရေခဲတွေ အရည်ပျော်လာမှာပါ။ အလင်းတန်းလို ့ဆိုထားပေမဲ့ ကမ္ဘာ့လေထုနဲ ့ မြေပြင်နဲ ့ထိတွေ ့သွားရင် အပူ အဖြစ် ပုံဖော်မှာဖြစ်တယ်။ ပညာရှင် မဟုတ်လို ့ ဒီလောက်ပဲ မန်းနိုင်ပါတယ်။

    • Hello Everyone

      January 27, 2011 at 9:32 am

      တခုခု ဖြစ်မယ်ဆိုရင်တောင် ကြိုတင် ကြေငြာ မှာမဟုတ်ပါဘူး။ လူတွေ အလန့်တကြားနဲ့ ဖြစ်ကုန်ရင် ပိုဆိုးမှာမို့ပါ။ ကြိုတင်ကာကွယ် လို့ကလဲရဘူးလေ။ ဒီတော့ ဘိုးတော် ဆရာသခင် များပြော တဲ့ အစီအရင် တွေပဲ လုပ်တာကောင်းမယ်ထင်တယ်။

  • bigcat

    January 27, 2011 at 5:30 am

    ပြောလိုက်မယ်.. နီးလားရင် အဲယားကွန်း၊ ပန်ကာ၊ ရေခဲသေတ္တာတွေ ဈေးတက်လိမ့်မယ်၊ ကြိုဝယ်ထား။

  • အမှန်တကယ်ဖြစ်လာမယ်ဆိုရင်လူသားတွေဟာဒုက္ခတွေအနည်းအများတော့ရင်ဆိုင်ကြရမှာပဲ။
    ထူးခြားဆန်းပြားလို့မှတ်တမ်းတင်ခွင့်ရချင်ပေမဲ့ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်မလဲဆိုတာမသိနိုင်သေးပေမဲ့
    ညဘက်မှာမှထွက်တဲ့သတ္တဝါတွေအတွက်ကတော့အကြီးအကျယ်ဒုက္ခရောက်သွားနိုင်တယ်။ဒါကြောင့်ဖြစ်မလာစေချင်ပါဘူး။

  • yuyu

    January 27, 2011 at 5:48 am

    အခုကိုယ်လူဖြစ်ခွင့်ရနေတဲ့အချိန်မှာ 88လိုမျိုး၊ ဆူနာမီလိုမျိုး၊ နာဂစ်လိုမျိုး၊ အပူလိုင်းဖြတ်တာအအေးလိုင်းဖြတ်တာတွေနဲ့ကြုံတွေ့ခဲ့ရတာပဲ သေကံမရောက်သက်မပျောက်လို့ အတွေ့အကြုံတစ်ခုအဖြစ်ရရှိခဲ့ပြီးပြီပဲ ဒီလိုပဲပေါ့ အခုကြယ်တာရာပေါက်ကွဲမယ်ဆိုတော့လဲ ကိုယ်တွေအသက်ကပြင်းတယ်ဆိုရင် မှတ်တမ်းတစ်ခုကိုတို့တွေထပ်ရရှိဦးမှာပဲလေ သတ္တဝါတစ်ခု ကံတစ်ခုပေါ့ညီမလေးရယ် ဘယ်တတ်နိုင်မလဲနော်

  • zippo

    January 27, 2011 at 6:39 am

    ဟမငေး–ဂလိုဖစ်ရင်–AM/PM–ကြည့်ပီး အလုပ်လုပ်ချိန်..အိပ်စက်အနားယူချိန် ခွဲခြားရတော့ပေါ့–

  • kai

    January 27, 2011 at 6:44 am

    ဒိုင်နိုဆောတွေကမ္ဘာအုပ်ချုပ်တော့ နှစ်သန်း၁၀ဝ အသာလေးနေနိုင်သွားတယ်..။
    နောက်တော့ .. ဥက္ကာပျံဝင်ဆောင့်ပြီး အကုန်သေတာပဲ..။

