စာရေးချင်တယ်ဆိုတဲ့ မြေးလေးဆီသို့ (လူထုဒေါ်အမာ)

snowJanuary 22, 20111min702

လူထုဒေါ်အမာ ရေးခဲ့တဲ့စာလေးပါ ကျမတို့အားလုံးအတွက် အသုံးဝင်မယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်)

စာရေးချင်တယ်ဆိုတဲ့ မြေးလေးဆီသို့

အဘွားဆီကို မြေးမလေးတစ်ယောက်က စာရေးလာပါတယ်။ သူ့စာက အဘွားရယ်
အဘွားစာရေးလာတာကြာလှပြီဆို။ ဘာတွေရေးတာလဲ။ ကျမလည်း အဘွားလို
စာရေးတတ်ချင်ပါတယ်။ စာရေးဆရာတစ်ယောက် ဖြစ် ချင်ပါတယ်။ကျမကို
သင်ကြားပေးပါလားရှင်တဲ့။
ဒီမိန်းကလေးလို အမေ့ဆီစာရေးသူတွေက တစ်ယောက်မကဘူး။
တော်တော်များပြီ။ လူငယ်တွေ စာရေးချင်စိတ်ပေါက်ကြတာ ဝမ်းသာစရာကောင်းပါတယ်။
အမေတို့ငယ်ငယ်တုန်းကနဲ့ မတူဘူး။ အခုခေတ်မှာ ရေးစရာအကြောင်းအရာတွေကလည်း
အများကြီး။ ရေးစရာနေရာတွေလည်း အများကြီး ရှိလာတယ်။ စာရေးကြတဲ့
ကလောင်သစ်တွေလည်း အများကြီးပေါ်လာတယ်။ ဒါဟာ တို့လူတွေအတွက်
ကောင်းတဲ့လက္ခဏာပေါ့။ အမေ့ကို အဲဒီမိန်းကလေးလို မေးလာမယ်ဆိုရင်တော့ အမေက
ကိုယ့်မြေးကလေးတစ်ယောက်လို ရင်းရင်းနှီးနှီးပဲ ဖြေချင်တယ်။
မင်း စာရေးချင်တယ်ဆိုတာ ဘာလို့လဲ။
အဲဒီအမေးကို ကိုယ့်ဘာသာ ဖြေကြည့်စမ်းပါ။ မကွယ်မဝှက်
မှန်မှန်ကန်ကန် စဉ်းစားပြီးတော့ ဖြေကြည့်စမ်းပါ။ ဘယ်သူမှ မကြားဘဲ
ကိုယ့်ဘာသာဖြေကြည့်ပါ။
အမေက မေးရမယ်ဆိုရင်တော့ မင်းမှာ သူများသိဖို့ကောင်းတဲ့
အတွေ့အကြုံတွေ အများကြီးရှိလို့လား။ မင်းမှာ ထူးခြားလေးနက်တဲ့
အတွေးအခေါ်သစ်မျိုးတွေ ရှိလို့လား။ မင်းက
စိတ်ကူးစိတ်သန်းသိပ်ကောင်းလို့လား။ ကောင်းတယ်ထင်လို့လား။
ဥပမာ-ဝတ္ထုရေးမယ်ဆိုရင် ဇာတ်လမ်းဇာတ်ကွက်ကို ငါဆိုရင်
ဘယ်လိုဖန်တီးလိုက်ရမှာ ဆိုတာမျိုးပေါ့။ မင်းမှာ ဗဟုသုတတွေ အကြားအမြင်တွေ
အတွေ့အကြုံတွေက သိပ်များထားလို့လား။ မင်း ဘယ်လို ဟာမျိုးတွေကို
ရေးချင်တာလဲလို့ မေးမိလိမ့်မယ် ထင်တယ်။
အမေ့အနေနဲ့ စာရေးချင်နေတဲ့ သားတို့သမီးတို့ကို
အကြံပြုချင်တာကတော့ စာရေးချင်ရင် စာများများဖတ်ပါ။ သူများတွေ ဘာရေးထားထား
ဖတ်ပါ။ ကောင်း၏ မကောင်း၏ကို ကိုယ့်ဘာသာခွဲခြားပြီး စာကောင်းကို
ဘာကြောင့်ကောင်းတာလဲ စဉ်းစားကြည့်ပါ။ စာရေးချင်တဲ့လူဟာ
စာဖတ်များရမှာကတော့ အသေအချာလုပ်ရမယ့် ကိစ္စပါ။
မင်းရေးရမှာက ကဗျာလား၊ ဆောင်းပါးလား၊ ဝတ္ထုလား၊
အက်ဆေးလား၊ ဘာသာပြန်လား၊ တချို့က စာပေနယ်ထဲကို ကဗျာနဲ့ စဝင်လာကြတယ်။
ဘာပဲဖြစ်ဖြစ် ရေးကြည့်ပါ။ ရေးကြည့်ပြီး မဂ္ဂဇင်းတိုက်ကို ပို့ကြည့်ပါ။
ပို့ကြည့်လို့ လက်မခံဘူးဆိုရင်လည်း စိတ်မပျက်ပါနဲ့။ ဆက်ရေးပါ။
မင်းရေးတာဟာ ပုံနှိပ်ဖော်ပြပေးလောက်အောင် မကောင်းသေးလို့ ပယ်တာဖြစ်မှာပါ။
