မှော်ဘီ ဘက်က ဘုန်းကြီး ကျောင်းတခုကို ၀ါတွင်း ဥပုတ်နေ့တိုင်း ချိုင့်ဆွဲပြီး ဆွမ်းသွားကပ်လေ့ ရှိတယ်။ ကားအတွက်ကတော့ အဆင်ပြေသလိုပေါ့။ ငှားနေကျ အငှားကား ဦးလေးကြီးနဲ့ကလည်း ရင်းနှီးနေတော့ စိတ်ချ လက်ချ သွားလို့ လည်း ရတယ် ကားဆရာကြီးက သဘောကလည်းကောင်းတယ် ဘာသာရေးလည်း ကိုင်းရှိုင်းသူ ဆိုတော့ သွားရင်းလာရင်း လေပေးတော့ ဖြောင့်တယ်။ သူကားကို ငှားစီးရင်းနဲ့ သူ့တူမ လိုတောင် ဖြစ်နေပြီ။
သဘောကောင်း မနောကောင်း ကားဆရာ ဦးလေးကြီးက ဘုန်းကြီးကျောင်း ရောက်ရင် မီးဖိုဆောင်ထဲ ၀င်ပြီးတော့ လှီးစရာ ဖြတ်စရာတွေ ရှိရင် ၀င်ကူပေးတယ်။ အိမ်သာတွေ ညစ်ပတ်နေရင်က အစ ဆေးကြောတယ် သန့်ရှင်းအောင် လုပ်ပေးတယ်။ ဆွမ်းကပ်တော့လည်း သူလည်း ၀င်ကပ်တာပေါ့။ ဘုန်းကြီးကျောင်းမှာ ဝေယျာ ၀စ္စတွေ လုပ်နေတာ အသားကျနေတော့ သူအတွက်လည်း ဘာမှ အပန်းမကြီးသလို လုပ်နေတာဘဲ။ တနေ့ ကျောင်းမှာ အလှူတခု ရှိတယ်။ ဧည့်သည်တွေ လာမှာ ဖြစ်တဲ့ အတွက် အိုးကြီး ခွက်ကြီး ချက်ပြုတ်နေတာနဲ့ ကြုံတယ်။ အမြဲနေ ကပ္ပိယ သိပ်မရှိတာက တကြောင်း ၀င်ကူနေကြ ဖြစ်တာကတကြောင်းပေါ့လေ.. ဟင်းအိုးတည်ထားတယ်။ မီးအပူရှိန်နဲ့ ဆူပွက်နေပါတယ်။ အရမ်းကို ဆူနေတာ ဖြစ်တဲ့ အပြင် ဒယ်အိုးမှာ တပ်ထားတဲ့ ယောင်းမ လက်ကိုင်က သံတော့ မဟုတ်ပေမဲ့ ဖိုင်ဘာ အပူခံနိုင်အောင် တပ်ထားတာ ဖြစ်ပါတယ်။ တယောက် တမျိုးစီ မအားကြတဲ့ အထဲက ဦးလေးရေ ဟင်းအိုး အရမ်းဆူနေပြီ မွှေလိုက်ပါအုန်း ဆိုတာနဲ့ ထပြီး မွှေလိုက်ပါတယ်။ ကိုင်လိုက်တဲ့ အချိန်မှာ ပူသလို ဖြစ်သွားပါတယ်။ ဒါနဲ့ ကိုင်စရာ လက်နှီးစုပ်မရှိတာနဲ့ အဆင်ပြေသလို ပုဆိုးကို လက်လှမ်းသုတ်လိုက်တယ်။
အမှတ်တမဲ့ နေရင်းနဲ့ ညနေ အိမ်ပြန်ရောက်တော့ ပုဆိုးကို လက်နဲ့ စမ်းကြည့်တော့ ပုဆိုး မီးပူကပ်မိသလို အကွင်းလိုက် ပေါက်နေတာမျိုး ဖြစ်နေပြီးတော့ ယောင်းမ လက်ကိုင် ဖိုင်ဘာ ကော် တွေ ပေ နေတာ သတိထားမိတယ်။ သူ့လက်ကို ကြည့်တော့ တစုံတရာ အပူလောင်တာ မရှိဘူး။ သူကိုယ်တိုင်လည်း တော်တော် ယုံကြည်သွားတယ်။ ကုသိုလ်စိတ်က အကျိုးပေးတာနဲ့ အပူလောင်မဲ့ ဟာတောင် ပူတယ်လို့ အပြင်းအထန် မခံစားလိုက်ရဘူး ဆိုပြီး ၀မ်းသာ အားရ ပြောသွားပါတယ်။
တခု အတွေးထဲ ပေါ်လာတာကတော့ သူ စိတ်ထဲမှာ အလုပ်ကို ဇောစိတ်ကျနေပြီး ပူလို့ ပူမှန်း မသိဖြစ်ပြီး အပူတွေ ချက်ချင်း ပုဆိုးကို သုတ်လိုက်တဲ့ အတွက် လက်မပူတာများလား။ ဒါပေမဲ့ အပူဆိုတာ ထိတာနဲ့ ချက်ချင်း အနာ ဖြစ်နေနိုင်တာ သူပြောသလို ဖိုင်ဘာ ဆိုတာ အပူခံနိုင်တဲ့ သဘော ရှိတာ မီးအရှိန်ဟပ်တာနဲ့ အပူပြင်းပြင်း ပျော့သွားတဲ့ အချိန် ကိုင်မိတာ လက်မှာ ဘာမှ မဖြစ်တာတော့ အံသြစရာပေါ့လေ။

About ဆူး

has written 398 post in this Website..