    လူကျတော့ .. အီဂျစ်ပရိမစ်အစောဆုံးတည်ဆောက်နိုင်တာကနေ … ထည့်တွက်ရင်.. နှစ် ၅၀၀ဝကျော်..လွန်ရော..၆ထောင်ပေါ့..။
    လုပ်တတ်ကိုင်တတ်နဲ့.. ကမ္ဘာမှာ တခြားသတ္တဝါတွေထက်မြတ်ပါတယ်..။ တတ်ပါတယ်ဆိုပြီး သတ်စားဗိုလ်ကျလာကြတာ..။
    အဲဒါ..အရှိန်လွန်ပြီး ..ကိုယ့်ကမ္ဘာကိုယ်..လေအားဖြင့်..အဲ..အဲ..အင်တာနက်အာဖြင့်.. မျိုးစုံကို ..ဖျက်နေတတ်ပြန်ရော..။
    ဟောလိဝုဒ်က လုပ်စားဖို့ .. အကြံအဖန်လုပ်တာကို… အဟုတ်မှတ်နေသူ တော်တော်များတာပဲ..။
    အခု နေ၂စင်းလည်း ..မယုံဘုးဗျိုု ့..။ ၂၀၁၂ မှာဖြစ်မယ်ဆိုတော့ကို ပိုမယုံတာ..။

    ဒါပေမဲ့..ရွာသားတွေကတော့ .. အုပ်စုဖွဲ ့..
    အရပ်ထဲ..ယုံပါတယ်ဆိုပြီး .. . ၂၀၁၂ ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာကြီးပါပျက်တော့မှာဆိုပြီး ..နတ်ပြည်မှာ ..အလွှာလိုက်..နေရာကြိုရောင်းစားကြပေါ့..။ နိမိတ်ပေးတာက.. ဘိုးဘိုးအောင်ရဲ့.. အဖေ..ဘိုးတော်ဦးမင်းစင်္ကြာ ကိုယ်တိုင်ဖြစ်တယ်ပေါ့..။ မြေပုံဈေး..(မဆောက်ခင်ဈေး) ဆိုတော့ .. ဒေါ်လာ ၁၀၀ဝ တောင်း..။
    နတ်သမီးပါ..အပိုလိုချင်ရင်.. နတ်သမီးသယောက်.. ဒေါ်လာနဲ့ ၁၀ဝကောက်ပေါ့..။
    ဒီငွေတွေက .. ဧဝရတ်တောင်ရဲ့ နဝမမြောက်တောင်စွန်းမှာ..ရှိတဲ့ ရေခဲလှိုင်ဂူအဝင်ဝမှာထားတဲ့.. ဘီလူး၂ကောင်အတွက်အစီအရင် အစီအရင်လုပ်ဖို ့. တဝက်ဖယ်ပြီး..ကျန်တဝက်.. ဆံတော်ရှင်ဘုရားတဆူကို ..၅ပုံတပုံနှုန်းနဲ့..ဆံတော်ရှင်ကြီး ၅ကြီးဆီလှုမယ်ပြောပေါ့..။
    တကယ်လည်း.. ကမ္ဘာပျက်ရက်မတိုင်ခင်.. ၂၃၄နာရီအလိုကနေ.. ၂၃နာရီတခါ… အတိအကျခွဲလှူလိုက်ပါ..။ (ဒါက တကယ် နက္ခတ်နဲ့ပြောတာပါ)
    ဆေးဖယောင်းတိုင် ၃ထုတ်ရယ်..။ အင်းကွက် ၂၁ခုရယ်..။ ဘီလူးရုပ်..၂ရုပ်ရယ်..။ ဝတ်စုံဖြူဝတ်..အမွေးရှည်ရှည်.. ဘိုးတော်တယောက်ရယ်..။ (ဒါလည်း ..အိပ်မက်အရ.တကယ်ရေးတာပါ)ဘာညာကွိစိကွစိပြောတတ်သူတယောက်ရယ်.. မေတ္တာကြေး.. မေတ္တသုတ် ၂၂ခေါက်ရွတ်ခိုင်းပြီး ..သာသနာအစောင့်ဖြစ်ပါစေ သစ္စာဆိုခိုင်းပြိး ..လိုရာသုံးပေါ့..။( ရှေးဟောင်း ..ပစိက္ကနာတ္တကျမ်းမှာတော့ ..တကယ်ဒီလိုရေးထားပါတယ်..)
    သချိုုင်းက ..အဝတ်စတွေနဲ့ နေ့သင့်နာမ်သင့်.. ရက်ရွေးချုပ်ထားပါတယ်ဆိုတဲ့..သင်္ကန်းစပါ.. ယူသုံးလိုက်ရင်တော့ ..(ဒါလည်း .. ဆရာမဟိန္ဒရေးတဲ့.. မခိဝတ္တစေ အင်းမှော်ကျမ်းမှာ ရေးထားပါတယ်..)