စိတ်မပျက်ပါနဲ့။ ဆက်ရေးပါ။ ရေးရင်းရေးရင်း ကောင်းလာနိုင်ပါတယ်။
မင်းရေးတဲ့စာမူကို ကိုယ့်မှာ လက်ခံကော်ပီလည်း ချန်ထားရမယ်။
အဲ ရေးပြီဆိုရင်တော့ ဘာအကြောင်းရေးမှာလဲ။ စာရေးတယ်ဆိုတာ
ကိုယ့်ဘာသာ အပျင်းပြေဖတ်ဖို့ ရေးတာမဟုတ်ဘူး။ သူများဖတ်ဖို့ ရေးတာပါ။
အဲဒီတော့ ဖတ်တဲ့လူကို ကိုယ့်စာက ဘာအကျိုးပြုမှာလဲ။ အဲဒါ
အရေးကြီးပါတယ်။ သူ့ခမျာလည်း အချိန်ကုန်ခံပြီး ဖတ်ရကျိုးနပ်ရမယ်လေ။
ကိုယ့်စာကြောင့် သူများပျော်သွားသလား။ သူများ
အပျင်းပြေသွားသလား။ ဗဟုသုတရသွားသလား။ တစ်ခုခုတော့ ကျေးဇူးပြုရမှာပေါ့။
အမေက မင်းကို တစ်ခုတော့ သတိပေးချင်တယ်။ ကိုယ့်စာနဲ့
သူများရဲ့ကိုယ်ရေးကိုယ်တာအကြောင်းကို မကောင်းမရေးပါနဲ့။ အဲဒါ
မရေးအပ်တဲ့စာ။ မလုပ်အပ်တဲ့အလုပ်မျိုးပါ။ မင်း လူတစ်ယောက်ကို မုန်းရင်
မကျေနပ်ရင် ထဆဲပါ။ ထထိုးပါ။ ရတယ်။ မင်း ဒေါသကြီးတာ၊ မင်းမရှက်တတ်တာကို
ကြားတဲ့မြင်တဲ့လူလောက်ကပဲ သိတယ်။ စာနဲ့ရေးပြီးဆဲတယ်ဆိုတာမျိုးကတော့
မင်းစာကို ဖတ်မိသမျှ လူတွေက သိတယ်။ မင်းစာ မဆွေးမြေ့ မပျက်စီးသေးသမျှ
အဖတ်တင်နေမယ်။ သူ့အပေါ် မင်းရဲ့စိတ်နေစိတ်ထား ဘယ်လိုရှိတယ်ဆိုတာ
ကမ္ပည်းထိုး မော်ကွန်းတင်ထားတာပဲ။ ဒါမျိုးက မလုပ်သင့် မလုပ်အပ်ဘူး။
တချို့က စာရေးတယ်ဆိုတာ ကိုယ့်အတွက် ရေးနေတာလေ။
ကိုယ်ဘယ်လောက်သိတယ်။ ဘယ်လောက်တတ်တယ်။ ဘယ်လောက်တော်တယ်ဆိုတာကို လူသိအောင်
လုပ်တဲ့လူရှိတယ်။ တချို့က ကိုယ်မုန်းတီးနေတာကို စာနဲ့ထုတ်ဖော်ရေးမယ် ။
အဲဒါတွေဟာ စာရေးတာမဟုတ်ပါဘူး။ မင်းအတွက် ရေးတာပါ။ မင်းအရည်အသွေးကို
လူသိတာပဲရှိပါတယ်။ တခြားအကျိုး မရှိပါဘူး။
စာဟာ ကိုယ့်အတွက်ရေးတာ မဖြစ်စေရဘူး။ စာရေးတဲ့လူမှာ
သူများအပေါ်စေတနာအပြည့်အဝ ထားရှိရတယ်။ မင်းစေတနာဟာ မင်းစာမှာ ပေါ်နေမှာ၊
ပေါ်နေတာပါ။ ကိုယ့်မှာ မပြည့်စုံဘဲနဲ့လည်း မရေးချင်ပါနဲ့ဦး။ ပထမ
အသိပြည့်စုံအောင် ဆည်းပူးလေ့လာပါဦး။ ကဲ သမီးတို့ သားတို့ မြေးတို့
မင်းတို့ စာရေးချင်တယ်ဆိုတာ ဘာကိုရေးချင်တာလဲ ။ ဘာကြောင့်ရေးချင်တာလဲ။
မင်းတို့မှာ ရေးစရာတွေ ဘာတွေများရှိနေပြီလဲ။
ဒီအမေးတွေကို ကျေနပ်လောက်တဲ့အဖြေရရင် စမ်းရေးကြည့်ကြပေါ့ကွယ်။

ဧပြီလ၊ ၂၀၀၄ ခုနှစ်
( လူထုဒေါ်အမာ)

2 comments

  • zawana

    January 22, 2011 at 11:30 pm

    စာရေးဝါသနာပါတဲ့ ကျနော့်အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အမေဒေါ်အမာရဲ့ ဩဝါဒပါပဲ ခင်ဗျား … အခုလို ဖော်ပြပေးတဲ့ အတွက် ကျေးဇူးအထူး တင်ရှိပါတယ် ….

  • monmon

    January 23, 2011 at 3:05 am

    တကယ်ကို တန်ဖိုးရှိတဲ့ စာပါ… ကျေးဇူးတင်ပါတယ်…

Leave a Reply