  • မျက်မှန်

    January 27, 2011 at 7:02 am

    အလင်းနှစ် 640 အကွာ က ဆူဗာ နိုဗာ ပေါက်ကွဲမှု ကို ကမ္ဘာပေါ်ကနေ နေ့ချင်းညချင်း မြင်တွေ့နိုင်ဖို့ အခွင့် အရေး မရှိလှပါ။ မြင်ရမယ်ဆိုရင်လဲ အဲဒီ ဆူပါ နိုဗာဖြစ်စဉ်ဟာ လွန်ခဲ့သော နှစ်ပေါင်း ခြောက်ရာ့လေးဆယ်ကတည်းက ပေါက်ကွဲနှင့်ခဲ့ပြီးသား ကို မြင်တွေ့ရခြင်းသာ ဖြစ်ပါလိမ့်မယ်။ဒါကြောင့်လည်း သိပ္ပံပညာရှင်များက စင်္ကြာဝဠာ ကိုလေ့လာရခြင်းဟာ အတိတ်ကြေးမုံပြင်ကို ကြည့်ရှုရခြင်း နှင့် တူကြောင်း ခိုင်းနှိုင်းပြောဆိုကြပါတယ်။

  • Maung Dae`

    January 27, 2011 at 7:15 am

    အိ… ဘာတွေလဲဟ.. ခုကမ္ဘာပျက်မယ်ပြော.. ခုနေ၂စင်းထွက်မယ်ပြောနဲ့.. မဖြစ်ဖူးလို့မပြောနိုင်သလို.. သေချာပေါက်ဖြစ်မယ်လို့လဲ မပြောနိုင်ပါဘူး..
    အကြောင်းကြောင့် အကျိုးဖြစ်.. ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့မှတ်လိုက်ရင် ဘာမှမထူးဆန်းတော့ပါဘူး.. တကယ်ဖြစ်လာလို့ ကမ္ဘာကြီး တစ်ခုခုဖြစ်ပီဟေ့ဆိုရင်လဲ ကိုယ်တစ်ယောက်တည်းကွက်ဖြစ်တာမှမဟုတ်တာ.. အားလုံးဝိုင်းပြီး စဉ်းစား အဖြေထုတ်ကြရမှာပါပဲ…

    အခုလောလောဆယ်တော့ ဘာမှမသေချာသေးတာကို တွေးမပူတာပဲကောင်းပါတယ်… နတ်ခတ္တာရာပညာရှင်တွေကိုပဲ အလုပ်ပေးထားလိုက် သူတို့ဖာသာတွက်ချက်လိမ့်မယ်….
    တကယ်ကိုသေချာပီ.. ဖြစ်လာတော့မယ်.. အတိအကျသိရပြီဆိုတော့မှ.. လုပ်သင့်တာလုပ်ကြတာပေါ့…

  • nigimi77

    January 27, 2011 at 7:17 am

    မျက်မှန်ပြောတာ သဘောကြတယ်။

  • bigcat

    January 27, 2011 at 7:18 am

    အင်း.. ဆြာခိုင်က မယုံဘူးဆိုပေမဲ့ ရွာသားများအကျိုးရှေးရှုပြီး ပြောစရာရှိတာပြောရမှာပဲ။ ရွာသူရွာသားများ သက်ကယ်ရွက်တွေရှာပြီး စတိသဘောဖြစ်ဖြစ် အိမ်ခေါင်မိုးမှာ မိုးထားတင်ထားကြပါ။ အိပ်ကပ်၊ ပိုက်ဆံအိပ်ထဲမှာလည်း ရွာလွတ်ကထွက်တဲ့ ဆေးတံ၊ဆေးဗူး စတာတွေ ဆောင်းထားကြပါ။ ၂၀၁၂ခုနှစ်ဆိုတာ ဘာမှမဝေးတော့ပါဘူး။ မယုံဘူးဆိုတဲ့ အာခံချင်တဲ့ စိတ်ကလေးတခုအတွက်နဲ့ ဒုလ္လဘရခဲလှတဲ့ လူ့ဘဝကို မဆုံးရှုံးမိပါစေနဲ့။ လူရယ်လို့ဖြစ်လာတာ နှစ်ပေါင်းအင်္သချေရှိပါပြီ။ အင်္သချေဆိုတာကို ကိန်းဂဏန်းဖွဲ့မရလို့ နှစ်သန်းကုဋေကဋာ မရေမတွက်နိုင်လောက်အောင် ကြာတယ်လို့ အလွယ်မှတ်ပါ။ အဲသည်လောက်ကြာအောင် လူတွေရှင်သန်နိုင်တာ၊ ကပ်ဘေးအန္တရယ်တွေကနေ လွန်မြောက်လာတာ နားလည်ရန်ခက်တဲ့ စွမ်းအင်သတ္တိ အစီအရင်တွေကြောင့်ဆိုတာ မမေ့ကြပါနဲ့။ ဒါကြောင့် ဒီနေ့ကစပြီး ကျေးဇူးရှင် ဆရာသခင်များရဲ့ ပြောဆိုချက်ကို လေးလေးစားစားနာယူကြပါစို့။

    သတိ။ ရုပ်ဝတ္ထုဆရာများ ကြွားဝါလေ့ရှိတဲ့ အင်တာနက်၊ ကွန်ပြူတာ၊ ဘယ်လောက်ကောင်းကောင်း ပလပ်ဖြုတ်ထား၊ ဘက်ထရီအားကုန်ရင် အလကားပါ။ ဒုံးပျံ၊ အာကာသယာဉ် ဘယ်လောက်စွမ်းစွမ်း မူလီတလုံးပြုတ်နေရင် ဝုန်းဆိုပေါက်ကွဲပျက်ဆီးပါတယ်။ ညူကလီးယားစက်ရုံ၊ အသံထက် မြန်လေယာဉ်၊ ရထား ဘယ်လောက်ထွင်ထွင် တချက်သတိလွတ်ရင် ထိခို်က်မှု ဖြစ်ပါကြောင်း မေတ္တာရှေ့ထား အသိပေးလိုက်ပါသည်။ ဤစာကို အသိဆယ်ယောက်အား ဖြန့်ဝေပါ။ ဘေးမှဆယ်ခါလွတ်မည်။ ပိုဖြန့်လေ ပိုလွတ်လေဖြစ်မည်။
    သတ္တအားလုံးအေးချမ်းစေရန် မယုံကြည်သူများကိုလည်း အဘမှာသည့်အတိုင်း မေတ္တာပို့ပါသည်။

    Would be ဘိုးတော်ကြောင်ကြီး

  • MoeSat

    January 27, 2011 at 7:59 am

    တကယ်သာဖြစ်ခဲ့ရင်လူသားတွေအတွက်ဆိုးကျိုးတစ်ခုခုတော့ရှိလာနိုင်တယ်လို့ထင်တယ်

  • koyinmaung

    January 27, 2011 at 9:50 am

    မျက်မှန်အယူအဆအမှန်ဆုံးပါ……

  • bigbird

    January 27, 2011 at 1:44 pm

    ဆရာတော်ဦးသုမင်္ဂလ(ဒယ်အိုး)ပြောသလို တို ့ကတော့အဆင်သင့်ပဲဟေ့….
    အချိန်မရွေးလာခဲ့ ရင်ကော့ပြီးသေရဲတယ်။

  • etone

    January 28, 2011 at 4:09 am

    ဟိုကွေ့ရောက်လျှင် ဟိုတက်နဲ့လှော် ၊ ဒီကွေ့ရောက်လျှင် ဒီတက်နဲ့လှော်ပေါ့..။ တွေးပူနေတာ ပင်ပန်းလွန်းပါတယ်…။

Leave a Reply